Naing Oo Nyo (Phoe Zero) - Poem

ဘယ်ကိုသွားမလဲမောင်ရေခဲ
နိုင်ဦးညို (ဖိုးဇီးရိုး)
ဇွန် ၂၄၊ ၂၀၁၃



ဟိုနားမှတဲ့ တစီစီ
ဒီနားမှာတဲ့ တစီစီ
ညံညံစီပါလို့ မစဲ
အဲဒါ ဒီဘက်ခေတ်၊

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဟိုခေတ်ခါရှေးတုန်းက
ကြားဖူးခဲ့ခေတ်၊

ဒဏ္ဍာရီပုံပြင်ထဲမှာ
မောင့်ကိုထားရစ်ခဲ့
အဲဒါရုပ်ရှင်
မဟုတ်တော့ဘူး
မနေ့တနေ့ကခေတ်၊

ပြောစကား နားထောင်
ထောင်မလဲ သဲကော်ခေတ်
ဟိုတုန်းက ရှိခဲ့ဖူးတယ်
အခုခေတ် ထောင်နဲ့လဲ
သဲကော်တာ များလာတဲ့ခေတ်၊

ပြောမယုံ ကြုံဖူးမှသိ
ထောင်မကြောက်
တန်းမကြောက်လို့
ဖူးဖူးမှုတ်ထားတဲ့ခေတ်၊

ခါနွေတပေါင်းမှာ
ခါနွေတပေါင်းမှာ
……………..
ကြာခဲ့ပြီဆိုပေမဲ့
မေ့မရနိုင်တယ်၊

ဒါဟာ …. သီချင်း
မဟုတ်ဘူး၊
မဟုတ်ဘူး၊

မေ့ထားလို့
မေ့ထားလို့ရရင်
ကောင်းတယ်၊

သမိုင်းဆိုရင်နောက်ပြန်မသွားဘူး၊
ရဟန်းဆိုရင်ညစာမစားဘူး၊

အခုတော့
အခုတော့၊

ညစာစားနေသူလည်းရှိရဲ့
နောက်ပြန်သွားနေသူလည်းရှိရဲ့၊

ကျောက်ခေတ်သံခေတ်
ကြေးသွန်းတဲ့ခေတ်
အမှောင်လွှမ်းတဲ့ခေတ်
ယောင်ယမ်းတဲ့ခေတ်
အညှော်မိနေတဲ့ခေတ်၊

မောင်ရေခဲတွေ
မောင်ရေခဲတွေ
မောင်ရေခဲတွေများ၊

ဘယ်သွားမလို့လဲ
မောင်ရေခဲ
ဈေးသည်ဈေးဝယ်

စုံလို့ကွယ်  ၊   ။။။

Comments