သည်အရပ်
ရဲဝင့်သူ
ဇွန် ၆၊ ၂၀၁၃
ဒီအရပ်မှာ
ဓါတ်မလိုက်တဲ့
ပလက်ပေါက်တွေရှိသလို
ကြမ်းကျိုးကျတဲ့
စာသင်ကျောင်းတွေရှိတယ်
ဒီအရပ်မှာ
စပါးစိုက်ခွင့် မရတဲ့
စပါးခင်းတွေ ရှိသလို
မီးလောင်ခွင့် ရှိတဲ့
မီးခိုးဗုံးတွေ ရှိတယ်
ဒီအရပ်မှာ
တန်ဖိုးကြီးအတွက်
စောစောတန်းစီကြသလို
တန်ဖိုးနည်းအတွက်
တညလုံး တန်းစီကြသူတွေရှိတယ်
ဒီအရပ်မှာ
အိမ်တွေ မိုးပေါ်ထိုးသွားနေသလို
မြေလျှိုး တိုးသွားနေတဲ့
စိတ်ဓါတ်တွေရှိတယ်
ဒီအရပ်မှာ ရှိတယ်
Comments