Aung Way - Poem

ဒ ဂု န် တာ ရာေ နွ ဦး ( ၈ )
အောင်ဝေး
ဇူလိုင် ၂၃၊ ၂၀၁၃



“မည်သို့ ပင်ဖြစ်စေ
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူလေ”
                         (မောင်လေးအောင်)

အေးမင်းစောရေ
ညီလေးရေ...။

ဦးနေ၀င်းသေတယ်
မောင်လေးအောင်မသေဘူး။

မန်းချောင်းလရောင်
ခွေးတစ်ဟောင်
သောင်စွန်းလို့ ထွန်း
ကျွန်းမကြီးကျွန်း။

ဧရာဝတီရယ်
မလွမ်းဘူးလား။

မင်းဘူးစား
မကွေးစား
ရေနံချောင်းစားတို့ ရေ
မလွမ်းဘူးလား။

ရဲဘော်တို့ ရေ
တစ်ခုလုံးကိုသာလွမ်း။

လေရိုင်းတွေ ပတတ်ရပ်
ကိုင်းတောကြီးပေါ်မှာ
နွေဦးက တဖျပ်ဖျပ်။

ဘ၀အလွမ်းအမောဇာတ်
ကဗျာတောကြီးထဲမှာ
နွေဦးက တလှပ်လှပ်။

နောက်ထပ် ငါးမိနစ်ဖြစ်ဖြစ်
(ငါးနှစ်ဖြစ်ဖြစ်)
ဆက်ပြီး တောင့်ခံနိုင်ရင်
တို့ -
ကဗျာသမ္မတနိုင်ငံတော် တည်နိုင်မယ်။

အာဏာရှင်တွေ သေတယ်
ကဗျာဆရာတွေ မသေဘူး။


သမ္မတကြီးမောင်ရန်ပိုင်
အဓွန့် ရှည်ပါစီ။

သမ္မတကြီးမောင်ချောနွယ်
အဓွန့် ရှည်ပါစီ။

သစ်ကောင်းအိမ်ကတော့
သတိပေးနေပြီ

“ရန်သူက အမေရိကအထိ
တက်စီးထားပြီ” တဲ့။

နွေဦးက
ဝတ်ညှာရွှေငယ်လေ
လေညင်းခူး
ကတုတ်ကျင်းတွေနက်နက်တူးမှ
ပန်းဖူးမယ်ဆိုရင်...။

ဘာပဲဖြစ်ဖြစ်
ကျန်းမာအောင်သာနေပါ။

ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်
နေတာဟာလည်း
ဒဂုန်တာရာကို ဂုဏ်ပြုရာကျတာပါပဲ ညီလေးရေ။      ။

Comments