Aung Way - Poem

ဝ င်းေ မာ် ဦး သို့  ေ ရႊ ၀ါ ေ ရ ာ င် တ မ်း ချ င်း (၂)
အောင်ဝေး
သြဂုတ် ၂၈၊ ၂၀၁၃



ဘာ့ကြောင့်ရွှေဝါရောင်လဲ။

ဝင်းမော်ဦးရေ...
ရွှေဝါရောင်ရေ...။

ရွှေဝါရောင်ဟာ
ပင်လယ်ကိုလက်ပစ်ကူးခဲ့သူတွေ
နောက်ထပ်ကန္တာရကိုဖြတ်ရတာပဲ။

ဝန်ခံပါတယ်
ရွှေဝါရောင်မှာ
သမ္မတသုံးယောက်
ဖြုတ်မချနိုင်ခဲ့ပါဘူး။

ဝန်ခံပါတယ်
ရွှေဝါရောင်ဟာ
အောင်မြင်တဲ့တေးတစ်ပုဒ်
မဟုတ်ခဲ့ပါဘူး။

ဒါပေမဲ့
ရွှေဝါရောင်ဟာ
သွေးစွန်းခဲ့တယ်။

အသည်းနာ ကမ္ဘာမကြေ
မျက်ရည်ဝေခဲ့တယ်။

သမီးရေ...
ဝင်းမော်ဦးရေ...။

သမီးဝိညာဉ်က
မီးကူးစက်
ရွှေဝါရောင်အိပ်မက်ဟာ
နွေဦးကို ဆက်မက်ခဲ့။

ခိုင်ထူးရေ...
တချို့ တွေ နေနိုင်လွန်းတယ်။

လမ်းပေါ်မှာ
ဝင်းမော်ဦးရဲ့ သွေးတွေ
မချောက်သေးဘူး။

လမ်းပေါ်မှာ
လမ်းပေါ်မှာ
ပင်လယ်တည်မယ့်သွေးတွေ

မခန်းသေးဘူး။

ကျဆုံးသူတို့ ဝိညာဉ်တွေ
တစ်ယောက်အလောင်း
တစ်ယောက်ထမ်း
ငြိမ်းချမ်းရာဆီ လျှောက်လှမ်းနေဆဲ။

ရွှေဝါရောင်ရေ...
ငြိမ်းချမ်းရေးကိုဘယ်သူဖျက်ဆီးနေလဲ။

ငြိမ်းချမ်းရေးဟာ
သွေးနဲ့ မျက်ရည်လား။

၂၅ နှစ်ကြာတဲ့တိုင်
အမျှမဝေနိုင်သေးတဲ့
တိုင်းပြည်။

ဗိုလ်စိန်မှန်ပြောသလို
ပင်လယ်ထဲထိုးလွှတ်ပစ်ဖို့ သာကောင်းတဲ့
တိုင်းပြည်။

ဒီတိုင်းပြည်မှာ
အရှားဆုံးက
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပဲ။

ဒီတိုင်းပြည်မှာ
အပေါဆုံးကလည်း
ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပါပဲ။

တချို့ က
အပြောင်းအလဲ၊ အပြောင်းအလဲနဲ့ 
မောင်းကွဲကြီးထု။

တချို့ က
မရိုးမရွ
သူခိုးဓားပြနဲ့ 
အတိုးချပူးပေါင်း
ဒူးထောက်ခေါင်းညိတ်။

တချို့ က
ငါးသလောက်။

တချို့ က
ဖျံဖမ်းသမား။

တချို့ က
ပဉ္စမံတပ်သား။

တချို့ က...
တချို့ က...။

ရွှေဝါရောင်ရေ...
ဝင်းမော်ဦးရေ...။

ဗမာပြည်စစ်အာဏာရှင်စနစ်ဟာ
နှစ်ပေါင်း(၅၀)ကျော်လာ
ကမ္ဘာမှာမရှိဘူး။

ငြိမ်းချမ်းရေးလိုချင်ရင်
အလင်းဝင်၊ လက်နက်ချ၊ အညံ့ခံ။

ရန်သူက
(ဘုံရန်သူက)
အဲဒီလိုကြည်ဖြူတယ်။

နောက်ဆုံးတော့
အပစ်ရပ်တော့
အပြတ်ရစ်ခံရ။

ခြံစည်းရိုးက
ချိုးလည်ပြောက်ကလေး
အရက်နဲ့ မြည်းတာပဲအဖတ်တင်တယ်။


(ဆက်ပါဦးမည်)

Comments