Kyaw Home - Poem

ဆရာမင်းလူ (သို့မဟုတ်) မရဏမင်း မသတ်နိုင်တဲ့ ဝိညာဉ်
ကျော်ဟုန်း
သြဂုတ် ၁၇၊ ၂၀၁၃



ဆရာမင်းလူ ...
ကျနော်လေ...ပြည်ပမှာ
ပြည်ပမွေး
ကျနော်တို့ တိုင်းရင်းသားကလေးငယ်တွေကို
မြန်မာစာနဲ့ ယဉ်ကျေးလိမ္မာသင်တန်း  သင်နေတယ်ဆရာ
အရိပ်ကောင်းမယ်ထင်တဲ့ ညောင်ညိုရပ်မှာ
ကလေးငယ်တွေ နောင်ရေးအတွက် စာသင်
ဒီ တခွင်က ဘီလူးတို့ ရွာဖြစ်နေ
သားလုပွဲ ကလေးလုပွဲ နွှဲ - တန်ပြန်နေရတုန်း
သြဂုတ် ၁၄၊ ၂၀၁၃၊ ည ၁၁ နာရီကျော် မှာ
ဆရာဆုံး သတင်း လျဉ်းလျဉ်း ကျနော် မသိခဲ့။

မိုးမခ ကိုဖွင့်
စာစု အချို့ ကို အချိန်လု ခဏဖတ်မိ
ရင်အတိမောလျခဲ့ပေါ့
ကျနော့် ဖေ့စ်ဘွတ်ခ်မိတ်ဆွေထဲက
ဂုဏ်သရေရှိ လူကြီးမင်းကြီး ဆုံးရှုံးခဲ့မှန်းသိရ
ရုတ်တရက် ရင်လှိုင်းထန်ခဲ့ပြီ
ကြွေတယ် ဆရာရေ...။

မကြွေ ခံနိုင်ရိုးလား
ဗမာ့လူထု ဘဝအမောတွေကို
ဆရာမင်းလူ စာတွေ စေတနာတွေက
အထေ့ အသောတွေနဲ့  လွှမ်းမိုးအုပ်ပေးတတ်သူလေ။

ဆရာ့ စာတွေ
ပြည်သူ လူတန်းစားစုံကို ကိုယ်စားပြု
ဒါတင်မကသေး
(၈၈) ဒီမိုလူထုအရေးတော်ပုံတုန်းက
စစ်အာဏာရှင်တွေကို ထိုးနှက်တဲ့ ဆရာ့ကဗျာ
အာဏာရှင်တွေ ဖင်သိမ့်တုန်ဖူးခဲ့ပေါ့
ကဗျာတပုဒ်ဟာ ကျည်အထုပ် ရာထောင်သောင်းမက ပြင်း
သမိုင်းဝင်တဲ့ စာပေပညာရှင်
တာဝန်ကျေတဲ့ ဆရာမင်းလူ။

သခင်ဖေသန်း(စွယ်စုံအနုပညာရှင် ဦးသာဓု)
သဘာဝအုပ်စုရဲ့ နို့ ညှာသား
သဘာဝကို မလွန်ဆန်နိုင်ရင်း ကြွေ
ဆရာမင်းလူ ကြွေ
ဗမာပြည် စာဖတ်သူတွေလဲကြွေ
စာပေနယ်သားတွေလဲ ကြွေ
ဆရာ့ မိသားစုလဲ ကြွေ
ကျနော်လဲ ကြွေ

ကြယ်ကြွေတာ ဝမ်းမသာနိုင်တာ အပြစ်လား
အသည်းခိုက်အောင် ကြွေပြီးရင်း ကြွေပါတယ်ဆရာ။

ဟေ့ကောင် မရဏမင်း
မင်း တော်တော်လွန်နေပြီနော်...
လူ့ လောကထဲမှာ
လူကောင်းတွေဆိုရင် စောစောကြီးပြန်ခေါ်
လူတော် တချို့ နဲ့ 
လူဖျင်းလူညံ့ လူ့ အန္ဓတွေကြ အကြာကြီးထား
ကမ္ဘာဖျက်ဖို့ ကြံနေလေရော့သလား။

မှတ်ထားစမ်း ... မရဏမင်း ...
လူကောင်းတွေကို မင်းအသက်နှုတ်သွားပေမယ့်
သူ့ တို့ ဝိညာဉ်တွေက ဘယ်တော့မှ မသေ

ဆရာမင်းလူ ဝိညာဉ်လဲ ဘယ်တော့မှ မသေ။         ။

Comments