Maung Yin Nga Tay - The Eiffels in around world (Part -1)

ရောက်တတ်ရာရာ အတိုအစများ (ကမ္ဘာတလွှား အီဖယ်များ - ၁)
မောင်ရင်ငတေ
သြဂုတ် ၂၄၊ ၂၀၁၃


ပါရီအီဖယ်အချိုးအစား


၁၈၈၉ ခုနှစ်မှာ ပြင်သစ်ပြည် ပါရီမြို့မှာရှိတဲ့ အီဖယ်မျှော်စင်ကြီးကို စတင် ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှာအီဖယ်မျှော်စင်ကြီးရဲ့ အနုပညာ လက်ရာမြောက်မှု ဗိသုကာပညာ ပြည့်ဝမှု လှပခံ့ငြားမှုများကြောင့် တခြားတခြားသော နိုင်ငံများမှ အီဖယ်မျှော်စင်ကို ကြိုက်နှစ်သက်ကြသောသူများက သူတို့အရပ် သူတို့ဒေသတွေမှာလည်း အီဖယ်မျှော်စင် ပုံစံတူများကို ဆောက်လုပ်လာခဲ့ကြပါတယ်၊ မူရင်းပါရီရဲ့ အီဖယ်က ၃၂၄ မီတာ မြင့်ပြီး လေးဘက်လေးတန် အောက်ခြေတိုင်များကလွဲလို့ သံမဏိများနဲ့သာဖွဲ့စည်းတည်ဆောက်ထားတာပါ၊ မူလပထမ တည်ဆောက်ခဲ့စဉ်က ယာယီသဘောနဲ့ ပြပွဲကာလမှာ ဖြစ်ပေါ်တိုးတက်လာနေတဲ့ သံမဏိနဲ့ စက်မှုနည်းပညာကို ပြသဖို့သာ ရည်ရွယ်ခဲ့ပေမယ့် ပြပွဲ စတင် ခဲ့ပြီး တလအတွင်းမှာ ပါရီအီဖယ်ပေါ်ကို အခကြေးငွေပေးပြီး တက်ရောက်လေ့လာခဲ့ကြသူတွေက မမျှော်လင့်လောက်အောင်ဘဲ များပြားခဲ့တာကြောင့် ဒီကနေ့ခေတ်ထိ နှစ်ပေါင်း ၁၂၀ ကျော်ကြာထိ တည်ရှိနေခဲ့တာဖြစ်ပါတယ်၊ ဒီမျှော်စင်ပေါ် တက်ဖူးချင်တဲ့သူတွေ များပြားလွန်းလို့ တနှစ်ပတ်လုံးမှာ ပိတ်ရက်မရှိ ဖွင့်ထားပါတယ်၊ မျှော်စင်ထိပ် အပေါ်ဆုံး သုံးထပ်အထိ တက်ရောက်ချင်တယ်ဆိုရင် တယောက်ကို ၁၄ ယူရိုပေးရမှာဖြစ်ပြီး အခုလို ဥရောပရဲ့ နွေရာသီကာလ မျှော်စင်ပေါ်တက်ရဖို့ကို တန်းစီနေသူတွေ မျှော်စင်အောက်မှာ များပြားစွာ တွေ့မြင်ရမှာ ဖြစ်ကြောင်းပါ၊ စောင့်ဆိုင်းရချိန်က တနာရီကျော် နှစ်နာရီမက ကြာနိုင်ကြောင်းပါ၊ မျှော်စင်မှာ အထပ်သုံးထပ်ပါဝင်ပြီး ၅၇ မီတာမြင့်တဲ့ ပထမထပ်မှာ လူပေါင်း ၂၅၀၀ ခန့် ဆန့်ပါတယ်၊ ဒုတိယထပ်ကတော့ ၁၁၅ မီတာ အမြင့်မှာရှိပြီး လူ ၁၆၀၀ ကျော်ခန့် ဆန့်ပါတယ်၊ ၂၇၆ မီတာမြင့်ပြီး ၃၅၀ စတုရန်းမီတာကျယ်တဲ့ တတိယအထပ်မှာ လူလေးရာခန့် ဆန့်ပါတယ်၊ ကောလဟာလ သတင်းတွေအရ ပါရီအီဖယ်ရဲ့ တတိယထပ်အပိုင်းကို ရုရှားက ခရိုနီလက်သစ် တယောက်ဆီမှာ ရောင်းချထားတယ်ဆိုတာပါ၊ သက်ဆိုင်ရာ မြို့တော်ဝန် ကတော့ အကြောက်အကန် မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်တဲ့၊ ထုံးစံပါဘဲပေါ့နော်၊ ရုရှားက ခရိုနီလက်သစ်တွေဟာ ပါရီအီဖယ်ကို ဝယ်နိုင်တာ မဝယ်နိုင်တာကို သေသေချာချာ မသိနိုင်ပေမဲ့ ယူရို သုံးဆယ်တန် ရှန်ပိန်တပုလင်းကို ယူရို ခုနှစ်ရာ ရှစ်ရာ လူအထင်ကြီး ခံရမလားဆိုပြီး ပေးဝယ် သောက်နေတာကိုတော့ လက်တွေ့ရောင်းချရသူ ရွှေပြည်တော်သားတဦးက ပြောဆိုရှင်းပြခဲ့တာကို မှတ်မှတ်သားသား ဖြစ်မိရပါတယ်၊

ပါရီမြို့က အီဖယ်မျှော်စင်

ပါရီအီဖယ်မျှော်စင်ဟာ တည်ဆောက်ပြီးစီးခဲ့တဲ့ အချိန်ကစလို့ နောက်နှစ်ပေါင်း လေးဆယ် ၁၉၃၀ ခုနှစ်ထိတိုင်အောင် ကမ္ဘာ့မှာအမြင့်မားဆုံး အဆောက်အဦတခု ဖြစ်ခဲ့တာပါ၊ အီဖယ်မျှော်စင်ပေါ်ကို ရောက်ခဲ့ဖူးသူ အရေအတွက်ကတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ သန်းသုံးရာပြည့်မယ်လို့ တွက်ထား ကြပါတယ်၊ အခုထိတော့ သန်း ၂၅၀ ကျော်ခဲ့ပြီလို့ မှတ်တမ်းများမှာ ရေးသားထားပါတယ်၊ သုံးလေး ငါးခေါက် တက်ရောက်ဖူးသူတွေ အီဖယ်မှာ အလုပ်လုပ်နေသူတွေရဲ့စာရင်းပါ အဲဒီမှတ်တမ်းများမှာ ပါဝင်နေတာလားကတော့ မှတ်တမ်း ရေးသူများတောင်မှ သိပါလေစ၊


ပါရီမြို့က အီဖယ်မျှော်စင်ထိပ်ဖျား


တကမ္ဘာလုံးမှာ အီဖယ်မျှော်စင်ပုံတူ အခု ၃၀ ကျော်ရှိတယ်လို့ဆိုပါတယ်၊ တချို့သော မျှော်စင်များ ကတော့ ထပ်တူထပ်မျှ ပုံစံရော အချိုးအစားပါ တူအောင် ဆောက်လုပ်ထားကြပြီး တချို့ကတော့ ဆောက်လုပ်ပုံ နည်းစနစ်သာ တူညီကြတာပါ၊ ကမ္ဘာပေါ်မှာ အဲဒီလိုမျိုး အီဖယ်မျှော်စင် ပုံစံတူများ ရှိနေသလို ပါရီမြို့နဲ့ အမည်တူ မှည့်ခေါ်ထားတဲ့ မြို့ကလေးများလည်း ၃၀ ကျော်ခန့် ရှိပါတယ်တဲ့၊ အများအားဖြင့်တော့ အမေရိကန်ပြည်မှာ ရှိကြပါတယ်၊ အမေရိကန်နိုင်ငံ တဝှန်းမှာ ပါရီမြို့အမည် မှည့်ခေါ်ထားကြခြင်းကတော့ အဲဒီခေတ်ကာလက အမေရိကကို ပြောင်းရွှေ့အခြေဆိုက် နေထိုင်ခဲ့ ကြသူတွေ အများစုက ဥရောပတိုက်သား အင်္ဂလိပ်တွေ ပြင်သစ်တွေ ဂျာမန်တွေ ဒတ်ခ်ျလူမျိုးတွေ အများစုပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဥရောပကုန်းမကြီးပေါ်က အမေရိကမြေကို ပြောင်းရွှေ့ပြီး အခြေစိုက် နေထိုင်ကြခဲ့သောသူတွေဟာ မိမိရောက်ရှိနေထိုင်ရာ နယ်မြေဒေသသစ်တွေကို အမည် မှည့်ခေါ်ကြရာမှာ မူလလက်ဟောင်း မိမိနေထိုင်ခဲ့ရာ ဒေသတွေကို သတိတရဖြစ်ပြီးတော့ အဲဒီလို ပါရီမြို့ ဆိုပြီးတော့ မှည့်ခေါ်ခဲ့ကြတာကြောင့် ဒီကနေ့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တိုင်းမှာလိုလို ပါရီမြို့နဲ့ အမည်တူမြို့များ ပေါ်ထွန်းလာခဲ့ရခြင်းပါ၊

Eiffel tower, Michigan, USA


အမေရိကန်ပြည်နဲ့ ကနေဒါနယ်စပ်အနီးက Michigan ပြည်နယ်မှာရှိတဲ့ Paris Township လို့ခေါ် ဆိုကြတဲ့ မြို့ကလေးမှာတော့ လူဦးရေ ၅၀၀ ကျော်သာ နေထိုင်ပါတယ်၊ အဲဒီမြို့ကလေးမှာလည်း ပေနှစ်ဆယ်မျှသာ မြင့်မားတဲ့ အီဖယ်တာဝါ သေးသေးလေးတခု ရှိနေပါတယ်၊ ၁၉၈၀ ခုနှစ်နောက် ပိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်၊ ဒီမျှော်စင်ပိစိလေးက မောင်ရင်ငတေ့ စိတ်မှာတော့ အချိုးအစား ကျနလှပတယ်လို့ တွေးမိပါတယ်၊

København Zoo tårn


ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မှာလည်း အီဖယ်မျှော်စင်တခု ရှိပါတယ်၊ ပါရီကအီဖယ်နဲ့တော့ သိပ်တော့မတူပေမဲ့ အီဖယ်ပုံတူ အုပ်စုစာရင်းထဲမှာ ပါဝင်နေပါတယ်၊ ၁၈၅၉ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့တဲ့ ဥရောပမှာ ရှေးအကျဆုံးသော ကိုပင်ဟေဂင် တိရစ္ဆာန်ရုံဝန်းထဲမှာ ရှိပါတယ်၊ Copenhagen Zoo Tower လို့ ခေါ်ဆိုကြတဲ့ အမြင့်ပေ ၁၄၇ ပေရှိတဲ့ ထိုမျှော်စင်ကြီးကို ၁၉၀၅ ခုနှစ်မှာ ဆောက် လုပ်ခဲ့ပြီး သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်တခု ဖြစ်ပါတယ်၊ မောင်ရင်ငတေမျက်လုံးထဲမှာတော့ အီဖယ်ပုံတူတွေထဲမှာ ရုပ်အဆိုးဆုံးပုံစံမကျဆုံးလို့သာ ထင်မိပါတယ်၊ ဒိန်းမတ်ပြည်မှာနေတဲ့ ဒိန်းမတ်သူ ဒိန်းမတ်သားတွေကလည်း သဘောတူနိုင်လိမ့်မယ်လို့ ထင်မိကြောင်းပါ၊ ပါရီအီဖယ်နဲ့က အောက်ခြေပိုင်းတော့ တူညီပါတယ်လို့ ဆိုကြပါတယ်၊ အဲဒီမျှော်စင်ရဲ့ ထူးခြားချက် ကတော့ မျှော်စင်တခုလုံးကို သစ်သားနဲ့ ဖွဲ့စည်းတည်ဆောက်ထားခြင်းပါ၊ အဲဒီမျှော်စင်တည်ရှိရာ တိရစ္ဆာန်ရုံကို နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူပေါင်း တသန်းကျော်ရှိပါတယ်တဲ့၊ ဒိန်းမတ် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့ နေရာဒေသတခုဖြစ်ပြီး တိရစ္ဆာန်မျိုးကွဲပေါင်း ၂၅၀ လောက်နဲ့ အကောင်ရေ သုံးထောင့်ငါးရာကျော် ရှိပါတယ်၊

Eiffel Tower, Window of the World, Shenzhen,China

ပါရီအီဖယ်နဲ့ လုံးဝနီးပါးမျှ ပုံစံတူအောင် တည်ဆောက်ထားတဲ့ မျှော်စင်ကတော့ တရုတ်ပြည်မကြီး ဘက်အခြမ်း ဟောင်ကောင်မြို့ အနီးက Shenzhen မြို့မှာရှိပါတယ်၊ အဲဒီဒေသဟာ စက်မှုဇုံတွေနဲ့ စည်းကားလာခဲ့ပြီးနောက် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ဆိုပြီး Window of the World အပန်းဖြေ ဥယျာဉ်ကြီးကို ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်က ထင်ပေါ်ကျော်ကြားတဲ့ အဆောက်အဦ ၁၃၀ ကျော်ကို ထည့်သွင်း တည်ဆောက်ခဲ့ပါတယ်၊ အဲဒီအရပ်ဒေသမှာ မူလလက်ဟောင်း အထိမ်း အမှတ်အဖြစ် ပြသစရာတွေ များများစားစား မရှိလို့များလားလို့ မောင်ရင်ငတေ တွေးမိပါတယ်၊ ပါရီအီဖယ်နဲ့ ပုံစံတူရုံမျှမက ပါရီအီဖယ် အနီးအနားမှာတည်ရှိနေတဲ့ အခြားအဆောက်အဦများကိုပါ ထည့်သွင်းဆောက်လုပ်ထားခြင်းပါ၊ အချိုးအစားကတော့ ပါရီအီဖယ်ရဲ့ သုံးချိုးတချိုးရှိပြီး အမြင့်ပေ သုံးရာ့ငါးဆယ်လေးပေရှိပါတယ်၊ အခြားသောကျော်ကြားထင်ရှားတဲ့နေရာ ပုံတူများကတော့ အီဂျစ် ပိရမစ်များ အိန္ဒိယ တပ်ခ်ျမဟာ အပါအဝင် တခြားကမ္ဘာအရပ်ရပ်က ထင်ရှားတာတွေ အကုန်နီးပါး ပါဝင်ပြီး ထူးထူးခြားခြား တွေ့ရတာကတော့ မောင်ရင်ငတေတို့ရဲ့ ရွှေမြို့တော်ဟောင်းက နှစ်ပေါင်း ၂၆၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရွှေတိဂုံဘုရားပုံစံတူပါ ပါရှိကြောင်းပါ၊

Eiffel Tower of Tiandu City Community, Hangzhou, China

တရုတ်ပြည်မှာ အခြားသော ပုံတူ အီဖယ်မျှော်စင်များလည်း ရှိပါသေးတယ်၊ ရှန်ဟဲမြို့နဲ့ ကီလိုမီတာ ၂၀၀ လောက်အကွာမှာ Hangzhou ခေါ်တဲ့ တရုတ် ရှေးဟောင်းမြို့ကြီးတမြို့ ရှိပါတယ်၊ ၁၃ ရာစု အကုန်ပိုင်းက Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄) ရောက်ရှိခဲ့တဲ့မြို့လို့ ဆိုကြပါတယ်၊ ဒီ ရှေးဟောင်းမြို့ရဲ့မြို့စွန်မှာ Tiandu Cheng ရပ်ကွက်သစ်ကြီး တခုရှိပါတယ်၊ အဲဒီ ရပ်ကွက်သစ်ကို ပါရီမြို့က နာမည်ကျော် အဆောက်အဦ ပုံစံတူတွေ သာမက လမ်းတွေ တိုက်တွေ ပန်းခြံလေးတွေ ကစားကွင်းလေးတွေကအစ ပုံစံတူတွေ ဖန်တီးထားပါတယ်၊ မိတ်အင်ချိုင်းနားဆိုတာက ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းတွေသာမက မြို့တမြို့ကိုပါ ပုံစံတူ ဖန်တီးထားနိုင်ခြင်းပါ ခင်ဗျာ၊ ဝမ်းနည်း ရမှာလား ဝမ်းသာရမှာလား ဆိုတာကတော့ တကယ့်ကို ပါရီဇီယန် ပါရီမြို့သားစစ်စစ် တယောက်နဲ့ တွေ့ရရင်တော့ မောင်ရင်ငတေ မေးကြည့်လိုက်ပါအုံးမယ်၊ အခုလောလောဆယ်တော့ မဖြစ်နိုင်ဘူး၊ မောင်ရင်ငတေတို့လို ကောင်မျိုးတွေက ခပ်တည်တည်နဲ့ ပါရီဇီယန်ယောင် ဆောင်ထားတာတွေဘဲမဟုတ်ပါလား၊ ပါရီဇီယန်စစ်စစ် ဆိုတာကလည်း မန်းဒလေးသားစစ်စစ် ဆိုတာထက်တောင် ရှားပါးကုန်ဖြစ်နေပါပြီ၊

Tiandu Cheng, Sky Capital City in the far suburban outskirts of Hangzhou

အဲဒီ Tiandu Cheng ရပ်ကွက်ကြီး သို့မဟုတ် မြို့လေးတမြို့လောက် အရွယ်အစားရှိတဲ့ နေရာမှာ ၃၅၄ ပေ အမြင့်ရှိတဲ့ (Shenzhen အီဖယ်ကလည်း ဒီအမြင့်ပါဘဲ) အီဖယ်မျှော်စင်အပါအဝင် ပါရီမြို့ ပုံတူကို ၂၀၀၇ ခုနှစ်က စတည်ခဲ့တာပါ၊ ရှန်ဟဲမြို့ကနေ နေ့ချင်းပြန်ခရီး သွားလည်လို့ ရပါတယ်တဲ့၊ ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ကြီးရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အရှိန်အဝါကြီးမား လာမှုကို ပြသနိုင်ဖို့ရယ်နဲ့ ချမ်းသာတဲ့ တရုတ်လူတန်းစားတွေ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့အထိ သွားစရာမလိုပါဘဲနဲ့ လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်း ဥရောပလူနေမှုစရိုက်ကို သိရှိနိုင်စေရန်လို့ ဒီလို တရုတ်ပါရီ စီမံကိန်းကို ဆောက်လုပ်တဲ့ လုပ်ငန်းရှင်ကြီးက ရှင်းပြထားတာကိုလည်း မှတ်သား ဘွယ်ရာ သိရှိရပါတယ်ဗျာ၊ ဘယ်လိုဘဲဖြစ်ဖြစ် မောင်ရင်ငတေတို့လည်း ရှန်ဟဲမြို့ကို ရောက်ရှိခဲ့ရင် မသွားမဖြစ်သွားရမယ့် တနေရာလို့ သတ်မှတ်ထားရမှာပေါ့နော်၊ အဲတရုတ်ပါရီမြို့လေးမှာ လူဦးရေ တသောင်းလောက် ချောင်ချောင်ချိချိ နေနိုင်ပါတယ်တဲ့၊ တရုတ်လူငယ်ကလေးတွေရဲ့ ပေါ်ပြူလာ ဟန်းနီးမွန်းအိပ်မက် နေရာတနေရာလည်း ဖြစ်နေပါပြီ၊ အဲဒီ တရုတ်ပါရီမြို့လေးနဲ့ မနီးမဝေးမှာဘဲ လစ်တဲလ်လန်ဒန်ခေါ် Thames Town ဆိုတဲ့မြို့လေးကိုလည်း တည်လို့ပြီးပါပြီ၊ အီတလီစတိုင်လ် ဂျာမန်စတိုင်လ် မြို့တွေလည်း ရှိနေပါပြီလို့ ဆိုကြတဲ့အပြင် နောက်များမကြာခင်တော့ လစ်တဲလ် ဆယ့်ကိုးလမ်းတို့ လစ်တဲလ်မောင့်လက်ပဒေါင်းတို့လို နေရာပုံတူတွေလည်း မပေါ်လာနိုင်ဘူးဆိုပြီးမပြောနိုင်ပါဘူး မဟုတ်ပါလား၊

အင်္ဂလန်ဘလက်ပူးအီဖယ် Blackpool Tower

၁၈၈၉ ခု မတ်လ ၃၁ ရက်နေ့မှာ တရားဝင် စတင်ဖွင့်ခဲ့တဲ့ အီဖယ်မျှော်စင်ဖွင့်ပွဲနဲ့အတူ တပြိုက်နက် ပြုလုပ်ခဲ့တဲ့ Exposition universelle de Paris ပွဲတော်ကြီးကို ရောက်ရှိလာတဲ့ အင်္ဂလန်နိုင်ငံက Blackpool မြို့တော်ဝန်နဲ့အဖွဲ့ဟာ  Blackpool မြို့ကို ပြန်ရောက်ပြီးတဲ့အခါမှာ Blackpool Tower ကို အီဖယ်မျှော်စင်နဲ့ တူအောင် ဆောက်လုပ်ခဲ့ပြီး ၁၈၉၄ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်၊ ပါရီက အီဖယ်မျှော်စင်နဲ့ အဓိကခြားနားချက်ကတော့ ဘလက်ပူးမျှော်စင်က အောက်အခံ အဆောက်အဦး တခုပေါ်မှာ ထပ်တင်ဆောက်ထားတာဖြစ်ပြီး ပါရီအီဖယ်ရဲ့ ထက်ဝက်ခန့် ၅၁၈ ပေကျော် မြင့်မားပြီး ပါရီအီဖယ်ကို အထက်ပိုင်းဖြတ်ပြီး ဆောက်ထားတဲ့ပုံပါ၊ ဘလက်ပူးအီဖယ်က ဘလက်ပူးအပန်းဖြေ ဥယျာဉ်ကြီးထဲမှာ တည်ရှိပါတယ်၊ ဘလက်ပူးမြို့ကတော့ အင်္ဂလန်ပြည်ရဲ့ အနောက်မြောက်ဒေသ လီဗာပူးမြို့ မန်ချက်စတာမြို့ တို့နဲ့ မိုင်သုံးဆယ်ကျော် လေးဆယ်သာ ကွာဝေးပြီး အိုင်းရစ်ပင်လယ် ကမ်းခြေက သာယာလှပတဲ့ အပန်းဖြေမြို့လေး တမြို့ပါ၊ ခရီးသွားလုပ်ငန်းတွေ အပေါ်မှာ အဓိက မှီခိုအားထားနေတဲ့ မြို့တမြို့ဖြစ်သော်လည်း အခုအခါမှာတော့ တစတစ ကျဆင်းနေတဲ့ ဘလက်ပူး ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ဖို့ လုပ်နေရပါတယ်တဲ့၊ သူတို့တွေရဲ့ ကျဆင်းနေတဲ့ ခရီးသွား လုပ်ငန်းဆိုတာ တနှစ်ကို ခရီးသည် ၁၇ သန်းကျော် လာနေရာကနေ ကျဆင်းလာတာကို ပြောတာ ဆိုတာကိုတော့ သတိပြုမိဖို့ရာ လိုပါတယ်၊ လာမယ့် ၂၀၁၄ ခုနှစ်မှာ နှစ်ပေါင်း ၁၂၀ ပြည့်တော့မယ့် ဘလက်ပူးအီဖယ်နဲ့အတူ အဲဒါကြီးကို လာရောက်ကြည့်ရှုကြမယ့် ခရီးသွားဦးရေ တိုးပွားလာအောင် သက်ဆိုင်ရာ ဘလက်ပူးရဲ့အာဏာပိုင်များ ဘယ်လိုလုပ်ကိုင်မလဲ ဆိုတာက စိတ်ဝင်စားဘွယ်ရာပါ၊ မောင်ရင်ငတေတို့ရဲ့ ရန်ကုန်မြို့တော် အဟောင်းကြီးကို စင်ကာပူထက် ပိုကျော်အောင်လုပ်ချင်တဲ့ ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိပုဂ္ဂိုလ်ကြီးများကိုလည်း မောင်ရင်ငတေ စရိတ်အကုန်အကျခံပြီး
လေ့လာရေးခရီးများ ပို့ပေးချင်မိတာကတော့ စိတ်ကူးယဉ် တခုထက်တော့ ပိုမိုမိပါတယ်၊

Blackpool Tower Theme park


(ဓါတ်ပုံများကို အင်တာနက် ဂူဂဲလ်မှ ရှာဖွေထားခြင်းပါ)

(ဒုတိယပိုင်းဆက်ပါမည်)

Comments