Min Lu - Poem


 ဦးမင်းလူ ကောင်းမှု
မင်းလူ
နွေသစ်ရွက် ကဗျာ စာအုပ် (၁၉၇၉၊ မတ်လ)
မိုးမခ (ပြန်လည်ဆန်းသစ်ခြင်း) သြဂုတ်၊ ၁၅၊ ၂၀၁၃

ဓာတ်ပုံ မျှဝေသူ - ကျော်လွင်ဆန်း
ဦးမင်းလူ ကောင်းမှု
နတ်လူသာဓု ခေါ်စေသောဝ်။

ကုက္ကိုပင် ၏
ကောင်းသော အရိပ်အောက်တွင် တည်ထားသော
ဝေနေယျ သုခ ရေချမ်းစင်ကလေး ဖြစ်ပါသည်။

လေးတိုင်စင် ထောင်ပြီး
ဝါးကပ်ကာ သက်ကယ်မိုး        
မြက်ပင်စိမ်းကလေးများ ပေါက်နေသော
သဲပြင် သန့်သန့်ဖွေးဖွေးပေါ်တွင်
စစ်ကိုင်း ရေအိုးကလေး ရှိပါသည်။

ပွတ်လုံး လက်ကိုင် တပ်ထားသော
ချောမွတ်နေသည့်
အုန်းမှုတ် ရေခွက်ကလေးလည်း ရှိပါသည်။

အပူ ရှိန်ပြင်းသော နွေခရီးကို
ဖြတ်သန်းလာသည့် မည်သူမဆို
ငြိမ်းချမ်းသော ရေကို
အမောပြေ ချွေးသိပ်ယင်း
သောက်သုံးကြပါလှည့်။

သို့ရာတွင်…
တခုတော့ တောင်းပန်လိုပါသည်။

အသည်းနှစ်လုံး နှင့် တူသော
ရေခွက်ကလေးကိုမူ
ခိုးယူ၍ မသွားကြပါနှင့်။

သတ္တဝါ အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ။

 
မူရင်း ကဗျာ စာမျက်နှာ
ဓာတ်ပုံ မျှဝေသူ - ကျော်လွင်ဆန်း
 
မင်းလူ ရေး ပါဝင်သည့် ကဗျာ ခေါင်းစဉ်များ
ဓာတ်ပုံ မျှဝေသူ - ကျော်လွင်ဆန်း
 
နွေသစ်ရွက် ကဗျာ စာအုပ် ပါ မင်းလူ နှင့် သူငယ်ချင်း ကဗျာ ဆရာ နာမည်များ
ဓာတ်ပုံ မျှဝေသူ - ကျော်လွင်ဆန်း

Comments