အနာဂတ်မျိုးဆက်တွေအတွက် ပုခုံးထမ်းရုန်းကြဖို့ဆိုတဲ့ ကိုမင်းဇေယျနဲ့
စကားလက်ဆုံ (၃)
မိုးမခအင်တာဗျူး၊ မောင်ရစ်၊ ထွန်းမြတ်ဦး၊ သြဂုတ် ၁၊ ၂၀၁၃
လက်ရှိအချိန်မှာ
ပါတီတွေက ရွေးကောက်ပွဲအောင်နိုင်ရေးဆိုတာ အနိုင်ရအောင်လုပ်ရမယ့် ပွဲ၊ လုပ်ငန်းတခု ဖြစ်လာပြီ။
ဒါဆိုရင် အတိုက်အခံတွေ အချင်းချင်းထဲမှာ ဘယ်လိုမျိုး မိတ်ဖက်အသွင်ဆောင်တဲ့ ပြိုင်ဆိုင်မှုတွေ
ဖြစ်လာမယ်လို့ ထင်သလဲ။
ကျနော်တို့
၈၈ မျိုးဆက်အင်အားတွေကို နိုင်ငံရေးပါတီအဖြစ် ရပ်တည်လာအောင် ပြောကြ၊ ဆိုကြ တိုက်တွန်းကြတာတွေ
ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ကြားနေရတယ်။ နောက်ပြီးတော့ ပြည်တွင်းမှာဆိုရင် နေရာတော်တော်များများမှာ
အင်န်အယ်ဒီနဲ့ အတူတူပဲလို့ သဘောထားကြတယ်။ နိုင်ငံရေးပါတီအနေနဲ့သာ ဖြစ်လာရင်တော့ သိသာထင်ရှားမှုတွေ
ကွဲပြားမှုတွေကို လူတွေက မြင်တွေ့လာကြရလိမ့်မယ် ထင်တယ်။ အဲသည်ကျရင် ခေါင်းဆောင်တွေအဆင့်မှာကော၊
နောက်လိုက်တွေကြားထဲမှာပါ သဘောထားတွေ ချမှတ်ကြရလိမ့်မယ်။ ခုချိန်မှာကတော့ အင်န်အယ်ဒီရဲ့
ပွဲတွေ အခမ်းအနားတွေမှာကော၊ ၈၈ ပွဲတွေမှာပါ အားလုံး အတူတူ တက်ကြတယ်၊ ဖိတ်ကြတယ်။ ၂ဖက်
လူငယ်တွေကြားထဲမှာလည်း အားလုံးအတူတူပါကြမှ အားရှိတယ်လို့ သဘောထားကြတာမျိုး ရှိတယ်။
လူထုကိုယ်တိုင်ကလည်း တက်ကြွတယ်။ ဒါတွေကို အခြေခံပြီး ကျနော်တို့က အစစ စဉ်းစားကြရလိမ့်မယ်။
အစကတော့
အင်န်အယ်ဒီနဲ့ ဒေါ်စုအပါအ၀င် ခေါင်းဆောင်တွေကိုယ်တိုင်က ၈၈မျိုးဆက်တွေကို သူတို့ပါတီထဲ
ပါဝင်ကြဖို့တို့၊ ပါတီထဲ ၀င်မလာရင်လည်း သီးခြားပါတီထောင်ဖို့တို့ အားပေးတာမျိုး၊ ဖိတ်ခေါ်တာမျိုးတွေ
ပြောကြ ဆိုကြတာတွေ ရှိခဲ့တယ် မဟုတ်ဘူးလား။
ဘာပဲ
ဖြစ်ဖြစ်လေ … ကျနော်တို့အနေနဲ့ကတော့ ဒီနှစ်ကုန် သို့မဟုတ် ၂၀၁၄ အတွင်းမှာ ကျနော်တို့
ဆုံးဖြတ်ချက်တွေကို ဆွေးနွေးတိုင်ပင်ပြီး ချမှတ်ရတော့မယ်။ ကြေညာရတော့မယ်လို့ ထင်ပါတယ်။
ပါတီ ထောင်ကြမယ့်အပိုင်းတို့၊ စီအက်စ်အိုလိုမျိုး လူမှုအဖွဲ့အစည်းလုပ်မယ့် အပိုင်းတို့
စသည်ဖြင့်တွေ ဖြစ်လာရလိမ့်မယ်။ နိုင်ငံရေးပါတီတွေ အပိုင်းမှာဆိုရင်တော့ အတိုက်အခံတွေဘက်က
တပ်ပေါင်းစုလိုမျိုးလား၊ မဟာမိတ်တွေလား ဆိုတာတွေ တွေးကြရလိမ့်မယ်။ မဟာမိတ်တွေဆိုရင်လည်း
တိုင်းရင်သားအစုအဖွဲ့တွေ ပါတီတွေနဲ့ ဘယ်လိုမျိုးလဲ။ အဲသည်မှာ ပါတီခေါင်းဆောင်လုပ်တဲ့သူတွေက
အဲသည်ပါတီတွေအချင်းချင်းမှာ ဘယ်သူတွေနဲ့ ဘယ်အစုအဖွဲ့တွေနဲ့ မဟာမိတ်လို သဘောထားမလဲ၊
ရွေးချယ်မလဲ၊ ဘယ်သူတွေနဲ့ ဘယ်ပါတီနဲ့တော့ ရင်ဆိုင်ပြီး ပြိုင်ကြမလဲဆိုတာကို စဉ်းစားကြရလိမ့်မယ်။
ဒါဆိုရင်
၁၉၉၀ ရွေးကောက်ပွဲတုန်းကလိုမျိုး ၀င်ပြိုင်တဲ့နယ်မြေတွေမှာ အချင်းချင်းတွေ၊ အတိုက်အခံတွေ
ဖြစ်နေသည့်တိုင်၊ ကိုယ့်ပါတီ သူ့ပါတီ အပြိုင်အဆိုင်မဲဆွယ်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီဖြစ်ရင်
ပြီးရောဆိုပြီး အမတ်တွေကို ပြည်သူတွေက မဲပေးပြီး ရွေးချယ်ခဲ့ကြတယ်။ ဒေသခံတွေဖက်က ကိုယ်ရွေးချယ်လိုက်တဲ့
အမတ်အကြောင်း၊ ဖြတ်သန်းမှုတွေအကြောင်း သေသေချာချာ မသိဘူး။ နောက်ပိုင်းမှာ တချို့အမတ်တွေက
စစ်အစိုးရဖိနှိပ်မှုတွေကြောင့် အရှုံးပေးကုန်တာ၊ အညံ့ခံကုန်ကြတာနဲ့ အင်အားတွေ ပြိုကွဲခဲ့ရတယ်။
ဒေါင်ဒေါင်မြည် ကြံ့ကြံ့ခံတဲ့ အမတ်တွေလည်း ရှိခဲ့တယ်။ ခုချိန်မှာ ပြန်ကြည့်လိုက်ရင်
စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ဖြိုခွဲမှုကို ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ ၈၈ မျိုးဆက်အင်အားတွေကိုလည်း
ပြည်သူတွေက တွေ့နေရတယ်။ ဒီ ၂၀၁၅ မှာ ဘယ်လိုမျိုး အားပြိုင်မှုတွေ၊ ရွေးချယ်မှုတွေ ဖြစ်လာမယ်
ထင်သလဲ။
ကျနော်တို့တွေက
အခုအချိန်အတွင်းမှာ ၂၀၁၅ အတွက် အစောက ပြောခဲ့သလို အများကြီး အဆင်သင့်ဖြစ်နေတာ၊ အင်အားတွေ
ရှိနေတာတွေ မရှိပါဘူး။ “၀င်ပြိုင်ရင် နိုင်မှ” ဆိုပြီး ပြောနိုင်တဲ့ အခြေအနေကလည်း မပြောနိုင်သေးပါဘူး။
ခုနင်ကပြောတဲ့ အင်အားတွေအပြင် အဲသည်အသိုင်းအ၀ိုင်းအပြင်ဖက်က အဆင်သင့်ပြင်ဆင်ထားတဲ့
တခြားအစုအဖွဲ့တွေ၊ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ ကျောထောက်နောက်ခံရှိသူတွေ
စတဲ့ လူပုဂ္ဂိုလ်တွေ ဘယ်လောက် ၀င်လာမလဲဆိုတာလည်း ရှိသေးတယ်။ လူရွေးမမှားဖို့၊ ဆုံးဖြတ်ချက်မမှားဖို့ဆိုတာ
ခေါင်းဆောင်တွေက အများကြီး စဉ်းစားပြင်ဆင်ကြရမယ်။
နောက်စဉ်းစားမိတာကတော့
လောကဓံ ၈ ပါးကို ခံနိုင်ရည်ရှိဖို့ပေါ့လေ။ ကျနော်တို့ဆီက အတိုက်အခံတွေမှာ လောကဓံအဆိုးလေးပါးကို
ကြံ့ကြံ့ခံနိုင်ဖို့အပြင် ခုလိုအပြောင်းအလဲ အကူးအပြောင်းကာလမှာ လောကဓံအကောင်းလေးပါးကိုပါ
ခံနိုင်ရည်ရှိပြီး ဒီမိုကရေစီရေးတို့၊ လက်ရှိလူထု ခံစားနေရတဲ့ အရေးကိစ္စတွေကိုပါ ဖြောင့်ဖြောင့်တန်းတန်း
ဆောင်ရွက်နိုင်ဖို့ပေါ့လေ။ အများပြောကြသလို အမတ်ဖြစ်ဖို့တို့ အမတ်ဖြစ်သွားလို့ လက်ရှိလူထုအရေးတွေ၊
ဆန္ဒထုတ်ဖော်မှုတွေမှာ ၀င်ရောက် ရပ်တည် ဖြေရှင်းပေးဖို့တွေလည်း တွန့်ဆုတ်သွားတာတွေ၊ အကန့်အသတ်တွေုဖြစ်လာတွေနဲ့
ပတ်သက်ပြီး ဘယ်လိုစဉ်းစားကြမယ် ထင်သလဲ။
ကျနော်တဦးအနေနဲ့
ပြောရရင် ၈၈ မျိုးဆက်တွေအနေနဲ့ အခု ၂၀၁၅ မှာ ပါတီထောင်ရမယ်၊ ရွေးကောက်ပွဲဝင်ရမယ်ဆိုရင်တောင်မှ
အများကြီး မျှော်လင့်ထားတမျိုး မဟုတ်ဘဲ ကိုယ့်မိတ်ဆွေတွေ အတိုက်အခံပါတီတွေ အနိုင်ရဖို့၊
အထောက်အကူပြုခြင်းမျိုးပဲ ဖြစ်စေချင်တယ်။ အဲလိုမျိုးတော့ မဖြစ်နိုင်ဘူး၊ အနှောက်အယှက်ဖြစ်လာမယ်ဆိုတာမျိုးကိုတော့
ကျနော့်အနေနဲ့ လက်မခံပါဘူး။ ၉၀ ရွေးကောက်ပွဲတုန်းကလိုမျိုး ပုံအောပေးထားပြီးတော့မှ
လမ်းပိတ်နေတာမျိုး၊ လမ်းပိတ်ခံနေရတာမျိုး၊ ရှေ့လည်း မတိုး၊ နောက်လည်းမဆုတ်နိုင်ဖြစ်တာမျိုးကိုလည်း
မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာဟာ မတိုင်ခင်မှာကော၊ တိုင်ပြီးမှာပါ
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့လမ်းကြောင်း ပိုမိုပြီး ဖြစ်ပေါ်လာဖို့ကို ကြည့်ကြရမယ်။
ဒါတွေကို
ခင်ဗျားတို့ဖက်က အတိုက်အခံတွေ၊ မိတ်ဆွေတွေ၊ ခေါင်းဆောင်တွေကို တရားဝင် တွေ့ဆုံဆွေးနွေး
သဘောတူညီချက်တွေ ယူတာ၊ ညှိနှိုင်းတာမျိုး အဖက်ဖက်က လုပ်ပြီး ထုတ်ပြန်ပြီး ခြေလှမ်းတွေ
လှမ်းကြရလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ့်ဖာသာကိုယ် တွေး၊ တဖက်သတ်ကောက်ချက်ဆွဲ၊ ဆုံးဖြတ်ပြီး
ကိုယ့်ချည်းသက်သက် လုပ်လို့ရတဲ့ လုပ်ငန်းစဉ်တွေ မဟုတ်ဘူးလို့ ထင်ပါတယ်။
ကျနော့်အနေနဲ့ကတော့
အားလုံးနဲ့ တိုင်ပင်ဆွေးနွေး ညှိနှိုင်း အကြောင်းကြား ဆုံးဖြတ်ပြီးမှ လုပ်ရမှာတွေချည်းပဲ
လို့ ပြောချင်တယ်။ အခုဟာက ခင်ဗျားတို့မေးလာလို့ ကျနော့်သဘောထားကို ဖြေတာပေါ့လေ။ အတိုက်အခံတွေ
မိတ်ဆွေတွေ အချင်းချင်းမှာ နားလည်မှုတွေ တရားဝင်ရှိကြမှ ဖြစ်မယ်။ ရေတို ၂၀၁၅ တင်မကဘူး၊
နောင် ၂၀၁၅ နောက်ပိုင်း ရေရှည်တွေကိုပါ တွေးရမယ်။ အများကြီး စဉ်းစားပြီးမှ သဘောထားတွေ
ယူထားပြီးမှ လုပ်ရမှာမျိုး ဖြစ်တယ်။ အရင်တုန်းကလို လုပ်ပြီးမှ နောင်တရတာမျိုးတွေ မဖြစ်ချင်ဘူး။
“နောင်တ”ဆိုလို့
… လက်ရှိအချိန်မှာ အချို့စိုးရိမ်တကြီးပြောနေသလို နောက်ပြန်လှည့်မှာ စိုးတယ် ဆိုတဲ့ကိစ္စကိုကော
…
နေရာတိုင်းမှာ
ပြသနာတွေ၊ ပဋိပက္ခတွေ ရှိနေတယ်။ အားနည်းချက်တွေ ရှိတယ်။ ဒါပေမယ့် တောင်သူလယ်သမားတွေ၊
အလုပ်သမားတွေ၊ ပြည်သူတွေရဲ့ တရားမျှတမှုဖော်ထုတ်တာတွေ၊ အခွင့်အရေးတောင်းဆိုတာတွေ၊ ဆန္ဒထုတ်ဖော်တာတွေကို
ကျနော် ဘာမှ မစိုးရိမ်ဘူး။ လူထုအင်အားနဲ့ လူထုဆန္ဒကို ကျနော်ယုံကြည်တယ်။ ဥပဒေအတိုင်း
အမှန်တရားအတိုင်း ဖြစ်ပေါ်လာရမှာပဲ။ ဒါပေမယ့် လူမျိုးရေးတွေ ဘာသာရေးတွေကို လှုံဆော်ပြီးတော့
အကြမ်းဖက်တာတွေ၊ ဆူပူတာတွေကိုပဲ ကျနော် စိုးရိမ်တယ်။ ဒါတွေကို ကျနော်တို့ ဂရုစိုက်ရမယ်။
ကျနော်တို့တွေ အချင်းချင်းမှာ တိုင်းရင်းသားတွေ၊ လူမျိုး ဘာသာကွဲပြားသူတွေကြားထဲမှာ
ယုံကြည်မှုတွေ၊ နားလည်မှုတွေ အပြန်အလှန်တည်ဆောက်ကြရမယ်။ ဆက်ပြီး ဆောင်ရွက်နေကြရမယ်လို့
ထင်ပါတယ်။ သည်မှာ ကျနော် ပြည်ပကိုရောက်တော့ ပြည်ပက မြန်မာ့အရေးကို လုပ်နေသူတွေ၊
ကြောင့်ကြစိုက်သူတွေကို ပြောတာတခုကတော့ မြန်မာပြည်တွင်းက ပြည်သူတွေဟာ မြန်မာပြည်ရဲ့
ကောင်းမွေ ဆိုးမွေကို တိုက်ရိုက်ခံစားနေကြရတယ်။ ကျနော်တို့ပြည်သူတွေကပဲ တိုက်ရိုက်
အကောင်းဆိုလဲ စံရတယ်၊ အဆိုးဖြစ်လည်း ခံကြရတယ်။ အဲဒါကို နားလည်ကြစေချင်တယ်။ အဲဒါလေးကိုတော့
လေးလေးနက်နက် စဉ်းစားတဲ့အခါ ထည့်စဉ်းစားကြပါလို့ ပြောချင်တယ်။
နားလည်မှုတို့၊
ယုံကြည်မှုတို့ တည်ဆောက်တာကို ဥပမာလေး ပြောပါဦး။
ကျနော်
အမေရိကန်ခရီးစဉ်ကို မလာခင်မှာ ကျနော့်ကို ပြည်တွင်းမှာ လူတွေက အမျိုးမျိုး စိုးရိမ်ပြီး
ပြောကြတာတွေ ရှိတယ်။ က်ေနာ္က မစုိးရိမ္ဘူး။ ကျနော် လူတိုင်းနဲ့တွေ့တယ်။ အချိန်ပေးပြီး
စကားပြောတယ်။ နားထောင်တယ်။ သူတို့တွေက ကောင်းတာကော၊ ဆိုးတာကောပြောတယ်။ ရင်ဖွင့်ကြတယ်။
ကျနော်နဲ့ စကားတွေ ပြောကြတယ်။ ဟောပြောတာတွေ နားထောင်ပြီး ပြန်သွားရုံတင် မဟုတ်ဘဲ တွေ့ချင်ဆုံချင်
ရှင်းလင်းချင်သူတွေ အားလုံးကို တတ်နိုင်သလောက် တွေ့ခဲ့တာကို ပြောတာ။ အဲသည်တော့ နောက်ဆုံးမှာ
ဘာဖြစ်သလဲဆိုတော့ အားလုံး ကျေနပ်သွားကြတယ်။ ကျနော်တို့တွေ အချင်းချင်းမှာ ဘာမပြေလည်စရာ
ရှိသလဲ။ ဘာ မယုံကြည်စရာတွေ ရှိသလဲ။ မျက်နှာချင်းဆိုင်ပြောကြ ရှင်းကြရင် ဘာပြဿနာမဆို
ဖြေရှင်းနိုင်တယ်။ နားလည်မှု ပေးနိုင်တယ်။ ကျနော်လည်း ဘာမှ မလုပ်ပေးနိုင်ပါဘူး၊ သူတို့လည်း
ဘာမှ မျှော်လင့်ထားတာတွေ မရှိပါဘူး။ ပြောကြပါစေ။ ဒါကို ကြိုပြီး စိုးရိမ်ပြီး ကန့်သတ်တာတွေ
ကျနော်ကတော့ ဘာမှ မလုပ်ဘူး။ ရှောင်လို့လည်း မရဘူး။ ဒီအချိန်မှာ ပြည်တွင်းမှာကော ပြည်ပမှာပါ
မြိုသိပ်ထားတာတွေ၊ ခံစားနေရာတာတွေ များနေပြီ၊ ဒီအပြောင်းအလဲကာလမှာတော့ နေရာတိုင်းမှာ
ပွက်လောရိုက်နေမှာပဲ။ ဟိုဖက်က အင်အားစုတွေဖက်ကလည်း ဒီအချိန်မှာ သူတို့အလုပ်သူတို့လုပ်မှာပဲ။
ကျနော်တို့ဖက်ကလည်း ဒါကို ရင်ဆိုင်ရမယ်။ ကိုယ့်အလုပ်ကို လုပ်ရမှာပဲ။ အဲဒါကို မလုပ်ရင်
ရှောင်လွဲရင် ကိုယ်မှားတာပဲ။ တိုင်းရင်းသားတွေနဲ့လည်း ဒီလိုပဲ တွေ့ဆုံဆွေးနွေးရမှာပဲ။
ပွင့်လင်းလူ့အဖွဲ့အစည်းလှုပ်ရှားမှုတွေမှာ
ကိုယ်တိုင်ဆောင်ရွက်နေတာ၊ ပတ်သက်နေတာတွေ အကြောင်းကို ပြောပါဦး။
ဥပမာ
ကျနော်နေတာက တောင်ဒဂုံမှာ။ ကျနော်က ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်
ဆိုပြီး ပြည်တွင်း ပြည်ပခရီးတွေ သွားတယ်။ ဟောပြောတယ်။ အဲသည်မှာ ကျနော်တို့က ကိုယ်တိုင်
အဖွဲ့တွေ အစုတွေ ထောင်တာတွေ၊ ကိုယ်တိုင်ဝင်လုပ်တာတွေ မလုပ်ဘူး။ အဲသည်ဒေသတွေမှာ တူရာ
သန်ရာ စုဖွဲ့ပြီး လုပ်နေကြတဲ့ အဖွဲ့တွေ အင်အားတွေကို အချင်းချင်း ပိုပြီး လက်တွဲပြီး
လုပ်ကိုင်နိုင်အောင် ထိရောက်လာအောင် ချိတ်ဆက်ပေးတာ၊ ကွန်ယက်ဖွဲ့ပေးတာ။ ကျနော်တို့က
ပိုပြီး နက်ဝပ်တွေ ရှိတယ်၊ အဆက်အသွယ်ရှိတယ်။ သူတို့ဒေသခံတွေကတော့ သူတို့နေရာလေး အကန့်အသတ်လေးတွေမှာပဲ
လုပ်နေရတယ်။ သူတို့ သိတာ ရှိတယ်၊ မသိတာတွေရှိတယ်။ ဒါတွေကို ပိုသိသွားအောင်၊ ပိုပြီး
ပွင့်လင်းသွားအောင် ကျနော်တို့ဆီမှာ ရှိတဲ့ အချိတ်အဆက်တွေနဲ့ သူတို့နဲ့ တွဲပေးတာ၊ ဆက်ပေးတာ။
ဒီအလုပ်ကို လုပ်ကြတာ။ ကျနော်တို့က နေရာတကာ အကုန်လုံး လိုက်ပါပြီး ၀င်လုပ်နေနိုင်တာ
မဟုတ်ဘူး။ သူတို့နေရာ သူတို့အင်အားတွေ ပိုပြီး လုပ်လာနိုင်အောင် လုပ်ပေးရတဲ့သဘော၊ ပြောပေးဆိုပေးရတဲ့သဘော။
သူတို့တွေနေရာတွေမှာ ဒေသခံအာဏာပိုင်တွေ၊ ဘာတွေက အတားအဆီးတွေ အကန့်အသတ်တွေရှိနေရင် သူတို့တွေကို
အရင်ကထက် ပိုပြီး ရင်ဆိုင်ပြီး တရားသဖြင့် ဖော်ထုတ်နိုင်အောင် အားဖြည့်ပေး၊ အားပေးရပ်တည်ပေးရတဲ့
သဘောပဲ။
ဒီတော့
ကျနော်က တောင်ဒဂုံမှာနေတယ်။ ကျနော့်ရပ်ကွက်က မြို့နယ်က လူငယ်တွေ၊ လူကြီးတွေကလည်း ပွင့်လင်းလူ့အဖွဲ့အစည်း
လှုပ်ရှားမှုတွေ လုပ်လာတယ်။ ကျနော်က အားပေးတယ်၊ ရပ်တည်ပေးတယ်။ ကူညီဆောင်ရွက်တယ်။ တကယ်တမ်းကျတော့
သူတို့ဖာသာ သူတို့ အင်အားနဲ့ စုဖွဲ့ လုပ်ကိုင်ကြရတာ အဓိကပါပဲ။ ကျနော်တို့က ကွန်ယက်တွေနဲ့
ချိတ်ပေးတယ်၊ အားဖြည့်ပေးတယ်။ သူတို့တွေက အားရှိပြီးတော့ ပိုပြီး လုပ်ကိုင်လာနိုင်ကြတယ်။
ကျနော်တို့က
အာဏာပိုင်တွေလည်း မဟုတ်ဘူး၊ လုပ်ငန်းရှင်တွေလည်းမဟုတ်ဘူး။ ဘာ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ
မရှိဘူး။ ကျနော်တို့က ဘာမှ အာမခံမှလည်း ပေးနိုင်တာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့က
ရပ်တည်ပေးတာ၊ ချိတ်ဆက်ပြီး လုပ်ပေးတာ၊ ၀ိုင်းပြီးတော့ မြန်မာပြည်မှာ ငြိမ်းချမ်းတဲ့
ပွင့်လင်းလွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ ထူထောင်လာနိုင်အောင် အားပေးတာ၊ လုပ်ပေးနေတာ၊
လှုံဆော် စည်းရုံးတာ။ အဲဒါပါပဲ။
ခုချိန်မှာ
အနာဂတ်မျိုးဆက်သစ်တွေကို ကျနော်တို့ပုခုံးပေါ်ထမ်းတင်ပြီး ရုန်းကြရမယ်။
ကဲ အခု
မကြာခင် မြန်မာပြည်ပြန်တော့မယ်။ ၈လေးလုံး ငွေရတုအရေးတော်ပုံ ညီလာခံတွေ အခမ်းအနားတွေနဲ့
ကိုမင်းဇေယျ အလုပ်တွေ များဦးမယ်။ အဲသည်နောက် အခမ်းအနားက အတွေ့အကြုံတွေ၊ ဆွေးနွေးပြောဆိုတာတွေ
တင်ပြချက်တွေ ထွက်လာကြမယ်။ အဲသည်ပွဲပြီးသွားတာနဲ့ ဘာလုပ်ဖို့ လတ်တလော ပြင်ဆင်ထားတာ
ရှိလဲ။
ကျနော်
အခုခရီးစဉ်မှာကော၊ ကျနော့်အနေအထားအရကော အားနည်းချက်က ဘာလဲဆိုတော့ ကျနော့်မှာ အင်တာနက်တွေ၊
နည်းပညာတွေ၊ အီးမေးတွေ၊ ဘာတွေ အားနည်းတယ်။ ဘာမှ ကောင်းကောင်း မသုံးတတ်ဘူး။ သူများတွေ၊
ကိုယ့်မိတ်ဆွေ ရဲဘော်တွေကို အားကိုးရတာပေါ့။ အခု ခရီးစဉ်က ပြန်ပြီးလို့ ၈လေးလုံး ငွေရတုပြီးတာနဲ့
ကျနော်အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ အချိန်အားလေးနဲနဲယူပြီးတော့ နည်းပညာတွေ ဘာတွေကို
နည်းနည်းတော့ပြန်ပြီး လေ့လာမယ်။ နည်းနည်းပါးပါး အသုံးချတတ်အောင်၊ ခိုင်းနိုင်အောင်
သင်ယူမယ်လို့ စဉ်းစားထားတယ်ဗျာ။ ဒါပါပဲ။
(ကျေးဇူးတင်ပါတယ်
ခင်ဗျာ)
(မိုးမခ၏ မင်းဇေယျအင်တာဗျုး အပိုင်း ၃မှာပဲ အားလုံး
နိဂုံးချုပ်ပြီ ဖြစ်ပါတယ်။ လက်ရှိ မျက်မှောက်ရေးရာနဲ့ သူ့အတွေ့အကြုံများကို အချိန်ယူပြီး
လွတ်လပ်ပွင့်လင်းစွာ ဖြေကြားပေးသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျကို
မိုးမခ၀ိုင်းတော်သားများက ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်)
Comments