Maung Swan Yi - Poem

ငြိမ်းချမ်းသူသို့ ပူဇော်ကဗျာ
မောင်စွမ်းရည်
စက်တင်ဘာ ၁၈၊ ၂၀၁၃



ဗိုလ်တေဇ၊ ဗိုလ်ဇေယျ
ဗဟိန်း-ဗဆွေ၊ အမေ“မာ”-စ-
တကသ၊
ဗကသ၊ သမဂ္ဂရဲဘော်
တော်လှန်တိုးတက်၊
လက်တွဲအတူ၊ ခွပ်ဒေါင်းထူလွှင့်
မြင့်စေခဲ့သူ။
အောင်ကျော်ကျဆုံး
အတွင်းဝန်ရုံးရှေ့၊ ရုန်းရင်းဆန်ခတ်
မြင်းတပ်နှင့်တိုက်။ ရိုက်နှက်ဖြိုခွဲ
သည်တိုက်ပွဲမှာ၊ ရဲဘော်ကျောင်းသား
အလုပ်သမားနှင့်၊ လယ်သမားညီတူ
တူတံဇဉ်အလံ၊ မိုးယံသို့ချီ
နီစေခဲ့သူ။
တော်လှန်ရဲဘော်၊ ဗန်းမော်တင်အောင်
တောက်ပြောင်ရဲရင့်၊ မြသန်းတင့်တို့
လွှင့်ထူဖြန့်ဝေ၊ စာပေသစ်မူ
ပြည်သူအတွက်၊ ပြည်သူဘက်သို့
လက်တွဲရှေ့ဆောင်၊ လူ့ဘောင်သစ်ဆီ
ဦးတည်ခဲ့သူ။
အဖိုးမှိုင်းနှင့်
စစ်ကိုင်းတောင်ရိုး၊ ပဂိုးပုဂံ
ရန်ကုန်-ရွှေတောင်၊ တောင်ပေါ်မြေပြန့်
အနှံ့ဗမာ။ ကမ္ဘာတခွင်
ဗောဓိပင်အလံ၊ လွှတ်ပျံချိုးဖြူ
ငြိမ်းချမ်းသူ။
စုတ်နှင့်ကလောင်၊ ရောင်စုံဆေးစပ်၊ ကာရန်ဟပ်ရင်း
တီးခတ်ဂီတ၊ အလှအနု
သုခုမကို၊ ယုယပွေ့ဖက်
တပ်မက်စူးနစ်၊ အသစ်ဖန်တီး
တားဆီးသူ၊ ဖျက်ဆီးသူ၊ ဆန့်ကျင်သူ
ရန်သူမရှိ၊ မိတ်ဆွေရှိ၊
သိမြင်ဒဿန၊ လမ်းစထုတ်ပြန်
ရန်ကိုရန်ချင်း၊ မတုံ့လျဉ်းမူ
အောင်ခြင်းရှစ်ပါး။ မေတ္တာပွားသူ၊
“အသစ်”ကို ရှာ
“မေတ္တာ”ကိုတွေ့၊
သူတွေ့တဲ့လမ်း၊ မေတ္တာလမ်း
မှိုင်းသခင်လမ်း၊ ဗုဒ္ဓလမ်း
သူလှမ်း၊ သူတွေ့၊ သူလျောင်းမွေ့၊
မွေ့လျော်ခြင်းသည် ငြိမ်းချမ်းခြင်း။
ငြိမ်းချမ်းသူသို့
ပူဇော်ကဗျာ၊ ငါဖွဲ့ပါသည်
တာရာခင်းကျင်း၊ လင်းစေသော်။

မောင်စွမ်းရည်
၂၀၁၃။ သြဂုတ် ၃၀

နယူးယောက်

Comments