တမျိုး ပြောင်းပြန်ပြီ - (၁၂)
အုန်းနိုင်
စက်တင်ဘာ ၃၊ ၂၀၁၃
အိမ်ရောက်လို့  တံခါးသော့ ဖွင့်နေတုံးတဖက်အိမ်က အကိုဖြစ်သူ ရောက်လာပါတယ်..။“အကို...ရေ..မှတ်တိုင်လမ်းအိမ် (အမအိမ်) ကို
သတင်းပေးလိုက်ပါ..။ပုဒ်မ(၁၄၄)ကို တော့ အစမ်းတောင်ကြေညာ နေပြီ ..” လို့ ပြောပြီး.. အ၀တ်လဲကာ တရားရုံးကို ပြန်ခဲ့ပါတယ်.။ ဒီတော့ . .မိုးကစဲသွားပါပြီ..။တရားရုံး ရောက်တော့ နေ့လည် တစ်နာရီခွဲ ကျော်ကျော်ရှိနေပါပြီ..။ ထမင်းလည်း မစားရသေးတာ
ကြောင့်စားပွဲမှာ ထိုင်ပြီး ထမင်းဘူးကို ဖွင့်ပါတယ်..။မြန်မြန်စားထားမှ.. ။ အချိန်တိုင်းမှာ ဘာဖြစ်လာမယ်ဆိုတာ ..မခန့်မှန်းနိုင် တဲ့  အနေအထားပါ..။ထင်တဲ့  အတိုင်းပါဘဲ..။ထမင်း နှစ်ဇွန်း သုံးဇွန်းပဲ စားရသေးတယ်..။ကောင်စီ ရုံးက စာရေးကြီး ကိုသန်းဝင်း ရောက်လာပါတယ်...။
“ ဥက္ကဌ နှစ်ယောက်စလုံးက ဆရာကြီးကို လာခဲ့ ပါဦးတဲ့ ”
“ အေးကွာ..။ထမင်းတော့ ပြီးအောင် စားပါရစေဦး” လို့ ဆိုလိုက်တော့ ကိုသန်းဝင်းက “ ချက်ခြင်း လိုက်ခဲ့ ပါတဲ့ ..။ထမင်း မစားရ လောက်သေးဘူးဆိုပြီး..ကျော်ကြီး ထမင်းဆိုင်က ထမင်းသုတ်တွေ တောင် ၀ယ်ထားတယ်..”
ဒီလို ဆိုတော့ အခြေအနေက အကောင်းဘက်ကိုရောက်လာပြန်ပြီလို့  တွက်လိုက်မိတယ်။ဒါကြောင့် ထမင်းဘူးကို ပိတ်..။ကွမ်းထုပ်က လေးကို အိတ်ထဲထဲ့ပြီး..ကောင်စီရုံးဘက်ကို တစ်ခေါက်ရောက်ရပြန်ပါပြီ..။
“ လာ..လာ...ဆရာကြီး။ ဥက္ကဌ အခန်းထဲကို လာပါ..” လို့  ကောင်စီအတွင်းရေးမှူးက ဒီနေ့ အဖို့ပထမဦးဆုံး...ခရီး ဦးကြို ပြု ပါတယ်..။ပါတီယူနစ် ကော်မတီဝင်တွေရော..။ကောင်စီဝင်တွေပါ အားလုံးမြို့ နယ် ကောင်စီ ရုံးမှာ အကုန်ရောက်နေပါပြီင်္...။ကောင်စီ ဥက္ကဌအခန်းထဲမှာတော့ ပါတီကောင်စီ ဥက္ကဌနှစ်ယောက် ၊ အတွင်းရေးမှူး နှစ်ယောက် ၊ပါတီက ဦးကြည်မောင်၊ကောင်စီကဦးအုန်းကြိုင် တို့ ပဲ ရှိပါတယ်ကောင်စီ ဥက္ကဌ ဗိုလ်မှူး စိုးမြင့်က စပြောပါတယ်..။
“ ခင်ဗျား ပြောတာနဲ့  အမှတ်ရပြီး ..ကျနော်တို့ တိုင်းကောင်စီ ဥက္ကဌဆီကို ဖုန်းဆက်တယ်..။ဒီမှာ..ဘာတွေဖြစ်သလဲလို့ ပြန်မေးတယ်..။ ဆန္ဒပြ သမားတွေ တမြို့ လုံး ပတ် လှည့်နေလို့ ပုဒ်မ(၁၄၄) ထုတ်မယ်..။ဆက်ပြီး ပုဒ်မ (၁၄၄) တည်အောင် လုပ်ဖို့ လိုအပ်ရင် သေနတ် လှန့်ပစ်ပစ်မယ်ဆိုတာ အသိပေးတာပါ”လို့  ဆိုတော့ “ ပစ်တာ ခတ်တာတွေ ...မလုပ်ရသေးရင် ဘာမှ မလုပ်နဲ့ ..။မီးရှို့ တာ တွေ.. ဖျက်ဆီးတာတွေ ..ဖမ်းတာတွေ ရှိသလား” လို့ ပြန် မေးလို့ “ အဲဒီလို မျိုးတော့ ...ဒီမှာ မဖြစ်သေးဘူး” လို့  ပြောလိုက်တယ်..။“ ဒါလောက်နဲ့ များ ခင်ဗျားတို့ ရေးကြီး ခွင်ကျယ်ဖြစ်နေလိုက်ကြတာ..။ကျူပ်တို့ ဆီမှာ သတ်ကြ ဖြတ်ကြနဲ့  တမြို့ လုံး မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေတယ်..။ခင်ဗျားတို့ ဘာမှ လျှောက် လုပ်မနေနဲ့ ..။လက်ရှိအခြေအနေထက် ပိုမဆိုးအောင် ကြည့်သာ ထိန်း ထား...” လို့ ပြန်ပြောလိုက်တယ်..။ဒီတော့ ..ဆရာကြီးပဲသွား ထိန်း ပေးပါဦး..ဆိုလို့ ကျနော်က ကွမ်းယာကိုထုတ်စားပါတယ်..။ပြီးတော့ တရားရုံး လှေကားအောက်က ကျနော့် ဘိုင်စကယ်ကို တယောက်ယောက် သွားယူပေးပါဦး လို့ ပြောလိုက်ပြီး..သော့ကို ပေးလိုက်ပါတယ်..။ကားနဲ့  သွားဖို့ တယောက်ကပြောတယ်..။ကျနော်က ..ဘိုင်စကယ်နဲ့ ပဲ သွားမယ် ပြောတော့...ကျနော့်ဘိုင်စကယ်ကို သွားယူမနေပါနဲ့ တော့ ဆိုပြီး ကောင်စီရုံးမှာရှိတဲ့  ဘိုင်စကယ် တစီးကို ပေးလိုက်ပါတယ်..။
ကျနော်က အခု လုပ်ခဲ့ တဲ့  ကိစ္စ ကလေးတွေကို တမင်အေးအေးဆးဆေး နှေးနှေးကွေးကွေး လုပ်ပါတယ်..။အချိန်ကတော့ နေ့လည် ၂နာရီခွဲ ..သုံးနာရီ လောက်တော့ရှိသွားပါပြီ..။ကျနော် အာဇာနည် ကျောက်တိုင် ရှေ့  ရောက်တဲ့  အချိန်မှာ ဆန္ဒပြ လူအုပ်နဲ့ ကျောင်းသားတွေဟာ သူတို့ ဆန္ဒပြ အစီအစဉ်ကို အချင်းချင်း ထိန်းထိန်းသိမ်းသိမ်း စနစ်တကျ နဲ့ ပြုလုပ်ပြီး သွားလို့  လူစုကွဲ သွားပါပြီ...။အာဇာနည် ကျောက်တိုင် အနီးမှာ သစ်သားတိုင် တတိုင် စိုက်ပြီး..တိုင်ထိပ်မှာ သပိတ်တလုံးကို မှောက်တင်ထားတာကို ပဲ တွေ့ လိုက်ရပါတယ်..။မိုးကလဲတိတ်သွားပြီး..နေရောင်ကလေးတောင် သာသလိုလို မို့..။အဲဒီ မြင်ကွင်း ကလေးကို ကြည့်ရတာ စိတ်ထဲမှာ တမျိုးကြီး ခံစား လိုက်မိပါတယ်..။
လွန်ခဲ့ တဲ့  သုံးလေးနာရီ လောက်က ဒီနေရာမှာဘာမှ မဖြစ်ခဲ့ သလိုလို...။အော်..အခုတော့လည်း အေးဆေး သွားပါပြီ..။အခြေအနေ အရ အချိန်မရွေး တစုံတရာမှားယွင်းပြီး ကြမ်းကြမ်းတမ်းတမ်း သွေးထွက် သံယို ဖြစ်သွားနိင် တဲ့  အခြေအနေကိုကျော်လွန်သွားပြီမို့ ..အေးချမ်းသွားပါပြီ..။သာယာ လှပါဘိ..။ကျနော် ဘိုင်စကယ်ပေါ်ကတောင်မဆင်းတော့ပါဘူး..။ခြေထောက်တဖက် ထောက် ရပ်ကြည့်ပြီး ဘိုင်စကယ်ကို ပြန်ကွေ့ ခဲ့ ပါတယ်..။
ကောင်စီ ရုံးကို ရောက်လို့ ဘိုင်စကယ် ပြန်အပ်ပြီးတော့ထမင်းသုတ်ပန်းကန်တွေ ရောက်လာပါတယ်..။ကိုယ့်ထမင်းဘူးလည်း ဖွင့် ..။သူတို့ ထမင်းသုတ်လည်း စားပေါ့လေ..။တကယ့် တကယ်ကျ တော့သိပ်လည်း မစားနိုင်တော့ ပါဘူး..။လက်ဘက်ရည်တွေ တောင် မှာထားလိုက်ပါသေးတယ်..။ခုတော့လည်းအခြေအနေက တမျိုးပြောင်း သွားလိုက်ကြတာ..လို့  စိတ်ထဲကတွေးနေမိတယ်.။လက်ဘက်ရည်သောက်ပြီးကွမ်းယာ ၀ါးတဲ့  အချိန်ရောက်တော့ ၃နာရီခွဲ လောက်ရှေိနေပါပြီ..။ကျနော်က ရုတ်တရက် စဉ်းစားမိတယ်။အခြေအနေ သုံးသပ်တဲ့  အစည်းအဝေးလေး.(Review meeting) လုပ်ဖို့ ဆော်သြ ရပါတယ်..။ဒီမှာလည်းအဓိက အချက်က တိုင်းက တားလို့  ပုဒ်မ(၁၄၄) မ ထုတ် ဖြစ်တာ ကိုထိပ်တန်း လျှို့ ဝှက်ထားဖို့..။မပေါက်ကြားဖို့..။ကိုယ့်မြို့ နယ် အဖွဲ့ ဝင်များနဲ့  ကိုယ့်ဘာသာသဘောထား အလျှောက် ပုဒ်မ(၁၄၄)ကို မထုတ်ပဲ အခြေအနေ ကို ထိန်းထားတာဖြစ်တယ် လို့ ပြောကြဖို့..။ဒါကို ..သဘောပေါက်ဖို့..။ဘာပြုလို့
လဲ ဆိုတော့ ဆန္ဒပြလူထုနဲ့  ကျောင်းသားတွေ ဘက်ကလည်း ဒီမိုကရေစီကျကျအကြမ်းဖက်မှု မရှိလို့တို့ကို ဌာနဆိုင်ရာ အာဏာပိုင် တွေက . အရေးမယူတာ လို့  သိနေဖို့ လိုတယ် ။
တိုင်းက အမိန့် ကြောင့် ပုဒ်မ (၁၄၄) မထုတ်ဖြစ်တာဆိုရင် မြို့ နယ်အာဏာပိုင်တွေအပေါ်အာဃာတတွေ ထားလာရင် ထိန်းရတဲ့  ကျနော့်ဖို့ ခက်ခဲမယ်..။မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ..။သရော်လှေင်ပြောင် မှုတွေ ဖြစ်လာနိုင်တာကို ကျနော်က တွေး မိပြီးတင်ပြလိုက်ပါတယ်..။အဲဒါကိုတော့ အားလုံးက သဘောပေါက်ကြပါတယ်..။ရီစရာ တခုလည်း ကြုံရသေးတယ်..။အစည်းအဝေးလုပ်နေတုံးမှာ ရဲတဦးက မြို့ နယ်ရဲတပ်ဖွဲ့  မှူးကို လာပြောပါတယ် ။ ဘုရားကြီး ရှေ့ ကရန်ကုန်ပြည်လမ်းပေါ်မှာ ကားမ၀င်ရဆိုတဲ့  ဆိုင်းဘုတ်ကြီး ရှိနေလို့ ကားတွေ နောက်ပြန်ဆုတ်ပြီးတာပွန်လမ်းဘက်ကနေ လှည့်သွားနေရတယ်..တဲ့ ။ဒီတော့ ရဲတပ်ဖွဲ့ မှူးက ...“ မင်းတို့ သွားရွှေ
့လိုက်ပေါ့ကွ” တဲ့ ..။ရဲတွေက..“ ကျနော်တို့  သွားရွှေ့ မယ် လုပ်တော့ ..အနားက ဆိုင်ထဲက လူတွေကမကိုင်နဲ့ ..။မရွှေ့ နဲ့ ..လို့ ၀ိုင်းပြောကြ လို့  ပြန်လာရတယ် တဲ့..။အဲဒီလိုနဲ့  ဒီကိစ္စလဲ ဆရာကြီးပဲ ရှင်းပေးပါဆိုလို့  ဘိုင်စကယ်လေးနဲ့  သွားရွှေ့ ပေးလိုက်ရသေး တယ်..။ပါလီမန် အတွင်းဝန်ဟောင်းဘုရားလူကြီး ဦးအေး ကတောင်ဘုရားထဲက ထွက်အလာ မြင်သွားပြီး ရီသွားပါသေးတယ်..။အော်..လူထု သြဇာကြီးလာတော့လည်း..ရဲတွေတောင် ကြောက်သွားကြပါလား..လို့ သတိပြုမိလိုက် ပါတယ်..။ဒါနဲ့  ညနေ(၄)နာရီခွဲ လောက်မှာ လူစု ခွဲ လိုက် ကြပါတယ်..။
အဲဒီညမှာပဲ ကျနော် ကောင်စီမှာ ညအိပ်ဖို့ ဂျူတီရှိပါတယ်..။အိမ်ပြန်ရောက်တော့ အကိုက လာပြောပါတယ်..။ “ မင်း လုပ်ရပ်ကို တမြို့ လုံးက ထောက်ခံတယ်...။ သိပ်မှန်တဲ့  လုပ်ရပ်”လို့ ပြောပါတယ်..။ညစာ စားဖို့ မှတ်တိုင်လမ်းက အမအိမ်ကို သွားတော့ ကျနော့်ကို တွေ့ ဖို့  ထိုင်စောင့်နေကြတဲ့  ..လူကြီး လူငယ် ကျောင်းသားများကို တွေ့လိုက်ရပါတယ်..။လူကြီးတွေကတော့ ( ကွန်ဂရက်ကျူ
လေးရှင်း..) ချီးမွမ်းကြတယ်..။လူငယ်နဲ့  ကျောင်းသားတွေကတော့အာဏာပိုင်တွေ ရဲ့  အပြုအမူ..။ကျနော်မမြင်မတွေ့ လိုက်ရတဲ့  အပိုင်း တွေကို တင်ပြ မေးမြန်းကြပါတယ်..။
ကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ချစ်ကကျောင်းသားတွေကို အာဇာနည် ကျောက်တိုင်မှာစုနေတုံး အသံချဲ့ စက်နေ ပစ်မိန့်ပေးသွားတယ်..ဆိုတာ ဟုတ်လား..လို့ မေးကြပါတယ်..။“ မဟုတ်ပါဘူး..။သူ့ဟာသူ ကားနဲ့  ပြန်သွားတာပါ..” လို့  ပြန်ပြောတော့  မြင့်ကဖီး ရှေ့ မှာ အော်သွားတာကို ကြားတဲ့  လူက ကြားတယ်..လို့  ပြောကြပြန်ပါတယ်..။ကျနော်ကြားလိုက် တဲ့ “ မဆိုင်တဲ့ သူတွေ ရပ်ကြည့် မနေပါနဲ့ ..။ကိုယ့်လမ်းကို သွားကြပါ..”ဆိုတာကို တောင် ပြန်မပြောရဲပါ။အဲဒီစကားရဲ့  အဓိပါယ်မှာ မကြာခင် ပစ်ချင် ပစ်မယ် ဆိုတဲ့  သဘောယူဆနိုင်တာကိုး..။သူ့ မှာ ပစ်မိန့်ပေးနိုင်တဲ့  ပါဝါ လုံးဝ မရှိပါဘူး..လို့ ပဲ ပိုင်ပိုင် ပြောပြရပါတယ်..။
ကောင်စီက ပုဒ်မ (၁၄၄) ထုတ်တော့မယ် ဆိုတာ ကျနော် ကိုပြောခိုင်း ရုံမက သူတို့ဘာသာ ခပ်တိုးတိုး အစမ်းကြေညာတာတွေ လုပ်ပြီးမှ ဘာလို့  သဘောထား ပြောင်းသွား တာလဲ..ဆိုတာကိုတက္ကသိုလ် ကျောင်းသား အသိုင်းအ၀ိုင်းက မေးပါတယ်..။“ ဒါကတော့ ..သူတို့လည်း ဖိန့်( Faint) လုပ်ကြည့်တာနေမှာပေါ့ကွာ..။နောက်တော့လည်း ကိုယ့်မြို့ သားတွေ အချင်းချင်း ဘယ်လုပ်ပါ့ မလဲ ” လို့  ပြောရပါတယ်..။
မနက်ဖန် အစီအစဉ် ဘာရှိလဲ ..လို့  မေးကြပြန်ပါတယ်..။ဒါတော့ငါလဲ မပြောနိုင်ဘူး..။သိလည်းမသိဘူး..။မင်းတို့  မှာ ရှိတဲ့  အစီအစဉ်လည်း ငါ့ ကို မပြောနဲ့ ..။ငါကမီဒီယေတာ (Mediator)လုပ်နေတာ။နှစ်ဖက်ချွန် သတင်းပေးတော့ မလုပ်ပရစေနဲ့ ..ဆိုတော့ ကျောင်းသားတွေလူငယ်တွေက သဘောပေါက်နားလည်ကြပါတယ်..။
အဲဒီကျမှ အားလုံး အေးအေးချမ်းချမ်း ဆိုပေမယ့်ဘုရားကြီးလမ်းက တရုတ်ဓါတ်ပုံတိုက်တတိုက်ကိုတော့  တော်တော် ပြင်းပြင်းထန်ထန် ခဲနဲ့  ထုသွားကြတာကိုသိလိုက်ရတယ်..။လူစုပြီး လှည့်လည်တော့ အလံထူရင် ကောင်းမယ် ဆိုပြီး မ.ဆ.လ အလံ..(လက်ရှိအလံ)ကို
ဇောက်ထိုး လုပ်ပြီး လွှင့်ပုံ.။ဟိုး ..၁၉၆၀ လောက်က ကျောင်းသားသမဂခေါင်းဆောင် ဦးမြစန်း(၃၇)လမ်း ရဲ့ အိမ်က သေတ္တာထဲမှာ သေသေချာချာ သိမ်းထားတဲ့  ခွပ်ဒေါင်း အလံကိုသူ့သားက ထုတ်ယူလို့  အဖေက တံခါး ပိတ်ထားတာ..။
သားက ပြူတင်းပေါက်က ခုန်ချထွက်ပြီး မြို့  မြောက်ပိုင်းရောက်တော့ခွပ်ဒေါင်း အလံကို လွှင့် နိုင်ခဲ့ တာ။ဘယ်သူကတော့ ကြောက်နေတာ..။ဘယ်သူကတော့ ခေါ်တာတောင်..ပုန်းနေတာ..။ဘယ်သူကတော့ ဘယ်လိုမှ မထင်ရပဲ နဲ့  ရဲရဲဝံ့ ဝံ့  ပါလာတာ..။ လမ်းစဉ်လူငယ် ဆိုတဲ့ ကောင်တွေတောင် လိုက်လာကြတာ..။သူတို့ ကျောင်းသား လူငယ်တွေ ဒီနေ့  အတွေ့ အကြုံ တွေကို ပြန်ပြောကြ လို့ သိရပါတယ်..။သိပ်သိနေရင်လည်း မကောင်းသေးဘူး လေ..လို့  သဘောထားပြီး အသာ စကားဖြတ်ကာ ထမင်းစားပါတယ်..။
(၁၃။ တပြည်လုံး ကျောင်းတွေ ပိတ်လိုက်ပြီ)
Comments