ရက်ဆက် ဆန္ဒပြပွဲများ စနစ်တကျ - (၁၄)
အုန်းနိုင်
စင်တင်ဘာ ၁၀၊ ၂၀၁၃
နောက်တနေ့  လင်းခဲ့ ပြန်ပါပြီ..။သြဂုတ်လ (၉) ရက်နေ့ ပေါ့..။မနက်ထမင်းကြမ်းစား ..။ရေနွေးသောက်ပြီး ရုံးကို ၉နာရီလောက်မှာပဲ ထွက်ခဲ့ ပါတယ်..။ရုံးတောင်မရောက်သေးပါ..။ကောင်စီရုံး ရှေ့ တင်ပဲ အထကဘက်က ကျောင်းသားတွေ တန်းစီပြီး ချီတက်လာတာ တွေ့ လိုက်ရပါတယ်..။ကျနော်ဘိုင်စကယ်ပေါ်ကဆင်းလိုက်တာနဲ့  ကောင်စီရုံးထဲက တယောက် ပြေးထွက်လာပြီး ဘိုင်စကယ်ကိုတွန်း ယူသွားပါတယ်..။
ကျောင်းသားတန်းကြီးဟာ ဒီနေ့ တော့ ဘေးကနေဆရာဆရာမတွေ စနစ်တကျ ထိန်းပြီး လိုက်လာတာ တွေ့ ရပါတယ်..။ရှေ့ ဆုံးက ဆရာဦးလှသိန်းက ခဏရပ်ကြဦး..။ ဆရာကြီး ဘာပြောဦးမလဲ...လို့ဆိုပြီး ကျောင်းသားတွေကို ရပ်ခိုင်းလိုက်ပါတယ်..။ကျနော်ကဆက်သွား..ဆက်သွား ..ဆိုပြီး သူတို့ရှေ့ ခပ်လှမ်းလှမ်းကနေ လမ်းရှင်းပြီး သွားနှင့်ပါတယ်..။လမ်းမှာတွေ့ တဲ့ ကားတွေကို လမ်းဘေးချ ရပ်ခိုင်းလိုက်ပါတယ်..။အာဇာနည် ကျောက်တိုင် ရှေ့ မှာ လူရှင်းလိုက်ပါတယ်..။ဘိုင်စကယ်တွေ ဆိုက်ကားတွေ ဖယ်ခိုင်းလိုက်ပါတယ်..။ကျောင်းသားတွေ ရောက်ရင် အဆင်သင့် ဖြစ်အောင်ပေါ့..။
ဒီ အချိန်မှာ ၁၅လမ်းက ဒေါ်တင်လှ က “ ဆရာကြီး ကျမကလေးတွေကို ချိုချဉ် ဝေချင်တယ်။ ဝေလို့  ရမလား ” လို့  မေးပါတယ်..။“ အဆိပ် မဟုတ်ရင် ..ပြီးရော။သောက်ရေအိုး တွေ ဘာတွေ ချပေးနိုင် ရင်သာတောင်ကောင်းသေးတယ်” လို့  ကျနော်က ပြန်ပြောလိုက်ပါတယ်..။ နောက်တယောက်က ၃၇လမ်းက ဆရာဦးထွန်းကျင်ပါ..။တလမ်းထဲ သား..။ဆွေမျိုးလည်း တော်ပါတယ်..။သူက “ ညီလေး..။ငါ ..ကလေးတွေကိုလော်စပီကာ ဆင်ပေးချင်တယ်” တဲ့ ..။ကျနော်က “ သဘော..သဘော” လို့  ပြောလိုက်တော့ ..ကျောင်းသားတွေ အာဇာနည်ကျောက်တိုင်ရှေ့  ရောက်လာချိန်မှာ အာဇာနည် ကျောက်တိုင်ကို နောက်ခံပြုပြီးခွပ်ဒေါင်းအလံ နဲ့  စင်မြင့်နဲ့  အသံချဲ့  စက်နဲ့  ဖြစ်နေပါပြီ..။
မနေ့ ညနေကတည်းက ရင်းနှီးရာ လူများကို ကူထိန်းကြဖို့ပြောထားလို့.. အနားမှာလည်း ၀ိုင်းဝန်း ထိန်းမဲ့ လူတွေ ရောက်နေကြပါတယ်.။ဆရာဆရာမတွေလည်း ပါတာမို့ကျန်တဲ့  အစီအစဉ်တွေကိုတော့ အသာ ဘေးကပဲ ကြည့်နေလိုက်ပါတယ်..။ဒီ အချိန်မှာ ဦးအောင်ကြီးပုံတူ ပိတ်ကားကြီး တခုကိုကိုင်လာတဲ့  လူငယ်တချို့  ကိုလည်း တွေ့ လိုက်ရပါတယ်..။ဦးအောင်ကြီးကလည်း ဒီအချိန်မှာ ဦးနေ၀င်းဆီ အိတ်ဖွင့် ပေးစာ ပေးပို့ပြီး ကျောင်းသားလှုပ်ရှားမှုတွေကိုရက်ရက်စက်စက် နှိမ်နင်းပုံတွေကို ဖော်ပြခဲ့ လို့ ..နာမယ်ကြီးပြီး..။ဦးစိန်လွင် တက်အလာမှာ ချက်ချင်း ဖမ်းခံထားရတဲ့ အချိန် ဖြစ်ပါတယ်..။ဒါကြောင့်ကြွေးကြော်သံတွေ ထဲမှာ..
“ ဦးအောင်ကြီး..လွှတ်ပေး..လွှတ်ပေး” တို့
“ ဆန်တပြည်..ဆယ့်ငါးပြား..အောင်ကြီးလာမှ..စား”
“ ဆန်တပြည် ၁၅ကျပ်.. ..စိန်လွင့် ခေါင်းကို ဖြတ်” ဆိုတာတွေပါလာတယ်.။ဒီနေ့ တော့ တက္ကသိုလ်ပြန်ကျောင်းသားတွေ နဲ့  လူငယ်ပိုင်းကပါ စနစ်တကျ ပါဝင် ဦးဆောင်ကြတဲ့ အပြင် ၊ဆရာဆရာမတွေနဲ့ လည်းလိုင်းတူသွားပြီး..။မူလတန်း ကျောင်းတွေ ပိတ်လိုက်လို့မူလတန်းဆရာငယ်တွေပါ ဒီ ဆန္ဒပြပွဲမှာ လာရောက်ပူးပေါင်း မိသွားကြပါပြီ..။
ခဏပဲ လူစု တရားဟောပြီး မြို့ တွင်းကို စနစ်တကျလှည့်လည် ဆန္ဒပြကြပါတယ်..။ဒီနေ့ မှာဘာပြသနာမှ ကြီးကြီး ကျယ်ကျယ် မရှိပါဘူး..။စီတန်းလှည့်လည် ပွဲမှာကျောင်းတွေပိတ်လိုက်ပြီမို့ မူလတန်းအလယ်တန်း ၊အထက်တန်း ဆရာဆရာမတွေ ပါ ပါလာပြီး..။တချို့  ရုံးတွေကရုံးဝန်ထမ်းတွေပါ ပါလာကြပါပြီ..။အဲဒီအထဲက ပဲ ခေါင်းဆောင် အုပ်စုများ တစ်စုနဲ့  တစ်စုဆက်သွယ်မိကြပြီး နောက်တနေ့  အစီအစဉ်များကို ချမှတ် လိုက်ကြပါတယ်..။သြ ဂုတ်လ (၁၀) ရက်နေ့ ကျရင်တော့ ကျေးရွာအုပ်စု အသီးသီးက လယ်သမားတွေကိုပါ ဖိတ်ခေါ်လိုက် ကြတယ်..။ဆိုင်ရာ ဆိုင်ရာ ကိုယ်နဲ့ ပတ်သက်တဲ့  ရွာ အသီးသီးကို စာတိုစာရှည်တွေ (၉)ရက်နေ့  နေ့လည်မှာပဲ ဖြန့်လိုက်ကြပါတယ်..။ရွာတွေကချီတက်လာမဲ့  လူထု အတွက်ရောမြို့ ပေါ်က ဆန္ဒပြ လူထုကြီး အတွက်ပါ မြို့ ပေါ် ရပ်ကွက် အသီးသီးကိုထမင်း ထုတ်များ ကောက်ခံလိုက်ကြတယ်..။အဲဒီမှာ အံ့ သြစရာ ကောင်းတာက ကြိုတင်ဖွဲ့ စည်းထားတဲ့  အဖွဲ့အစည်း မရှိပဲ နဲ့  ရပ်ကွက် အလိုက် ထမင်းထုတ် ကောက်ခံပေးသူတွေ ပေါ်လာပါတယ်..။ထမင်းထုပ်ကလည်း တအိမ်တထုပ်ရယ်လို့တောင် မဟုတ်ပါဘူး..။ တအိမ်ထဲက လေးငါးဆယ် ထုပ် ပေးတဲ့  သူကပေးလိုက်သေးတယ်..။ထမင်းထုပ်သယ်ဖို့ ကို ဆိုက်ကား ဆရာတွေကလည်း ပြောစရာ မလိုအောင်ကို အလကားလိုက်ကူညီကြသေးတယ်..။
အဲဒီအချိန်မှာ ဆိုက်ကားခ ပေးစရာ ရံပုံငွေ တွေ ဘာတွေလဲ ရှိတာမှမဟုတ်တာ..။အားလုံး ကိုယ့် အသိစိတ်ဓါတ် နဲ့ ကိုယ် လုပ်နေကြတာပါပဲ..။ဒါပေမဲ့  ပြောစရာလေး တခုတလေ တော့ရှိပါတယ်.။အဲဒါကတော့ဦးအောင်ကြီးရဲ့  ပုံတူ ပိတ်ကားကြီး ပေါ်လာပြီးတော့ ..ဦးအောင်ကြီးရဲ့ ဆွေမျိုး တသိုက်ဆီက ရံပုံငွေအတော်များများ ကောက်သွားခံရတာပါပဲ..။ဒါကို ကျောင်းသားတယောက်ရဲ့  အဖေက
စနစ်တကျ ပဲ လုပ်သွား တာလို့ သိရတယ်..။သူကတော့ အခြေအနေကို အခွင့်ကောင်းယူပြီးဦးအောင်ကြီး ဆွေမျိုးတွေ ဆီကရံပုံငွေ အဲဒီ အချိန်က ၅၀၀၀ကျပ် ရအောင် တောင်းသွားတယ် ဆိုတာ နောက်မှသိရပါတယ်..။ပွဲ လန့်တုန်းဖျာခင်း တတ်သူတွေကတော့ အချိန်တိုင်း အခြေအနေ တိုင်းမှာ ရှိစမြဲ ပါဘဲ..။
(၁၅) တွင်..ရန်ကုန်မှာတော့ သားသတ်သမား လက်စွမ်းပြပြီ..ကို ဆက်ပါမယ်)
Comments