Saung Luu - Essay

သူဖုန်းစားတယောက်ရဲ့ သေတမ်းစာ
ဆောင်းလူ
စက်တင်ဘာ ၉ ၊ ၂၀၁၃



ငါ မရှိတော့ရင် မြွေရေခွံအိတ်ကွက်ကျားခင်းထားတဲ့ ကျောတခင်းစာကို စည်ပင်က မသိမ်းမခြင်း ငါနဲ့ ဒိုးတူဘောင်ဖက် တောင်းရမ်းစားခဲ့တဲ့ ငါ့မိန်းမက ရစေ ...။ 

ငါပိုင်ဆိုင်တဲ့ တောင်းစားလက်နက် ခွက်အစုတ်ကို အိပ်မက်မြင့်မြင့်မက်တတ်တဲ့ သားအကြီးက ရစေ ...။ ပြည်တွင်းအရေး ပြည်ပအရေး .. အချိန်နဲ့တပြေးတည်း သိစေလို့ တောင်းစားခွင်ကို ချဲ့ထွင်နိုင်ဖို့ ငါ အမြဲနားဆင်တဲ့ ကက်ဆက်အစုတ်တလုံးပါ ရစေ ..။

သူတောင်းစားအဆောင်အယောင် ပတ်တီး .. ဆေးနဲ့ ချိုင်းဒေါက်တို့အား သားအငယ်က ယူစေ ...။ ဆထက်ထပိုး အနာဂတ်အကျိုးအတွက် တောင်းစားနည်း ချဲ့ထွင် နိုင်အောင် ငါကိုယ်တိုင် မှတ်တမ်းတင် တီထွင်ပြုစုထားတဲ့ မျက်နှာမြင် ငွေပေးပါစေ .. သနားကျမ်း ... ပါ ရစေ ...။ 

ငါ့သမီးကြီးက တို့မျိုးရိုး သူတောင်းစားဂုဏ်ကို ရေရှည်တည်တံ့ခိုင်မြဲစွာ မြှင့်တင်နိုင်ဖို့ .. သုဿန်တဖက်ခြမ်း အပိုင်စားရတဲ့ သုဘရာဇာ သူတောင်းစားအို သူကြီးမျိုးရိုးက သူတို့သားအတွက် တင်တောင်းလာတဲ့ တောင်းစားလက်နက် ပလတ်စတစ်ခွက် နှစ်လုံးနဲ့ ပေါက်တူး တလက်ကိုလက်ခံလို့ မျိုးရိုးဂုဏ်ကို မြှင့်တင်စေ ..။ အကယ်၍ ငါစီမံသည်အား လက်မခံ ကလန်ကဆန်လုပ် .. မိဘမျက်နှာအား အိုးမဲသုတ်ပါက ... ငါပိုင်ဆိုင်ရာအား လက်ဖျားဖြင့် စိုးစဉ်းမျှ ထိခွင့်မရှိ ...။ 

ငါ့မြေး ... ငါ့တီ .. ငါ့ကျွတ်တို့ခေတ်မှာ ... ခေတ်မှီလာသည်နှင့်အမျှ ... နိုင်ငံတကာဝင်ဆံ့လာသည့် တောင်းစားနည်းအဖုံဖုံတို့အား တီထွင် ကြံဆထိုးထွင်းကာ မျိုးရိုးဂုဏ်ကို မြှင့်တင်ပါ။ ခေတ်မှီလာတဲ့ တောင်းစားနည်းတို့နှင့်အတူ တောင်းစားလက်နက်တို့ကို ခွက်မပါ ခွက်ပျောက်ရိုက်တဲ့စနစ်သို့တိုင် တီထွင်ကြံဆ မျိုးရိုးဂုဏ်မြှင့်တင်ပါ။ သမီးကြီးသည်လည်း နောင်ဖြစ်လာလတ္တံ့သော မျိုးဆက်သစ်တို့အား .. ခွက်တလှည့် ...ပေါက်တူးတလှည့်ဖြင့် လုပ်ငန်းတိုးမြှင့်နိုင်အောင်ဆောင်ရွက်စီမံ၍ .. မျိုးရိုးဂုဏ်မြှင့်တင်ပါ။


ငါသေတမ်းစာအား ဖတ်ပြီးသမျှ မလိုက်နာပါက ... ငါ့ရှေ့နေ သုဘရာဇာအိုကြီးစီမံသမျှ လိုက်နာစေ ...။

Comments