U WIn Tin - 25 years NLD

စစ်ငါးမန်းအုပ်ကြား 
ဆူနာငွေလှိုင်း ဒုံးစိုင်းသွား
ဖီးနစ် တွန်သံကြား

ဦးဝင်းတင်၊ စက်တင်ဘာ ၃၀၊ ၂၀၁၃

ဒီနေ့ စက်တင်ဘာလ ၂၃ ရက်။ လေး-ငါးရက်ဆိုင် စက်တင်ဘာ ၂၇ ရက်။ အဲဒီနေ့ကို မှတ်မိကြရဲ့မဟုတ်လား။ ငွေကြယ်ဖြူရဲ့ အလင်းတန်း အောက်မိုးထောင်မပစ်။ တည့်တည့်ပစ်တဲ့ သေနတ်ပြောင်းဝတွေရဲ့ ရှေ့လျှောက်၊ ကမမ္ဘာမကျေဘူး၊ ဒို့အရေး ဟစ်ကြွေးသံတွေ မိုးယံဖောက်တဲ့ မကြောတ်တရားနေ့တွေရဲ့အလွန်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး (ဒီချုပ်) သက်ဝင်ပေါက်ဖွား လှုပ်ရှားရုန်းကန်ခြင်း စတင်တဲ့နေ့လေဗျာ။
အဲဒီနေ့မှာ အဲဒီကဗျာလိုလို စာတိုတိုလေးကို ကျုပ်စာရွက်ပေါ်ရေးချင်တယ်။ ဆူနာမီဆိုတာ ဧရာမ မြေငလျှင်ကြီးရဲ့နောက်ဆက်တွဲ ပင်လယ်သမုဒ္ဒရာ လှိုင်းမဟာကြီးတွေပေါ့။ ဖီးနစ်မီးလျှံ ငှက်ဆိုတာ သေကိန်းကြုံတိုင်း မီးပုံကြီးထဲ ခုန်ဆင်း၊ မီးလျှံနင်းတက်၊ အသက်ဆက်တဲ့ ဒဏ္ဍာရီငှက် ဖြစ်တယ်။ မြန်မာရိုးရာ ဒဏ္ဍာရီထဲက သေရိုးမရှိတဲ့ ဇာမရီငှက်မျိုးဆိုပါတော့။ 
တိုက်ဆိုင်လို့ပြောရဦးမယ်။ စစ်အာဏာရှင်တွေရဲ့ထောင်မှာ ကျုပ် ရက် ခုနှစ်ထောင်လောက် နေခဲ့ရတယ်။ ၁၉၈၉ ဂျူလိုင်က ၂၀၁၀ စက်တင်ဘာအထိ။ စက်တင်ဘာ ၂၃ ရက်မှာ ကျုပ်ထောင်က လွတ်တယ်။ လဒသေကောင်ကို ခွေးတွေဝိုင်းဆွဲကြသလို ထောင်ကြိုထောင်ကြားက ကားအတင်း ဖြတ်မောင်းတယ်။ ကျုပ်ကို အိမ်ပြန်ပို့တယ်။
ကျုပ် ထောင်ပြည်တော်မှာ ထောင်နန်းစံတုန်း ပါတီရဲဘော်တစ်ယောက် ရွှေရတုမွေးနေ့ ကြုံတယ်။ ဘာလက်ဆောင်မှပေးစရာမရှိ။ ကျုပ်ကဗျာတပုဒ်ရေးပေးလိုက်တယ်။ ဂျပန်ဟိုက်ကု ကဗျာပုံစံ။

စစ်ခွေးသံတိုင်ကြား
ရွှေမြစ်တစင်း စီးဆင်းသွား
ခွပ်ဒေါင်းတွန်သံကြား။

ဒီနေ့ဒီချုပ်ရဲ့ ၂၅ နှစ်မြောက်မွေးနေ့ဆိုတော့ “ဆူနာမီငွေလှိုင်း ဒုံးစိုင်းတာပေါ့ဗျာ။ ခွပ် ဒေါင်းတွန်သံမကြား၊ ဘာကြောင့်များ မီးလျှံဖီးနစ် ငှက်တွန်သံ ကြားရတာပါလိမ့်။
စောစောကပြောခဲ့သလို မီးလျှံဖီးနစ်ငှက် အာဇာနည်မျိုးသေရိုးမရှိတဲ့ငှက်။ သေကိန်းကြုံတိုင်း မီးလျှံမီးပုံထဲ ခုန်ဆင်းတယ်။ သက်ရှင်သန်စွမ်း ပျံသန်းပြန်သတဲ့။ ဒီငှက်အကြောင်း ကမ္ဘာ့စာပေ၊ တရုတ်ကဗျာတွေ၊ အင်္ဂလိပ်ကဗျာတွေမှာ ကောင်းကောင်းစာဖွဲ့ခဲ့တယ်။ ကမ္ဘာကျော်အင်္ဂလိပ်ကဗျာဆရာကြီး ရှိုက်စပီးယားက ကြံကြံဖန်ဖန်မီးလျှံငှက်နဲ့ လိပ်ကောင်ကို ဇာတ်ဆောင်ထား ကဗျာဖွဲ့ဖူးသေးတယ်။ ဒီနေ့သာ ရှိုတ်စပီးယား သက်ရှိထင်ရှားသေးရင် သေရိုးမရှိ နိုင်ငံရေးဦးသက်ပြင်း ဒီချုပ်ကြီးကို ဖီးနစ်ငှက်နဲ့ နှိုင်းခိုင်းမယ်။ ကဗျာသီဖွဲ့မယ်။ ဒီချုပ်နဲ့ ဖီးနစ်ငှက် ဖီးနစ်ငှက်နဲ့ ဒီချုပ် ထပ်တူသဘောဝေါဟာရတွေ ဖြစ်လာလိမ့်မယ်လားလို့တောင်မှ ကျုပ်တွေးယောင်မိတယ်။
ကျုပ်အတွေးမလွန်ဘူးလို့ အများကလဲ ထင်ကြမှာပါ။
ဖြတ်သန်းခဲ့တဲ့ ဒီချုပ်ကြီးရဲ့ ငွေရောင်နေ့များကို ပြန်ပြောင်းအောက်မေ့ကြည့်လေ။ နိုင်ငံရေး သေမင်းနဲ့ စခန်း သွားခဲ့ရတာ အကြိမ်အခါ အရာအထောင်ထက် မနည်းပါကလား။ အလီလီအလာလာ အခါခါ အထပ်ထပ်ပါကလား။ သိမြင်ကြမှာပေါ့။
ဒီချုပ်စတင်ဖွဲ့စည်းတော့ အမာခံဇာစ်မြစ်က စစ်သွေးစစ်နွယ်တွေ ဖြစ်နေတယ်။ ဘယ်သူက အပျက်မြင်ပြီး၊ ဘယ်သူက အကွက်ဆင်လိုက်မှန်းမသိ။ နေညီနှစ်ယောက် (ဗိုလ်ချုပ်ကြီးနေ၀င်း နဲ့ တန်းစီညာညှိခဲ့သူတွေ)နဲ့ လေဒီတစ်ယောက်ပေါင်းပြီး အောင်စုတင်လို့ ဦးထိပ်ပန်ဆင်ခဲ့ကြတာကိုး။ ကံကောင်းလို့ ဒီချုပ်သက်ဆိုးရှည်ခဲ့တယ်။ ဒါတောင် နှစ်လအတွင်း ပါတီနှစ်ခြမ်း ဗျန်းဗျန်း ကွဲရော။
မကြာလိုက်ဘူး။ ဒီချုပ်ထိပ်သီးခေါင်းဆောင်တွေ ထောင်ထဲရောက် ကုန်တယ်။ ၁၉၉၀မှ အထွေထွေ ရွေးကောက်ပွဲကြီးလုပ်တယ်။ ဒီချုပ်ဝက်ဝက်ကွဲနိုင်တယ်။ စစ်အစိုးရက အာဏာမလွှဲဘူး။ နင်အကောင်ကြီးတယ်။ နှစ်ခါပြန်လျှောက်ဆိုတဲ့အကိုင်နဲ့တိုးတယ်။ ဒီချုပ်အမတ်တွေ အဖမ်းခံရ၊ ပြည်ပပြေးရ၊
ကျန်စစ်သားခေါင်းဆောင်မှုက အမျိုးသားညီလာခံထဲ တန်းစီချီတက်သွားတယ်။ ဒေါ်စုလွတ်လာပေလို့။ မနည်းပြန်ဆွဲထုတ်ရတယ်။ ဒါပေမဲ့ အဲဒီ “ညောင်နှစ်ပင်” ဒဏ်နဲ့ ဒီချုပ်ဖရိုဖရဲနဲ့ အမွှာမွှာ ကွဲကိုကွဲ၊ အမိန့်တော်အရ ဖြုတ်ထုတ်ကွဲတွေပေါ်လိုပေါ်။ နိုင်ငံရေးအမဲလုံးပစ်ခံရလို့ ခေါင်းဆောင်ပိုင်းအပဲ့အကြွေ၊ အကွေအကွာတွေ ဖြစ်လိုဖြစ်။
ဒေါ်စုလွတ်လာပြန်တော့ ပါတီဝင်တွေကို ပတ်တုတ်လို့ ပြန်ပေါင်းထုပ်ဇာတ်ပွဲကို မပျော့် တပျော် ဆင်နွှဲရပြန်တယ်။
အဲဒီမှာ အပဲ့အအက် အပျက်အလိန် နောက်ချိန်ဇာတ်လမ်းလေးတွေဟာ ၂၀၁၀ အာဏာရှင် အမွေခံတွေရဲ့ နိုင်ငံရေးခေါစာပစ်ပွဲ ဘုဉ္စဟိနွှဲကြချိန်ထိ ပါတီရဲ့ကလိစာ တွေကို အဖြည်အခွာ အဆုတ်အဖြဲလုပ်နေကြတုန်းပဲ။
ဒါပေမယ့် ပြည်သူတွေရဲ့ နိုင်ငံရေးအပြောင်းအလဲ ဇာတ်လမ်းကွဲတွေက သူ့အရပ်နဲ့သူ့ဇာတ် မပြတ်မတောက် ဆက်ပျော်ဆက်ကနေကြတာပါပဲ။ ဒီကြားထဲ ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီးမျိုးကို စစ်အာဏာရှင်တွေက ပွဲသွင်းကြတယ်။ ဒီမိုကရေစီဘက်တော်သားတိုင်းသားပြည်သူရဟန်းရှင်လူတွေက ရွှေဝါရောင်တော်လှန်ရေးလို နိုင်ငံရေးလှုပ်ရှားမှုကြီးမျိုးကို ပွဲသွင်းကြတယ်။
နောက်ဆုံး ငွေရတုအခါတော်ကြီးကိုရောက်တော့ ဒီချုပ်ဟာ မူလဘူတမူဝါဒတွေမှာ ပိုမိုစွဲမြဲခိုင်မာလာပြီ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူလူထုကြီးက ၁၉၉၀ရဲ့ အနိုင်အိပ်မက် တွေကို ဒီချုပ်လက်ရောက်အပ်လိုက်ပြန်ပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမဆုံး ပြည်လုံးကျွတ်ညီလာခံကြီး ကျင်းပနိုင်လိုက်ပြီ။ ပါတီဝင်ထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ပွဲတွေနဲ့ ပါတီခေါင်းဆောင်မှု အဆင့်ဆင့်ကို ရွေးတင်လိုက်ပြီ။ အောက်ခြေရပ်ကွက် ကျေးရွာအဆင့်ကနေ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ဗဟိုအထိ အဆင့်ဆင့် ရွေးချယ်လိုက်တာဖြစ်တယ်။
ဟော …  ဒီအချိန်မှာတော့ မသေကောင်း မပျောက်ကောင်းဒီချုပ်အကြိမ်ကြိမ် အဖန်ဖန်ရှင် ပြန်ထမြောက်ခြင်းနဲ့ နိုင်ငံရေးလူလားမြောက်ခဲ့ပြီ။
အားလုံး ၀မ်းမြောက်ကြလော့။ အားလုံးရွှန်လန်းကြလော့။ အားလုံးအားတက်ကြလော့။
အခါတော်ရောက်ပြီမို့ ပြည်တော်ဝင်ကြရတော့မယ်။ အားလုံးအားတင်းကြ၊ အားလုံးမာန်သွင်းကြ။ အားလုံးဥာဏ်လင်းကြ။
ဖီးနစ်စီးလျှံငှက်စိတ်ဓာတ်သစ်မွေး ခေတ်ဟောင်းက မသေကောင်းမပျောက်ကောင်း နိုင်ငံရေးဘ၀ဆိုးတွေကို လွမ်းသကြ။
ခွပ်ဒေါင်းအရေးတော်ပုံစိတ်ဓာတ်မွေးကြ အနာဂတ်မှာ ဒီမိုကရေစီလူ့ဘောင်သစ်နဲ့ ပြည်ထောင်စုသစ် ထူထောင် တည်ဆောက်ရေး နိုင်ငံရေးတာဝန်တွေကို ဖြည့်ဆည်းကြ။

ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၃၇)။


Comments