စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် (မိုးမခစာအုပ်အညွှန်း)
ဇော်အောင် (မုံရွာ)
စက်တင်ဘာ ၁၀၊ ၂၀၁၃
စာအုပ်မှတ်တမ်းတစ်ခုဖြစ်သည်။ မသီတာ(စမ်းချောင်း) ဆရာဝန်စာရေးဆရာမ ရေးသားပြုစုသည့်စာအုပ်ဖြစ်သည်။ စမ်းချောင်းတွင် ဘဝအစပြုခဲ့ရပြီး ဆယ်ကျော်သက်အရွယ်က ဝတ္တုတိုများကို မဂ္ဂဇင်းများတွင်များစွာ ရွေးချယ်ဖေါ်ပြခံရသည်။ ဆေးကျောင်းသူ နောက်ဆုံးနှစ်တွင် ၁၉၈၈ အရေးအခင်းကြီးဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်၊ ပါဝင်လှုပ်ရှားခဲ့ရသည်ပြီးနောက်၊ စစ်အာဏာ သိမ်းခြင်း၊ စစ်တပ်မှအတုယောင်ရွေးကောက်ပွဲကျင်းပခြင်း၊ အမျိုးသားဒီမိုကရေးအဖွဲ့ဝင်များနှင့်လှုပ်ရှားရင်း ၁၉၉၃တွင် ထောင် အနှစ် ၂၀ ကျခဲ့သည်။
၅နှစ်၊ခြောက်လ၊ခြောက်ရက် နေခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။ ထောင်အကျဉ်းကျကာလ အခြေအနေများကို အထူး ရေးသားမှတ်တမ်း တင်ရာတွင်၊ ကမ္ဘာ့နိုင်ငံရေးအပြောင်းလဲများ၊ မြန်မာ့နိုင်ငံရေးအခြေ အနေများကို ယှဉ်တွဲဖေါ်ပြသော သမိုင်းအကျဉ်းချုပ် အဖြစ်၊ ဖတ်ရှုနိုင် သည်။ ဒေါ်အောင်ဆန်းစုကြည် ကြိုက်နှစ်သက်သော အကယ်၍ ကဗျာကို မြန်မာဘာသာပြန်ခဲ့သူဖြစ်သည်။ အင်းစိန်ထောင်တွင်း အမေရိ ကန်လွှတ်တော်အမတ် ရစ်ချက်ဆင်နှင်ကုလသမဂ္ဂ အဖွဲ့ တွေ့ဆုံးခွင့်ရခဲ့သူဖြစ်သည်။ ထောင်တွင်းမိတ်ဆွေများတွင် အခန်းကပ်နေ ခဲ့ရသူ၊ ရှစ်လေးလုံးသတ်ဖြတ်မှုများဖြင့် ထောင်ကျနေသူ၊ ရုပ်ချော၊ အဆိုကောင်းလှသည့် မချူးဆိုသူအကြောင်းကို မိတ်ဆွေအဖြစ် ဖေါ်ပြခဲ့သည်။
စာအုပ်အမှာစာကို ဟံသာဝတီဦးဝင်းတင်၊ (ဦး) မျိုးမြင့်ငြိမ်း၊ ဓမ္မဘေရီအရှင်ဝီရီယ (တောင်စွန်း) ၃ ဦးတို့က ရေးပေးခဲ့သည်။ ငယ်စဉ်ကတည်း က ကျန်းမာရေးမကောင်းသူ၊ ထောင်ကျစဉ် တီဘီရောဂါ ၆ လခန့် သေလုနီးပါး မှားယွင်းကုသခံရခြင်း၊ အမျိုးသမီးရောဂါဖြစ်ခြင်းများကို ပြင်းပြစွာခံစားခဲ့ရပါသည်။ မိမိဆရာဝန်ဘဝက ဆေးရုံတွင် ထောင်ကျနေသော မောင်သော်က ရောက်လာစဉ်၊ တွေ့ဆုံနှုတ်ဆက်ခွင့်ရပြီး၊ ဆရာမောင်သော်က ဆေးရုံတွင်သေဆုံးခဲ့သည်။ သူမလည်း ထိုဆေးရုံတွင် ခေတ္တတက်ရောက်ခဲ့ခြင်းများမှာ ထောင်ကျသူများ၏ ကျန်းမာ ရေးကျဆင်းချိန်ကို ဖတ်ရသူများ ဝမ်းနည်းကျေကွဲမှုဖြစ်စေသည်။ ငယ်စဉ်ကတည်းက တရားထိုင်၊ ဘုရားရှိခိုး ပုံမှန်လုပ်ဖြစ်သူသည် ထောင်တွင်း ဝိပသနာအားထုတ်နိုင်ခဲ့ပြီး၊ ပိုမိုတည်ငြိမ်မှုရရှိခဲ့သည်။ တရားအားထုတ်မှုများကို စာမျက်နှာ ၁၉၁ သံဝေဂအစ ဖြင့်ရေးသာခဲ့ပြီး၊ အားထုတ်မှုနောက်ဆုံးအဆင့်များကို မရေးပါနှင့်ဟု ချမ်းမြေ့ရိပ်သာကျောင်းမှ ဥပဇ္ဈာယ်ဆရာတော်က ဆိုသဖြင့် မဝေငှခဲ့ပါ။
စာမျက်နှာအများစုမှာ အင်းစိန်ထောင်တွင်းအကျဉ်းစခန်းဘဝများကို ရေးသားထားသဖြင့်၊ ဟံသာဝတီဦးဝင်းတင်က သူ့အမှာစာတွင် ဘာလဲဟဲ့..လူ့ငရဲ နောက်ထပ်စာအုပ်တစ်အုပ်ဟု ဆိုခဲ့သည်။ နောက်ဆုံး ၁၉၉၈ ပြန်လည်လွတ်မြောက်ပြီး၊ ဆေးဆရာဝန်အလုပ်ကို ဆက် လုပ်ကာ၊ ဟာဗက်၉လ ပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ထိုအချိန်တွင် အချိန်အားလပ်မှုများရရှိခဲ့ပြီး ယခုစာအုပ်ကို ရေးသားနိုင်ခဲ့ပြီး ၂၀၁၀တွင် ရေးပြီးသည်ဟု ဆိုသည်။ ထောင်မှလွတ်ပြီး ၁၉၉၈နောက်ပိုင်းကို စတိသဘော စာမျက်နှာ၃၀ခန့် ရေးသားရာ တွင်၊ ဟားဗက်အကြောင်းကို စာမျက်နှာ ၄ ခုရေးပြီး၊ စာအုပ်အဆုံးသတ်သည်။
My personal note (ထည့်မရေးလျှင်ကောင်းမလား?)
စာရေးသူ မသီတာ(စမ်းချောင်း) ခွင့်ပြုချက်မရပဲ၊ တစိတ်တပိုင်းဖြစ်စေ၊ အခန်းလိုက်ဖြစ်စေ၊ ဓါတ်ပုံများဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြု၊ စာရေးသူ၏ခွင့်ပြုချက်ရမှသာ တဆင့်ဖော်ပြရန်အသိပေးအပ်သည် ဟု ရေးထားသည်။ အင်တာနက်၊ဖေ့စ်ဘုတ် မီဒီယာတွင် ဖော်ပြ၊ကူးယူခြင်းကို မည်သို့တရားစွဲမည်နည်း။ မြန်မာပြည်တွင် ဆရာသန်းဝင်းလှိုင်၏ စာအုပ်ကို တစ်ပုံစံတည်းထုတ်ပြီး ရေးသူအမည်ပါ ပြောင်းလဲပစ်လိုက်သော စာအုပ်များထုတ်ဝေရောင်းချနေသည်ဟု သိရသည်။ အင်တာနက် ဆော့ကော်ပီ ဖြန့်ဖြူးခြင်းကို တားမြစ်ဖို့မလွယ်သော်လည်း ဝယ်အား၊ဈေးကွက်ကြီးမားသော မြန်မာပြည်တွင်းတွင် ထိုသို့ မူပိုင်ခွင့်ကို မတရားဝိသမစီးပွားရှာသူများအား အရေးယူ၊တရားစွဲ၊ ဒဏ်ငွေတောင်းရန် နိုင်ငံတော်အစိုးရ တရားဥပဒေဌာနမှ မလုပ်ဆောင်နိုင်သေးပါ။ ထို့ကြောင့် 3rd Party Legal Society of Literature စာပေအဖွဲ့အစည်းတစ်ခု ပညာရှင်၊စာပေသမားများ စုပေါင်းလုပ်ဆောင်ဖွဲ့စည်းသင့်လေပြီ။
Her Buddhist practice is written at Page p106-129. Able to download
ထုတ်ဝေသူ
ငါတို့စာပေ Ph +95 (09) 73055543, 559773
အမှတ် (75-D) ဖိုးစိန်လမ်းနှင့်ဗျိုင်းရေအိုးစင်လမ်းထိပ်၊ ဗဟန်း၊ ရန်ကုန်
Comments