မင်းတာရာ - ကြေပြီးပြီမို့ ကျေပါတော့ ...
ကြေပြီးပြီမို့  ကျေပါတော့…
မင်းတာရာ
အောက်တိုဘာ ၁၃၊ ၂၀၁၃
ကိုယ့်အသွေး…ကိုယ့်အသားကို တကျွတ် ကျွတ်
စနစ်တကျ ကိုယ်ပြန်စားတဲ့..ကြောင်စုန်းတကောင်။
ပူရှိန်ပြင်းပြင်းအနုမြူမီးတောင်ကြီးတလုံးလို..
အဆိပ်ငွေ့ ဝေ နီးစပ်ရာကျွမ်းလောင်စေတာ
ဆယ်ရာသီအလီလီ..ဒုက္ခရောင်စုံတွေစီဝေစေခဲ့..။
အထွဋ်အထိပ်ခေါင်းဆောင်လောင်းလျှာတို့ ရဲ့
သန့် ရှင်းအဖြူရောင်အနာဂတ်တွေကို
အရိုင်းဆန်မုန်တိုင်းကြီးလို တ၀ုန်းဝုန်းရိုက်ပုတ်
ကြယ်စင်လေးတွေခမျာ အစုတ်စုတ်အပြတ်ပြတ်
စ လုံးရေး စ သပ်..မရေးတတ်ခဲ့ကြလည်း
ခင်ဗျားကြောင့်ပေါ့...ပြည်တွင်းစစ်ကြီးရာ..
အဖေ မေများစွာတို့ မျက်နာတွေမှာ....
သောကအငွေ့ ပျံ မျက်ရည်တွေရွဲ နစ်နေကြရတာ။
အမှန်တရား..ခမျာ
အမှောင်အားသာလို့  အလင်းငုတ်သျှိုးရသလို
ရမ္မက်လောင်မြိုက် အတ္တအမှောင်တိုက်အောက်
ကိုယ်ရောင်ပျောက် နေရပြီးပြီလေ………..။
စနစ်အမှားနဲ့  စစ်ကစားမှုတွေအောက်
ရွှေရောင်စပါးခင်းတွေ ချိုင့်ခွက်ဗာရပွနဲ့  စစ်တလင်း
ရာသီထိမ်း သစ်တောစ်မ်းစိမ်းတွေ အပိုင်းပိုင်းပြတ်
ကတိတွေကို..ကတိတည်မှုတွေနဲ့ 
အာမာခံချက်တွေ အာမာခံမှုတွေနဲ့ ထိမ်းချုပ်
ငြိမ်းချမ်းရေးဆွေးနွေးရင်း စစ်ဖြစ်နေခြင်းတွေချုပ်ငြိမ်း
စစ်ငြိမ်းမြန်မာပြည်..မကြာမီဖြစ်ပါစေတော့......။     ။