FFSS Yangon Activity,

ကြိုတင်သာဓုခေါ်ပါရစေ
ဦးမြတ်ဆွေ (နာရေးကူညီမှုအသင်း-ရန်ကုန်)
အောက်တိုဘာ ၇၊ ၂၀၁၃



ကျွန်တော်က ရန်ကုန်သားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂ဝဝ၄ ခုနှစ်လောက်က ရန်ကုန်ရောက် တာဆိုတော့ ရန်ကုန်သားတစ်ပိုင်း ဖြစ်နေပါပြီ။ ရန်ကုန်မြို့ မြို့နယ်အတော်များများအနှံ့ ကျွန်တော်ရောက် ဖူးပါတယ်။ နေ့စဉ်နီးပါးလောက် တစ်မြို့နယ် (သို့) တစ်မြို့နယ်သွားနေရတာပါ။ အဲဒီလို သွားနေရတယ်ဆို လို့ ကျွန်တော့်ကို အိမ်ခြံမြေပွဲစားလား .. ဈေးသည်လားလို့ မထင်ပါနဲ့။ ကျွန်တော်က စီးပွားရေးသမား အတ္တသမား မဟုတ်ပါဘူး။ မြို့နယ်အတော်များများကို နေ့စဉ်နီးပါးသွားပြီး အသက် (၇ဝ) နှစ် အထက် သက်ကြီးရွယ်အို အဖိုးအဖွားတွေ၊ ထင်ရှားကျော်ကြားသူတွေကို သွားခေါ်ပေးရတဲ့သူပါ။ ကျွန်တော်သွား ခေါ်ပေးရတဲ့သူတွေက သက်ရှိပုဂ္ဂိုလ်တွေတော့ မဟုတ်ပါဘူး။ ဘဝရဲ့ နောက်ဆုံးခရီးကို ငြိမ်းချမ်းစွာ ထွက်ခွာသွားတဲ့သူတွေပါ။

 

ဟုတ်ပါတယ်။ ကျွန်တော်က သက်မဲ့ပုဂ္ဂိုလ်တွေရဲ့ နောက်ဆုံးခရီးကို (အခမဲ့) ပို့ဆောင်ပေးရတဲ့ ပရဟိတသမားတစ်ယောက်ပါ။ကျွန်တော် အရင်တုန်းကတော့ သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မဝိဟာရကျောင်း တိုက်ထဲမှာနေပါတယ်။ အခုတော့ အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် မှာနေတယ်။ အဲဒီနေရာမှာ “နာရေးကူညီမှုအသင်း(ရန်ကုန်)” ရုံးချုပ်ရှိတယ်။ ကျွန်တော်က အဲဒီအသင်းမှာ အသင်သားတစ်ယောက်ဆိုပါတော့ .. ကျွန်တော့်နာမည်က “TOYOTA CROWN” ပါ။ ကျွန်တော့် မှတ်ပုံ တင်နံပါတ်က “၇ခ/၃၄၆ဝ” ပါ။ ၂ဝဝ၄ ခုနှစ်လောက်ကနေ ဒီကနေ့ ၂ဝ၁၃ ခုနှစ်အထိ ဆယ်နှစ်နီးပါး လောက် ဒီပရဟိတအလုပ်ကို လုပ်ခဲ့ရတာဆိုတော့ ကျွန်တော် သယ်ပို့ပေးခဲ့ရတဲ့ သက်ကြီးရွယ်အို (အဖိုး အဖွားတွေ)၊ ထင်ရှားကျော်ကြားသူတွေ ဘယ်နှစ်ယောက်လောက်ရှိမလဲဆိုတာ တွေးကြည့်ပေါ့ဗျာ … ။



ဒါပေမယ့် ဘယ်လောက်ပဲ နှစ်တွေကြာကြာ .. ဘယ်လောက်ပဲ ခရီးဝေးဝေး .. ဘယ်လောက်ပဲ လူတွေများများ သူတို့ကို ကျွန်တော့်ကျောပေါ်တင်ပြီး မငြီးမငြူ ကြည်ဖြူစွာနဲ့ ခရီးဆုံးအထိရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်နဲ့ အများဆုံးလက်တွဲပြီး ဒီပရဟိတအလုပ်ကို လုပ်ဆောင်ပေးတဲ့သူက တော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌကြီး ဦးကျော်သူပါပဲ။ အဲဒီလို ကျွန်တော်တို့နှစ်ယောက် လက်တွဲပြီး ကူညီဆောင်ရွက်ပေးမှုကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ပြည်သူ တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လေးစားအားကိုး ယုံကြည်လာကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လုပ်တဲ့ ပရဟိတအလုပ်ကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဂုဏ်ယူပီတိ ဖြစ်မိသလို နာရေးကူညီမှုအသင်း ရန်ကုန်)နဲ့ ဥက္ကဋ္ဌ ဦးကျော်သူကိုလည်း ပိုပိုပြီးတော့ လေးစားသံယောဇဉ် တွယ်လာမိပါတယ်။ အသက် ထက်ဆုံးတိုင် ဦးကျော်သူနဲ့ ဒီအသင်းကြီးနဲ့လက်တွဲပြီး ပရဟိတအလုပ်တွေ အောင်မြင်သည်ထက် အောင် မြင်အောင်လုပ်မယ်လို့ သံဓိဋ္ဌာန်ချထားခဲ့မိတယ်။

ဒါပေမယ့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့မှာတော့ ကျွန်တော်ချစ်တဲ့ နာရေးကူညီမှုအ သင်း(ရန်ကုန်)နဲ့ လမ်းခွဲခဲ့ရပါတယ်။ ကျွန်တော် စိတ်မကောင်းစွာနဲ့ ရန်ကုန်မြို့ကနေ ပြည်မြို့ကို ထွက်ခွာ သွားခဲ့ရတယ်။ ဒါပေမယ့် ပြည်မြို့ “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)က ပရဟိတသမားပေါင်းများ စွာက ကျွန်တော့်ကို ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြတဲ့အတွက် ကျွန်တော်အားတက်ပြီး ရွှင်လန်းပီတိ ဖြစ်ခဲ့ ရတယ်။ တကယ်တော့ ကျွန်တော့်ကို ကျွန်တော်ချစ်တဲ့ ဦးကျော်သူက လက်တွဲဖြုတ်လိုက်တာ မဟုတ်ပါ ဘူး။ ကျွန်တော်သံယောဇဉ်ကြီးတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)က ထုတ်ပယ်လိုက်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းကြီးရဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ “မိုးမေတ္တာ သွေးလှူရှင်အသင်း(ပြည်)” နဲ့ “သုခကု သိုလ်ဖြစ်ဆေးခန်း(ပြည်)” က တက်ကြွနှိုးကြားတဲ့ ပရဟိတလူငယ်တွေ ထပ်မံဖွဲ့စည်းလိုက်တဲ့ “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)မှာ အားဖြည့်ပြီး လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့ တာဝန်လွှဲပေးလိုက်တာပါ။

၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့ကတော့ ကျွန်တော့်အတွက် ဝမ်းအသာဆုံးနဲ့ အပျော် ရွှင်ဆုံးနေ့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့ ကျွန်တော်ချစ်တဲ့ ဥက္ကကြီး ဦးကျော်သူနဲ့ အသင်းသား/သူ တွေ ကျွန်တော်ဆက်လက် တာဝန်ထမ်းဆောင်ရမယ့် “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)ကို တကူး တကနဲ့ အရေးတယူ လာရောက်အားပေးကြတဲ့အတွက် “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်) ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်၊ အတွင်းရေးမှူး ဦးညီညီအောင်နှင့်တကွ အသင်းသား/သူတွေရော ကျွန်တော်ပါ ဝမ်းသာအား တက်ခဲ့ကြရပါတယ်။ ထူးထူးခြားခြားဆိုသလို အဲဒီနေ့မှာပဲ ပြည်မြို့မှာ ကျွန်တော် ဦးဦးဖျားဖျား ကူညီ ထမ်းဆောင်ပေးဆပ်ရမယ့် တာဝန်က ပေါ်ပေါက်လာပါတယ်။ ဦးကျော်သူကိုယ်တိုင် ကျွန်တော်နဲ့လက်တွဲ ပြီး ပြည်မြို့က ဆရာတော် ဦးပညာစက္က သက်တော် (၁ဝဝ) နှစ် အပါအဝင် သက်ကြီးရွယ်အို (၃) ဦးဖြစ်တဲ့ ဦးကွန်း အသက် (၇၃) နှစ်၊ ဦးတင်ဝင်း (၆၅) နှစ်တို့နဲ့ အောက်တိုဘာလ (၅) ရက်နေ့မှာတော့ ဦးရီမောင် (၇၈) နှစ်တို့ရဲ့ နောက်ဆုံးခရီးကို ပြည်မြို့ ငြိမ်းအေးရာသုဿန်ဆီသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)မှ နာရေးကူညီမှုအသင်း(ရွှေတောင်)၊ စေတနာရှင် နာရေးကူညီမှု အသင်း(ပုတီးကုန်း)တို့ရဲ့ အသင်းသား/သူတွေ စုပေါင်းညီညွတ်စွာနဲ့ အင်တိုက်အားတိုက် သိုက်သိုက် ဝန်းဝန်း မီးသင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။



အဲဒီနေ့မှာ ကျွန်တော့်အတွက် အတွေ့အကြုံသစ်တစ်ခု ရခဲ့ပါတယ်။ ကျွန်တော်ရန်ကုန်မှာ တာဝန် ထမ်းဆောင်နေစဉ်ကတော့ ကျွန်တော်ပို့ဆောင်ပေးရတဲ့ နာရေးရှင်တွေဟာ ကွယ်လွန်တဲ့နေ့မှာ ချက်ချင်း သင်္ဂြိုဟ်ကြသလို တချို့ကလည်း သုဿန်မှာရှိတဲ့ အအေးခန်းကို ပို့ဆောင်ပေးခဲ့ရပါတယ်။ အဲဒါကြောင့် ကွယ်လွန်သူတွေရဲ့ ရုပ်ခန္ဓာတွေဟာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုမရှိသေးတဲ့အတွက် မကောင်းတဲ့ အနံ့အသက် လည်း မရှိသလောက်ပါပဲ။ အခု ပြည်မြို့သုဿန်မှာတော့ အအေးခန်းမရှိတဲ့အတွက် အအေးခန်းပို့လို့ မရပါဘူး။ နာရေးရှင်တွေဟာ ကွယ်လွန်သူရဲ့ ရုပ်ခန္ဓာကို နေအိမ်မှာပဲ မြန်မာထုံးစံအတိုင်း (၃) ရက်ပြည့် အောင်ထားပြီးမှ သင်္ဂြိုဟ်ကြပါတယ်။ အဲဒီလို (၃) ရက်ပြည့်အောင်ထားတဲ့နေရာမှာ ရုပ်ခန္ဓာ မပျက်စီး အောင်နဲ့ အနံ့ဆိုးမထွက်အောင် အရပ်ထုံးစံအတိုင်း ကျောက်ဖရုံသီးတွေ၊ လက်ဖက်ခြောက်တွေ၊ ပရုပ်လုံး တွေ၊ ရေမွှေး - ပေါင်ဒါတွေနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲလုပ်လုပ် ထိရောက်တဲ့နည်း စနစ် မဟုတ်တဲ့အတွက် အဆင်မပြေပါဘူး။ ရက်ကြာတာနဲ့အမျှ ရုပ်ခန္ဓာလည်း ပျက်စီးပြီး အနံ့ဆိုးတွေလည်း ထွက်တာပါပဲ။  အခု ပြည်မြို့မှာ ကျွန်တော်စတင် သယ်ဆောင်ပေးရတဲ့ ရုပ်ခန္ဓာတွေဟာ အဲဒီလိုနည်း တွေနဲ့ ပြုပြင်ပြီး အိမ်မှာပဲထားတာဖြစ်တဲ့အတွက် အနံ့ဆိုးတွေ မခံမရပ်နိုင်အောင် ထွက်နေတာ ကျွန်တော် အပါအဝင် နာရေးပို့တဲ့သူတွေအားလုံး ခံစားကြရပါတယ်။ ရုပ်ခန္ဓာပျက်စီးပြီး အနံ့ဆိုးတွေ ထွက်နေတဲ့ အတွက် နာရေးရှင်တွေ နောက်ဆုံးဂါရဝပြုဖို့နဲ့ နာရေးပို့ဆောင်သူတွေ အသုဘရှုဖို့လည်း အဆင်မပြေ ပါဘူး။ အနားလည်း ဘယ်သူမှ မကပ်ချင်ကြတော့ဘူး။

ရန်ကုန်မှာတော့ သုဿန်က အအေးခန်းကိုလည်း မပို့ချင် ချက်ချင်းလည်း မသင်္ဂြိုဟ်သေးပဲ။ အိမ် မှာပဲထားချင်တဲ့ ရုပ်ခန္ဓာတွေကို ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က အအေးပေးသေတ္တာ Cool Box နဲ့ထားဖို့ အကူအညီပေးပါတယ်။ အဲဒါဆိုရင် ရုပ်ခန္ဓာလည်းမပျက်စီး အနံ့ဆိုးလည်းမထွက်တဲ့ အတွက် နေအိမ်မှာပဲ အသုဘရှုချင်သူတွေနဲ့ အခြားဆွေမျိုးသားချင်းတွေ ရောက်လာတဲ့အထိ စောင့်ချင် ကြတဲ့ နာရေးရှင်တွေအတွက်လည်း အဆင်ပြေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး (ဟောင်း) ဦးလွင်၊ စက်မှု(၁) အငြိမ်းစားဝန်ကြီးနဲ့ ယခုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ ဇနီး၊ Asia World မှ ဦးလော်စစ်ဟန်တို့နှင့် အခြားသောနေအိမ်၊ ကျောင်းတိုက်မှာ အပူဇော်ခံထားကြတဲ့ သံဃာတော်၊ သီလရှင်များနဲ့ လူပုဂ္ဂိုလ်များကို ဆင်းရဲချမ်းသာမရွေး လူမျိုးဘာသာမရွေး၊ မိတ်ဆွေရန်သူ မရွေး ကျွန်တော်တို့အသင်းက အဲဒီလို အအေးပေးသေတ္တာ (Cool Box) တွေနဲ့ အိမ်မှာရက်ရှည်ထားဖို့ ကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းမှာ သီတဂူဆရာတော်ကြီးလှူဒါန်းထားတဲ့ အဲဒီလို Cool Box လေးလုံးနဲ့ ထပ်မံဝယ်ယူထားတဲ့ Cool Box နှစ်လုံး စုစုပေါင်း (၆) လုံးရှိပါတယ်။ တစ်လုံးကိုတော့ နာရေး ကူညီမှုအသင်း(ရွှေတောင်)ကို လှူဒါန်းထား ပါတယ်။

ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်ကယ်ဆယ်ရေး အစရှိသည်တို့အတွက် သီးသန့်လှူဒါန်းကြတဲ့ အလှူရှင်တွေရှိသလို အဲဒီလို အအေးခန်းသုဿန်မရှိတဲ့ နယ်မြို့တွေမှာ ကွယ်လွန်သူကို နေအိမ်မှာပဲ ထားပြီး သင်္ဂြိုဟ်ချင်တဲ့ နာရေးရှင်တွေကိုကူညီဖို့ အအေးခန်းသေတ္တာ (Cool Box) တွေ လှူချင်တဲ့ အလှူ ရှင်တွေ ပေါ်ပေါက်လာခဲ့ရင် နာရေးရှင်တွေနဲ့ အသုဘရှုချင်တဲ့သူများ ကျန်းမာရေးလည်း မထိခိုက်ပဲ အမြင် တင့်တယ်ပြီး သန့်သန့်ရှင်းရှင် စိတ်ချမ်းသာစွာ အသုဘရှုနိုင်ကြတဲ့အတွက် အားလုံးက သာဓုခေါ်ကြမှာပါ။

ကျွန်တော်လည်း နာရေးရှင်မိသားစုတွေနဲ့ နာရေးပို့ကြတဲ့ ပရိသတ်တွေ အနားမကပ်ချင်တဲ့ ရုပ် ခန္ဓာတွေအစား မပျက်မစီး အနံ့ဆိုးမရှိတဲ့ ရုပ်ခန္ဓာတွေကို ကျွန်တော့်ကျောပေါ်တင်ပြီး ပို့ဆောင်ပေးရတဲ့ အတွက် ကြိုတင်သာဓု ခေါ်လိုက်ချင်ပါတယ်ခင်ဗျာ … ။



Comments