Kyaw Thu - FFSS Yangon Activity,

မေတ္တာ၊ စေတနာ၊ အကြင်နာ ကုသိုလ်တော်ကြီး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
အောက်တိုဘာ ၁၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တည်ထောင်ခဲ့ပြီး၊ လူမှုရေး လုပ်ငန်းများကို အစဉ်တစိုက် အလှူရှင်များနှင့် လက်တွဲ၍ ဆောင်ရွက်ကူညီပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကာလသို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ ထို (၁၃) နှစ်တာကာလအတွင်း ပြည်သူတို့၏ နာရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးအခက်အခဲများနှင့် နယ်ပရဟိတအဖွဲ့များ၏ လိုအပ်ချက်များနှင့် သဘာဝ ဘေးဒုက္ခ (ရေရှားခြင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ စစ်ဘေးသင့်ခြင်း)တို့ကို တတ်စွမ်းသ၍ ဖြည့်ဆည်း ပေးခဲ့သည်။ ထိုဖြည့်ဆည်းလှူဒါန်းမှုများတွင် မီးသင်္ဂြိုဟ်စက်များ၊ ရေတွင်း၊ ရေကန်များ၊ လူနာတင်ယာဉ်၊ ဝှီးချဲ၊ အောက်ဆီဂျင်အိုးများ၊ အလူမီနီယံအခေါင်း၊ စတီးဗန်း၊ လူနာထမ်းစင်များ အစရှိသည့် နာရေးကူညီမှု နှင့် စပ်ဆက်လျှက်ရှိသောပစ္စည်းများအပြင် နာရေးနိဗ္ဗာန်ယာဉ်၊ လှည်းယာဉ်၊ ထော်လာဂျီ၊ နိဗ္ဗာန်ရေ/ လှေယာဉ်) များအားလည်း လှူဒါန်းပေးလျှက်ရှိသည်။



၂၈.၉.၂ဝ၁၃ ရက်နေ့တွင် ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာ၌ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားသော “အကြင်နာ” လူမှုကူညီရေးအသင်းသို့ နာရေးပို့ဆောင်ကူညီမှုလုပ်ငန်းများ ပိုမိုတိုးတက် ကူညီပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသုံးပြုလျက်ရှိသော နိဗ္ဗာန်ယာဉ်များမှ ယာဉ်အမှတ် ၆က/၆၅၅၄၊ HILUX ယာဉ်အား ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ အကြင်နာ လူမှုကူညီရေး အသင်းသို့ ၂ဝ၁ဝ ခုနှစ်တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစ်စီး လှူဒါန်းခဲ့ဖူးသည်။ ၄င်းအသင်းသည် ကျောက်ဆည်မြို့နယ်၊ စဉ့်အိုင်မြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သာမြို့နယ်များရှိ ကျေးရွာပေါင်း (၃ဝ) ကျော်မှ နာရေးများကို ကူညီပေးနေရသော အသင်းအဖွဲ့ဖြစ်သည်နှင့်အညီ ထိုနိဗ္ဗာန် ယာဉ်သည် အသုံးပြုမှုများပြားမှုကြောင့် စက်ပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်ပေါ်လာသောကြောင့် နာရေး ကူညီမှုလုပ်ငန်းများတွင် အများပြည်သူများ အဆင်ပြေချောမွေ့စွာ ပိုမိုကူညီပေးနိုင်ရန်အတွက် ယခုကဲ့သို့ ထပ်မံ၍ နိဗ္ဗာန်ယာဉ်တစ်စီးအား လှူဒါန်းရခြင်းပင်ဖြစ်သည်။ “အကြင်နာ” လူမှုကူညီရေးအသင်းမှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် (၁၅) သိန်းကျပ်တိတိ ပြန်လည်လှူဒါန်းခဲ့သည်။ ထိုသို့ လူမှုရေးအသင်းအဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကြင်နာတရား ပြည့်ဝစွာ အပြန်အလှန် ကူညီလှူဒါန်းမှုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ နိဗ္ဗာယာဉ်နှင့် ပတ်သက်သည့် စာချုပ်စာတန်းများနှင့် ဂုဏ်ပြုမှတ်တမ်းများတို့အား အကြင်နာ လူမှုကူညီရေးအသင်းသို့ အပြန်အလှန် ပေးအပ်ကြပြီး သာဓုအနု မောဒနာ (၃) ကြိမ် ခေါ်ဆိုခဲ့သည်။

ထို့အတူ ယင်းနေ့တွင် ပုတီးကုန်းမြို့နယ်ရှိ စေတနာရှင် နာရေးကူညီမှုအသင်း(ပုတီးကုန်း)သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်အမှတ် ၂ဂ/၁၄၆၉ အားပေးအပ်လှူဒါန်းခဲ့ပြန်သည်။ ယင်း ပု တီးကုန်းမြို့နယ်တွင်လည်း ဘဝတစ်ပါးသို့ပြောင်းသွားသော ကွယ်လွန်သူတို့အတွက် ကူညီသင်္ဂြိုဟ်မှု ပေး နိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးသင်္ဂြိုဟ်စက်တစ်လုံးအား လှူဒါန်းထားပြီးဖြစ်သည်။ လှူဒါန်းပေးအပ်ရာတွင် စေတနာရှင် နာရေးကူညီမှုအသင်း(ပုတီးကုန်း)မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အလှူငွေကျပ် (၁၇) သိန်းကျပ်တိတိအား ပြန်လည်လှူဒါန်းပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ နိဗ္ဗာန်ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများနှင့် အလှူငွေဂုဏ်ပြုလွှာအား သာဓုအနုမောဒနာ ခေါ်ဆိုခဲ့လေသည်။

အလားတူပင် ၂ဝ၁ဝ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ပြည်မြို့ဝန်းကျင်တွင် ရေရှားပါးမှု သောက် /သုံးရေရှားပါးမှု ပြဿနာရပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူလက်တွဲ၍ လူမှုရေး စိတ်ဓါတ် ပြည့်ဝစွာဖြင့်၎င်း၊ ငွေစာရင်းရှင်းတမ်းများ တိကျမှန်ကန်မှုကြောင့်၎င်း၊ မျိုးဆက်သစ် ပရဟိတလူငယ်များ၏ စည်းလုံးညီညွတ်တက်ကြွစွာ အနစ်နာခံအပင်ပန်းခံ အများပြည်သူတို့အတွက် ပေးဆပ်ခဲ့ကြသော လူမှုရေး သစ္စာတရား စောင့်ထိန်းခဲ့ကြသော ပြည်မြို့ရှိ “မိုးမေတ္တာ” ပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့အား သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ၈.၆.၂ဝ၁၁ ရက်နေ့တွင် အများပြည်သူ၊ ရဟန်းရှင်လူတို့အတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးနိုင်ရန် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ဟူ၍ ဖွင့်လှစ်ပေးခဲ့ပြီါ် ပြည်သူလူထုအပေါင်းအား ကူညီပေးဆပ်ဝန်ဆောင်မှုနှင့် “မိုးမေတ္တာ” ပရဟိတလူငယ် သွေးလှူရှင်များ၏ သွေးဖြင့် အသက်ပေါင်းမြောက်များစွာ ကယ်တင်ပေးဆပ်နိုင်မှုတို့ကြောင့်၎င်း၊ ပြည်မြို့နယ်အတွင်းရှိ မိဘ ပြည်သူအပေါင်းတို့၏ တောင်းဆိုမှုများတို့ကြောင့်၎င်း၊ ဦးကျော်သူ၏ တိုက်တွန်းမှုကြောင့်၎င်း၊ ယခုအခါ ထပ်မံ၍ “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)ဟူ၍ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အထူးနိဗ္ဗာန်ယာဉ် ၇ခ/၃၄၆ဝ အား “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)အား ပေးအပ်လှူဒါန်းနိုင်ခဲ့တော့သည်။ လှူဒါန်းပေးအပ်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ စာရွက်စာတမ်းများနှင့် မော်တော်ယာဉ်အား “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်) ဥက္ကဌ ဦးစိုးမိုးနိုင် အတွင်းရေးမှူး ဦးညီညီအောင်နှင့် အမှုဆောင်များမှ လက်ခံရယူခဲ့သည်။ “မိုးမေတ္တာ” နာရေးကူညီမှု အသင်း(ပြည်)အား ၂၆.၉.၂ဝ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယာယီအနေဖြင့် ရွှေပေါက်ပင်တောရ ကျောင်း၌ ရုံးခန်းခေတ္တထားရှိကာ နာရေးကူညီမှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးတော့မည်ဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ နယ်ဒေသများရှိ လူမှုရေးအသင်းအဖွဲ့များတွင် လိုအပ်လျှက်ရှိသော နိဗ္ဗာန် ယာဉ်များကို စေတနာရှင်၊ အလှူရှင်များ၏ သဒ္ဓါတရားဖြင့် လှူဒါန်းထားမှု၊ ထိုအလှူငွေများဖြင့် ပြန်လည်၍ ထပ်ဆင့်လှူဒါန်းပေးနေသောကြောင့် အလှူရှင်များအနေဖြင့် ထပ်ဆင့်ကုသိုလ်ထူးများ ရရှိကြသလို နယ် ဒေသရှိ လူမှုရေးအသင်းအဖွဲ့များနှင့် နယ်ဒေသများရှိ မိဘပြည်သူများအနေဖြင့်လည်း အဆင်ပြေချောမွေ့ စွာဖြင့် နာရေးကိစ္စရပ်များအား ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဤမွန်မြတ်လှစွာသော မြတ်ဒါနအလှူတို့အား အလှူရှင်အပေါင်းတို့နှင့်တကွ သုံးဆယ့်တစ်ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာ အပေါင်းတို့အား အမျှပေးဝေလိုက်ရပါတော့သည်။


ဤကဲ့သို့ မိဘပြည်သူ၊ ရဟန်းရှင်လူ မြန်မာပြည်သူ/သားများအတွက် လူမျိုးဘာသာ၊ ဆင်းရဲ ချမ်းသာမရွေးတို့အတွက် သက်ရှိလူသားတိုင်းတို့အတွက် အနစ်နာခံခဲ့ကြသော “မိုးမေတ္တာ” နာရေးကူညီမှု အသင်း(ပြည်)၊ “စေတနာရှင်” နာရေးကူညီမှုအသင်း(ပုတီးကုန်း)နှင့် “အကြင်နာ” လူမှုကူညီမှုအသင်း (ကျောက်ဆည်)တို့အား လှူဒါန်းခဲ့သော နိဗ္ဗာန်ယာဉ်ကုသိုလ်တော်ကြီးအား မေတ္တာ၊ စေတနာ၊ အကြင်နာ ကုသိုလ်တော်ကြီး ဟူ၍ ကင်ပွန်းတပ်လိုက်ရပါတော့သည်။

Comments