မင်းညွှန့်လှိုင် - ညရထား

ည ရ ထား
မင်းညွှန့်လှိုင်
နိုဝင်ဘာ ၈၊ ၂၀၁၃




ခန္ဓာမှာစွဲလောင်နေတဲ့မီးတောက်ကို
အမှောင်နဲ့ပွတ်တိုက်ငြိမ်းသတ်ဖို့
သွေးရူးသွေးတန်းတွားသွားလို့ပေါ့
သူဟာကျိန်စာသင့်မြွေတကောင် ။

အိပ်မရတဲ့ရောဂါဆိုးကြီး
နာတာရှည်ဖိစီးသမို့
ဝေဒနာကိုဥသြသံအဖြစ်မှုတ်ထုတ်လို့ ။

အလွတ်ရ
ပြေးလမ်းတွေကနံရိုးအပြိုင်းပြိုင်း ။

မပြီးနိုင်မစီးနိုင်
အော်ညည်းသံကသူ့ဂီတပဲ
ယိမ်းခါမှုကသူ့ဟန်ချက်ပဲ
ငါးပိငါးချဉ်ကသူ့ဝမ်းဗိုက်ပဲ ။

အိပ်မက်ထက်ရှည်တဲ့အမှောင်မှာ
အိပ်မက်မှောင်မှောင်မက်ရင်း
မနက်ခင်းတွင်းပေါက်အရောက်
အရိုးအဆစ်တွေ ဖျိုးဖျိုးဖျစ်ဖျစ်မြည်အောင်
ဝေါခနဲထိုးအန်လိုက်ရတယ်

အစွယ်ကျိုးမြွေ ။  ။