မိုးမခမိတ်ဆွေ - Wisconsin ပြည်နယ် Milwaukee ကထိန်အလှူပွဲသတင်းမှတ်တမ်း

Wisconsin ပြည်နယ် Milwaukee ကထိန်အလှူပွဲသတင်းမှတ်တမ်း
မိုးမခမိတ်ဆွေ
နိုဝင်ဘာ ၂၇၊ ၂၀၁၃


         
Wisconsinပြည်နယ် Milwaukee မြို့မှာရှိတဲ့ ဆရာတော်ဦးဇာဂရ (စာရေးဆရာကံထွန်းသစ်) သီတင်းသုံးတဲ့ ပညာရာမကျောင်းစုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်ပွဲကို 2013-ခု၊ နိုဝင်ဘာလ(၂၄)ရက်၊ တနင်္ဂနွေနေ့ မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ 

ဒီနှစ်ကထိန်သင်္ကန်းဆက်ကပ် အလှူပွဲမှာ မတည်အလှူရှင်ကတော့ မချီဂန်ပြည်နယ်၊ ဂရက်ဘေးမြို့က ကိုအောင်ဇေယျာလွင် မသိင်္ဂီမိသားစုဖြစ်ပြီး ယခုအကြိမ်ပါဆိုသုံးကြိမ်မတည် အလှူရှင်ပဲဖြစ်ပါတယ်။ 

ကထိန်အလှူပွဲသို့ အင်ဒီးယားနားပြည်နယ်၊ဖေါ့ဝိန်းမြို့၊ ဇေတဝန်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးကုသလနှင့် ဦးတိက္ခာစာရ၊ ဓမ္မရိက္ခိတကျောင်းမှ ဆရာတော် အရှင်တေဇောဘာသ၊  ဖလော်ရီဒါပြည်နယ်၊ သီတဂူသံဃဝိဟာရမှ ဆရာတော် ဒေါက်တာစန္ဒသိရီနှင့် အရှင်ကာရုည၊  မနီးဆိုးတားပြည်နယ်၊ သီတဂူဓမ္မဝိဟာရမှ ဆရာတော် အရှင်တိက္ခဥာနာလင်္ကာရ၊ တက်ကဆတ်ပြည်နယ်၊ သီတဂူဗုဒ္ဓဝိဟာရမှ အရှင်သစ္စဥာန၊  အော်ရီဂွန်ပြည်နယ် သိရီမင်္ဂလာကျောင်းဆရာတော် အရှင်သိရိန္ဒစသော ပြည်နယ်အသီးအသီးမှ ဆရာတော် သံဃာတော်အားလုံး (၁၀)ပါး ကြွရောက် ချီးမြှင့်ကြပါတယ်။

ကထိန်အလှူပွဲသို့  မချီဂန်ပြည်နယ်၊ ဂရန်ဘေးမြို့မှ အလှူရှင်များ၊  အင်းဒီယားနား၊ဖေါ့ဝိန်းမှ ကုသိုလ်ရှင်များ၊  မဒီဆင်တက္ကသိုလ်မှ  ပါမေက္ခ ဒေါက်တာဒေါ်ခင်မေလှ၊ အလှူရှင် ဦးအဖောင် ဒေါ်အုံးမြင့်ရီမိသားစု၊ စေတနာရှင်   စာရေးဆရာမကြီး မကြာညို၊ မယ်ဒီဆင်တက္က သိုလ်မှ မြန်မာဆရာဝန်လောင်း၊ PHDကျောင်းသူများနှင့် မယ်ဝါးကီးမှ  ပညာရာမဘုန်းတော်ကြီးကျောင်းကို ပစ္စည်းလေးဖြာဖြင့် ထာဝရထောက်ပံလှူဒါန်းကြတဲ့ မြန်မာ၊ ကရင်၊ မွန်၊ ရခိုင်၊ ပအို့စသော ဖြူစင်ရိုးသား တိုင်းရင်းသားညီအကိုမောင်နှမ အလှူရှင်များက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ စိတ်၊ စေတနာ၊ မွန်မွန်မြတ်မြတ်၊ ထက်ထက်သန်သန်ဖြင့်၊ အရမ်းအေးလှတဲ့ မယ်ဝါးကီးရဲ့ ဆောင်းကို အံ့တုကာလာရောက်ပြီး ကထိန်သင်္ကန်း များဆက်ကပ်လှူဒါန်းကြ၊ ပြည်နယ် အသီးသီးမှကြွရောက်လာကြတဲ့ သံဃာတော်များအား မိမိတို့ရဲ့ တိုင်းရင်းသားရိုးရာအစားအစာများဖြင့် စုပေါင်း စုဆောင်းကာ ဆက်ကပ်လှူဒါန်းကြပါတယ်။

နယ်ခံ Milwaukee မြို့မှကုသိုလ်ရှင် ဦးမွန်းအောင် + ဒေါ်နီ(ရတနာမွန်)စတိုးမိသားစုမှ သံဃာတော် (၁ဝ)ပါးအတွက် နဝကမ္မအလှူငွေ ဒေါ်လာငါးရာ(500)ကိုလည်းမွန်မြတ်တဲ့စေတနာ မေတ္တာများဖြင့် ဝမ်းမြောက်ဝမ်းသာဆက်ကပ်လှူဒါန်းပါတယ်။

အမေရိကဆောင်းက မိုင်းနက်စ်အောက်ဘယ်လောက်ပင်ရောက်နေ ၊ ဘယ်လောက် ပင်အေးပေမယ့် အလှူရှင်များရဲ့ သဒ္ဓါတရားနှင့် ချစ်ကြည်နွေးထွေးမှုကိုတော့ဖြင့် အေးခဲအောင် မစွမ်းနှိုင်ခဲ့ ။ 

မကြာခင်မှာ ကျောင်းသစ်နေရာသို့ပြောင်းရွှေ့မည်ဟုလည်းသိရပါတယ်။  

2013-ခုနှစ် ပညာရာမကျောင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲရဲ့ ကုသိုလ်ပြု မုဒိတာပုံရိပ်များကို အောက်ပါလင့်ကိုကလစ်ကာ ကုသိုလ်တရားများပြန်လည် ပွားများနှိုင်ပါကြောင်း…