~
၂၀၁၃ ထဲက ဦးသိန်းစိန်နဲ့ သူ့အစိုးရ
ဒေါက်တာရန်မျိုးသိမ်း
ဒီဇင်ဘာ ၂၉၊ ၂၀၁၃
ဦးသိန်းစိန် (ဓာတ်ပုံ - Hmuu Zaw Facebook)
(ရန်ကုန်မြို့တွင်နေထိုင်သူ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းသည် မြန်မာပြည်နိုင်ငံရေးအခြေအနေကို စောင့်ကြည့် အကဲခတ်ပြီး စာနယ်ဇင်းများတွင် သုံးသပ်ချက်ဆောင်းပါးများ ရေးသားနေသူတစ်ဦးဖြစ်သည်)
၂၀၁၃ ခုနှစ်ထဲမှာ သမ္မတဦးသိန်းစိန်က ဝါရှင်တန်ကိုသွားတယ်၊
အိုဘားမားနဲ့ တွေ့တယ်၊ မြန်မာပြည်ရဲ့အကြီးအကဲတစ်ယောက်ကို အမေရိကန်အစိုးရကနေ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံတဲ့ ဖြစ်စဉ်လို့ ကျနော် နားလည်တယ်။
အဲဒီတွေ့ဆုံမှုနောက်ပိုင်းမှာ အမေရိကန်နဲ့မြန်မာရဲ့ ဆက်ဆံရေးက အများကြီး ကောင်းမွန်လာတယ်။ မြန်မာပြည်အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သိသိသာသာ လျှော့ချလာတယ်၊
အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ်အကြားမှာ ဆက်ဆံရေးတော်တော်ကြီး မြင့်တက်လာတယ်။
အမေရိကန်ကလည်း မြန်မာပြည်နဲ့ အင်မတန် ပြေလည်တဲ့ဆက်ဆံရေး ရှိချင်တယ်၊ အဓိကအကြောင်းရင်းက တရုတ်ရဲ့ မြန်မာပြည်အပေါ် နိုင်ငံရေး နဲ့ စစ်ရေးဘက်မှာ သြဇာသက်ရောက်မှုကို အမေရိကန်က ထိန်းညှိချင်တဲ့ဆန္ဒကလည်းတော်တော်များပုံရတယ်။
ကျနော်တို့နိုင်ငံကို အမေရိကန်က အရှေ့တောင်အာရှရဲ့ မဟာဗျူဟာမြောက်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားလိမ့်မယ်လို့ ကျနော် ယူဆတယ်။ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တ၀ိုက်မှာ အမေရိကန်က သူ့သြဇာ ကွန်ရက်ကို တည်ဆောက်ဖို့ဆိုရင် မြန်မာနိုင်ငံက အကောင်းဆုံးအနေအထားမှာ ရှိတယ်၊ ဒါကြောင့် အမေရိကန်ကိုယ်တိုင်က လိုလိုလားလားနဲ့ ဦးသိန်းစိန်အစိုးရကိုစေ့စပ်ညှိနှိုင်းခဲ့တယ် ဆိုတာဟာလည်း ဖြစ်နိုင်ချေ အများကြီး ရှိတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတခုကို နှစ်ဆန်းပိုင်းမှာ ဖွဲ့တယ်၊ အစိုးရဘက်က ဝန်ကြီးတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေပါတယ်။ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်း ပါတယ်။
တကယ်တော့ နိုင်ငံရေးအကျဉ်းသားဆိုတာ အစိုးရက ဖမ်းထားတာ၊ ဒီလူတွေ နိုင်ငံရေးအကျဉ်းသားဖြစ်ခြင်း မဖြစ်ခြင်းကို အစိုးရကသာလျှင် အကဲဖြတ်ရမယ့်အစား အားလုံးပါဝင်တဲ့ ကော်မတီတစ်ခု ဖွဲ့ပြီးတော့ indirect lobby သဘောမျိုး လုပ်နိုင်ခဲ့တယ်၊ နိုင်ငံတကာစိတ်ဝင်စားတဲ့ဖြစ်ရပ်တခုဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ အစိုးရရော အရပ်ဘက်လူမှုအဖွဲ့တွေ ပါဝင်လာပြီး နိုင်ငံတကာစိတ်ဝင်စားမှုပိုရအောင်၊ လွှတ်ပေးတဲ့အခါမှာလည်း နိုင်ငံတကာတုံ့ပြန်မှု ကောင်းကောင်းရအောင် ၂၀၁၃ ခုနှစ်အတွင်း လုပ်နိုင်ခဲ့တယ်လို့ ကျနော် မြင်တယ်။
ကော်မတီမဖွဲ့ဘဲ ဒီအတိုင်း လွှတ်ပေးလိုက်ရင် သူတို့ရလာမယ့်အကျိုးအမြတ်၊ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုက သိပ်ပြီးတော့ ပေါ်လွင်မှာ မဟုတ်ဘူး။ အဲဒီအခါကျတော့ သီးခြားကော်မတီတစ်ခု ဖွဲ့တယ်၊ အဲဒီကော်မတီက အစည်းအဝေးတွေ သတင်းထုတ်ပြန်ချက်တွေလုပ်တယ်၊ ဒီလိုပုံစံနဲ့လုပ်လိုက်တော့ နိုင်ငံတကာရဲ့ တုံ့ပြန်မှု စိတ်ဝင်စားမှု အများကြီး ရလာတာဟာ အရပ်ဘက်လူမှုအဖွဲ့တွေ၊ နိုင်/ကျဉ်းအဖွဲ့တွေကို သွယ်ဝှိုက်ပြီးတော့ အသုံးချတဲ့သဘောသက်ရောက်တဲ့ပုံစံ ရှိတယ်။
၂၀၁၃ ဧပြီမှာ ဥရောပသမဂ္ဂက မြန်မာပြည်အပေါ် ပိတ်ဆို့မှုတွေ လျှော့ချတယ်၊ လက်နက်ရောင်းဝယ်တာကလွှဲလို့ ကျန်တာတွေကို ဖွင့်ပေးလိုက်တယ်။ ၂၀၁၃ ထဲမှာ ဦးသိန်းစိန်အစိုးရရဲ့ ကြီးမားတဲ့အောင်မြင်မှုပဲ။
ဒီလိုဖွင့်ပေးခြင်းဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အားလုံးနဲ့ ဆက်စပ်နေတဲ့အတွက် ဒါဟာ မြန်မာနိုင်ငံအစိုးရအတွက် နိုင်ငံတကာဆက်ဆံရေးမျက်နှာစာမှာ အများကြီး အားကောင်းပြီးတော့ တောင့်တင်းခိုင်မာတဲ့အနေအထားကို ရသွားတယ်လို့ ကျနော်မြင်တယ်။
ဦးသိန်းစိန်အစိုးရရဲ့ အဓိက မအောင်မြင်မှုကတော့ ... ဦးသိန်းစိန်တက်လာကတည်းက အမြဲတမ်း ပြောတဲ့ စကားတစ်ခု ရှိတယ်၊ ဆင်းရဲမွဲတေမှုလျှော့ချရေး ဆိုတဲ့ ပြဿနာ။ အဲဒီပြဿနာမှာတော့ ဒီအစိုးရဟာ တော်တော်ကြီးကို မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေပြည်သူလူထုရဲ့ စားဝတ်နေရေးဟာ လွန်ခဲ့တဲ့ သုံးနှစ်က အခြေအနေနဲ့ နှိုင်းရင် ပိုပြီးကြပ်တည်းလာတယ်လို့ ပြောလို့ရတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ပြောရလောက်အောင် တက်လာတာ မတွေ့ရဘူး။ ပြည်သူလူထု ဆင်းရဲမွဲတေမှုလျှော့ချရေး၊ တစ်ဦးချင်းဝင်ငွေမြင့်တင်မှုအပိုင်းတို့မှာ တိုးတက်မလာဘူးလို့ ပြောရမယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းကို ကြည့်ရင်လည်းပဲ ကြီးကြီးမားမား တိုးတက်လာတာ မတွေ့ရဘူး။
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုမှာ ဒီအစိုးရဟာ ၃ နှစ်တာကာလ အတွင်းမှာ သိသာတဲ့တိုးတက်မှုတစ်ခုကိုမှ မလုပ်နိုင်ခဲ့ဘူး၊ ပညာရေးကဏ္ဍမှာလည်း ၃ နှစ်တာကာလ အတွင်းမှာ ထူးထူးခြားခြားအပြောင်းအလဲ ဘာမှ မလုပ်နိုင်ခဲ့ဘူးလို့ ကျနော် မြင်တယ်။
==========================================
၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့
.

နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။
.
821+z+(a+237.jpg)