အမေရိကန်၊ ပင်ဆာဗေးနီးယားပြည်နယ်နေ
မြန်မာတဦးက ဇနီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်
69 News (WFMZ News)
က ကူးယူဖော်ပြသည်၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၃
အမေရိကန်ပြည်ထောင်စု၊
ပင်ဆာဗေးနီးယားပြည်နယ်၊ Bethlehem မြို့နေ မြန်မာမိသားစုတစုက ခင်ပွန်းဖြစ်သူ ၀င်းမင်းထွဋ်
(၃၇ နှစ်)က ဇနီးဖြစ်သူ သီတာမြင့် (၃၇ နှစ်) ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ၃ နှစ်အရွယ်
သမီးဖြစ်သူကို ခေါ်ယူပြီး ထွက်ပြေးတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ သတင်းများက
ဆိုပါတယ်။
ဒီဇင်ဘာ
၁၇၊ အင်္ဂါနေ့ ညနေ ၃း၄၅ နာရီမှာ ၁၆ နှစ်အရွယ် သမီးဖြစ်သူက သူ့အမေ သေနတ်နဲ့ အပစ်ခံရကြောင်း
အရေးပေါ်ဖုံးနံပါတ် (နိုင်းဝမ်းဝမ်း) ကို ဆက်ပြီး အကြောင်းကြားပါတယ်။ မိခင်ဖြစ်သူ သီတာမြင့်
(၃၇) နှစ်ဟာ နေအိမ်ဖြစ်တဲ့ (300 block of Central Park Avenue) မှာ ၄း၂၇ နာရီမှာ သေဆုံးခဲ့တယ်လို့
ရဲက မှတ်တမ်းထုတ်ခဲ့ပါတယ်။ မြို့နယ် တရားသူကြီး မာတင် (၆၉နှစ်)က တရားခံအဖြစ် ဖမ်းဆီးခံရသူ
ခင်ပွန်းသည် ၀င်းမင်းထွဋ်ကို လူသတ်မှု၊ ဖောက်ထွင်းမှု နဲ့ ကျုးကျော်မှုတို့နဲ့ တရားစွဲဆိုမယ်
လို့ ဆိုပါတယ်။ သူက အခင်းဖြစ်ပွားရာကနေ ၃နှစ်အရွယ် သမီးငယ်ကို ခေါ်ယူသွားပြီး ကားတစီးကို
တားဆီးလို့ အနီးက Allentown အရပ်ရှိ Union Blvd လမ်းက 7-Eleven စတိုးဆိုင်ကို ကားသမားက
ပို့ပေးခဲ့ရပါတယ်။ အဲသည်မှာ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ကလေးငယ်မှာ ဘာအန္တရာယ်မှ
မရှိခဲ့ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ
၁၈ ရက်နေ့ကတည်း အိမ်တွင်းအကြမ်းဖက်မှုကြောင့် သူ့ကို နေအိမ်ကို မလာဖို့ တားမြစ်မိန့်
ထုတ်ခံထားရပါတယ်။ အဲသည် တလလုံးမှာ သူက ဟိုတယ်တွေမှာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ ‘အဲသည်တုန်းက
လင်မယားစကားများကြတာတွေ ဖြစ်ခဲ့တယ်။ ရဲတွေ ရောက်လာတယ်။ သူ့ကို ဥပဒေအရ မိသားစုအနား မသွားဖို့
တားမြစ်မိန့်ထုတ်ထားတယ်။’ လို့ သတင်းမှာ ရေးထားပါတယ်။
သူက ဆူရှီဆိုင် လုပ်နေသူလို့ သိရပါတယ်။ မိသားစုမှာ ၁၆ နှစ် (သမီး)၊ ၁၀ နှစ် (သား) နဲ့
၃ နှစ် (သမီး) - ကလေး ၃ ယောက် ကျန်ရစ်ပါတယ်။
တရားခံအဖြစ် ဖမ်းဆီးခံရတဲ့ ၀င်းမင်းထွဋ်ဟာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသလားကို
ရဲအဖွဲ့က စုံစမ်းနေပါတယ်။ သူ့ကို ခရစ်စမတ်မတိုင်ခင် ဒီဇင်ဘာ ၂၄ မှာ တရားရုံးထုတ်မယ်လို့
သိရပါတယ်။
“
ကြားရတော့ အတော်ကို တုန်လှုပ်မိတယ်။ သူတို့ဟာ အလွန်ချစ်စရာကောင်းတဲ့ မိသားစုပဲ။ သူတို့တွေက
မြန်မာပြည်က လာကြတာ” လို့ အိမ်နီးချင်းဖြစ်သူ Gary Yost က သတင်းဌာနကို ပြောပါတယ်။