(လမ်းခုလပ် ‘၂၀၁၃’
)- ပါရမီစာအုပ်တိုက် ဦးကျော်ဦးနဲ့ စကားလက်ဆုံ
မိုးမခ၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃
နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့၊
၂၉ လမ်းရှိ ပါရမီစာအုပ်တိုက်၊ စာအုပ်ဆိုင်မှာ စာရေးဆရာ၊ ထုတ်ဝေသူ ဦးကျော်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲသည်ရက်သတ္တပတ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေဆု ထုတ်ပြန်ရာမှာ
(ဦး)ကျော်ဦးရဲ့ ရေကြည်တပေါက်စာအုပ်က သုတ (သိပ္ပံ) ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါနဲ့ ဆရာဦးကျော်ဦးနဲ့
စကားလက်ဆုံပြောဖြစ်ခဲ့ရာက အကြောင်းအရာအချို့ကို ပြန်လည် တင်ပြလိုက်ပါတယ်။
ဆရာရေးခဲ့တဲ့ စာအုပ်တွေနဲ့ ဆုရရှိခဲ့တဲ့
စာအုပ်တွေက ဘာတွေပါလဲ။
၂၀၀၃ ခုနှစ်မှာ အနန္တစကြာဝဠာ၏
အနားစွန်းပေါ်သို့ ဆိုတဲ့ စာအုပ်၊ အမျိုးသားစာပေဆု၊ ၂၀၀၆ မှာ နေသူရိန်၏ အရှိန်အ၀ါအောက်မှာ၊
အမျိုးသားစာပေဆု။ ၂၀၀၉ မှာကျတော့ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ်၊ ထွန်းဖောင်ဒေးရှင်းဆု၊
အခုနောက်ဆုံးက ရေကြည်တပေါက် နဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။
သည်တော့ ရေးတဲ့စာအုပ်တွေက သုတ
သိပ္ပံစာအုပ်တွေ ဖြစ်နေတယ်။ ပြီးတော့ ရေးတိုင်းလည်း ဆုရတယ်ဆိုတော့ … ဒါက တိုက်ဆိုင်တာလား၊
ဆုကို ရည်ရွယ်ပြီးကော ရေးတာလား။
အကောင်းဆုံး ဖြစ်အောင် ရည်ရွယ်ပြီး
ရေးတာဖြစ်ပါတယ်။ စာပေဆုနဲ့ ထိုက်တန်အောင်လည်း အားထုတ်ပြီးတော့ ရေးတာဖြစ်ပါတယ်။
စာရေးတဲ့သူအပြင် အောင်မြင်တဲ့စာအုပ်ထုတ်တဲ့သူတဦးအဖြစ်လည်း
ရပ်တည်နေတာဆိုတော့ ဘာတွေ အခြေခံပြီးတော့ ရပ်တည်တာလဲ။ ဘာတွေကို ဦးစားပေးသလဲ။
စာပေ၀ါသနာရှိသူတဦး အဖြစ် အခြေခံတဲ့အပြင်
စာပေလေ့လာသူတဦးအဖြစ်လည်း ကြိုးစားရပါတယ်။ အဓိကဦးစားပေးတဲ့ အခမ်းကဏ္ဍတွေကတော့ စာဖတ်သူတွေအတွက်
လိုအပ်နေတဲ့ အခမ်းကဏ္ဍတွေပေါ့။ နည်းပညာပိုင်းတွေ၊ သိပ္ပံ ပညာရပ်ပိုင်း ပြီးတော့ ဘာသာရေးဆိုင်ရာ
စသည်ဖြင့်ကို အာရုံစိုက်တယ်။ နောက်တပိုင်းကတော့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တွေပေါ့။ ဒေါ်ခင်မျိုးချစ်ရဲ့
စာအုပ်မျိုး၊ အင်္ဂလိပ်တပိုင်း၊
မြန်မာတပိုင်းမျိုးဆိုတာမျိုးကို ထုတ်ဝေဖို့ အားမသန်ပါဘူး။
စာအုပ်ထုတ်ဝေသူဆိုတော့ တိုက်အနေနဲ့
တိုက်ရဲ့ မူဝါဒ ဒါမှမဟုတ် အယ်ဒီတာတဦးအနေနဲ့ အခမ်းကဏ္ဍကိုကော ဘယ်လိုသဘောထားသလဲ။
တိုက်ပေါ်လစီ၊ အယ်ဒီတာပေါ်လစီဆိုတာ
ရှိရပါတယ်။ ဒါကိုအခြေခံပြီးတော့ စာအုပ်တွေ ထုတ်ဝေရတယ်။ စာရွေးရတယ်။ စာရေးဆရာကို ရွေးရပါတယ်။
အဓိကကတော့ ကိုယ့်တိုက်က ထုတ်ဝေတဲ့ စာအုပ်မှာ quality ရှိဖို့ အရေးကြီးပါတယ်။ ရိုးရိုးပြောရရင်တော့
ကျနော့်အကြိုက် ထုတ်တယ်လို့ ပြောရမှာပေါ့။
စာအုပ်ရွေးတယ်၊ စာရေးဆရာ ရွေးတယ်ဆိုတော့
ကိုယ့်တိုက်ကနေ စာအုပ်အသစ်တွေ စာရေးဆရာအသစ်တွေကို မြေတောင်မြှောက်တာ၊ ပျိုးထောင်တာတွေကော
မလုပ်ဘူးလား။
လုပ်ပါတယ်။ ဥပမာအားဖြင့် ဘာသာရေးဆိုင်ရာမှာ ဆရာတော်သာမဏေကျော်ရဲ့ စာတွေကို နှစ်သက်လေးစားတဲ့အတွက် ဆရာတော်ရဲ့ စာအုပ်တွေကို စတင် ထုတ်ဝေပေးခဲ့တယ်။
လက်ရှိမှာ မြန်မာစာအုပ်တွေထဲမှာ
ဘယ်ကဏ္ဍတွေက အားကောင်းပြီး ဘယ်ကဏ္ဍတွေက လိုအပ်နေသေးသလဲ။
အတွေးအခေါ်၊ ရသ၊ ဘာသာရေး စာအုပ်တွေ
အားကောင်းလာပါတယ်။ သိပ္ပံပိုင်းက လိုအပ်ချက်ဖြစ်နေတယ်လို့ ထင်ပါတယ်။ အဲသည်လို သိပ္ပံပိုင်းဆိုင်ရာထုတ်မယ်
ဆိုရင်လည်း သိပ္ပံကို နားလည်တဲ့ အခြေခံရှိတဲ့ ထုတ်ဝေသူတွေက လုပ်မယ်ဆိုရင် ပိုပြီး ကောင်းမယ်
ထင်ပါတယ်။
စာအုပ်ထုတ်ဝေသူတဦး မဖြစ်ခင်က
ဆရာက ဘယ်အတန်းပညာနဲ့ ကျောင်းပြီးခဲ့သလဲ။
အင်ဂျင်နီယာဘွဲ့နဲ့ပါ။ ဘီအီးကို
၁၉၇၁ က ရခဲ့ပါတယ်။
၂၀၁၃ ခုနှစ်ဟာ ဆရာလျောက်နေတဲ့လမ်းမှာ
လမ်းခုလတ်တခုသာ ဆိုရင် ဆရာ့အနေနဲ့ ဘယ်ရောက်နေပြီလဲ၊ ရှေ့ကို ဘယ်လိုမျိုး မျှော်လင့်ထားသလဲ။
အခုဆိုရင် ကျနော့်အသက် ၆၆ နှစ်
ရှိပါပြီ။ အကယ်၍ ကျနော် အသက် ၁၀၀ နေရမယ် ဆိုရင် ကျနော့်ဘ၀သက်တမ်းရဲ့ ၃ ပုံ ၂ ပုံကို
ဖြတ်ခဲ့ပြီးပြီ။ ၃ ပုံ ၁ ပုံလောက်တောင် ကျန်ချင်မှ ကျန်တော့မယ်။ အခုကျနော်လုပ်နေတဲ့
အလုပ်တွေနဲ့ ပတ်သက်ရင် အတန်အသင့် ကျေနပ်စရာကောင်းပါတယ်။ အထိုက်အလျောက် အောင်မြင်ပါတယ်။
နောက်ပိုင်းကျရင်တော့ အရင်တုန်းကလိုမျိုး ကျနော် energetic (အားကောင်းမောင်းသန်) မဖြစ်တော့ဘူး။
အရင်တုန်းကလိုမျိုး အလုပ်တွေ ဖိပြီး လုပ်နေတာထက် အလုပ်ကို လျော့လုပ်တယ်။ စေတနာ အာရုံကို
ပိုပြီး စိုက်လုပ်ဖြစ်တယ် လို့ ပြောချင်ပါတယ်။
၂၀၁၅ ကို ရည်ရွယ်ပြီး ဘာလုပ်နေသလဲဆရာ။
ကျနော် နောက် စာအုပ်တအုပ်ရေးနေတယ်။
ဒီတခါတော့ ‘စွမ်းအင်’ (Energy) အကြောင်း ဖြစ်တယ်။ စွမ်းအင်အကြောင်းကို သဘာဝပတ်ဝန်းကျင်
ရှုထောင့်က အလေးပေးသုံးသပ်ပြီး ရေးနေပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာရေ ။
(book information at - http://thevoicemyanmar.com/2013/index.php/book-review/item/3704-ykt.html
)