(လမ်းခုလတ် ၂၀၁၃) - မောင်မိုးသူနဲ့
စကားလက်ဆုံ
မိုးမခ၊ ဒီဇင်ဘာ ၂၀၊
၂၀၁၃
နိုဝင်ဘာ ၁၈ ရက်နေ့၊ ရန်ကုန်မြို့မှာ မြန်မာစာနယ်ဇင်းလောကရဲ့
သံမဏိသက်ရှည် စာရေးဆရာကြီးဖြစ်တဲ့ မောင်မိုးသူ (၇၆ နှစ်) နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
မန္တလေးမြို့ (အထက်ဗမာပြည်)က အထင်ကရ စာရေးဆရာများဖြစ်ကြတဲ့ တင်မိုး၊ မောင်စွမ်းရည်၊
ကြည်အောင်၊ ကိုလေး (အင်းဝ) ဂုဏ်ရည် စတဲ့ စာရေးဆရာကြီးများနဲ့ ခေတ်ပြိုင်ဖြစ်သလို ယခုအချိန်အထိ
သက်ရှိထင်ရှားရှိနေသေးတဲ့ သူငယ်ချင်းစာရေးဆရာများနဲ့ ခင်မင်ရင်းနှီးစွာ သံမဏိသက်ရှည်တဲ့
စာပေမိတ်ဆွေတွေအဖြစ် နေထိုင်လျက် ရှိသူလည်း ဖြစ်ပါတယ်။
ဆရာနဲ့
တွေ့ဆုံစဉ်မှာ ပထမဦးဆုံး ပြောမိတဲ့အချက်ကတော့ ဆရာတို့ သူငယ်ချင်းတွေဟာ ကျောင်းနေဖက်ဘ၀ကတည်းက
အတူတူ ဖြတ်သန်းလာကြပြီး စာပေလောကထဲမှာလည်း အတူတကွ ရပ်တည် ကြတယ်။ ကျောင်းသားဘ၀က သူငယ်ချင်းတွေလိုမျိုး
အခုချိန်ထိလည်း လူပုဂ္ဂိုလ်ချင်းပဲ ဖြစ်ဖြစ်၊ စာမျက်နှာပေါ်မှာပဲဖြစ်ဖြစ် ရင်းနှီးချစ်ခင်တဲ့
မေတ္တာ၊ သံယောဇဉ်တွေနဲ့ ပေါင်းသင်းဆက်ဆံရေး ရှင်သန်တည်မြဲနေတယ်။ အမေရိကမှာ ဦးတင်မိုး၊
ဦးစွမ်းရည်တို့နဲ့ တွေ့ခဲ့စဉ်ကလည်း သူတို့ စာပေသူငယ်ချင်းတွေအကြောင်း သူတို့ အတူတကွ
လက်တွဲဖြတ်သန်းနေမှုတွေအကြောင်း အမြဲပြောဆိုနေကြသလို ဆရာနဲ့ တွေ့တော့လည်း စည်းလုံးညီညွတ်တဲ့
မိတ်ဆွေ ရဲဘော်စိတ်နဲ့ တဦးကို တဦး ပြောဆိုနေကြဆဲပဲ ဖြစ်တာကို တွေ့ရပါတယ်။ အော် …
ကျနော်တို့တတွေ၊ လူငယ် လူရွယ်တွေကလည်း ခေတ်ကို ဖြတ်သန်းကြချိန်မှာ ဆရာတို့လိုမျိုး
မမှိတ်မသုံနဲ့ ညီညွတ်မှု၊ ချစ်ခင်မှု၊ လက်တွဲမှုတွေ ရှိကြတာကို အားကျ ဂုဏ်ယူကြရမှာလို့
ပြောမိပါတယ်။ အဲသည်မှာ ဆရာက …
‘အေး
… မင်းပြောမှ ငါလည်း ပြန်စဉ်းစားမိတယ်။ ငါတို့တတွေက တဦးကို တဦး complement လုပ်ကြတယ်ပေါ့ကွာ။
ငါတို့တွေ အချင်းချင်း တယောက်ကို တယောက် ဖြည့်ဆည်းကြတယ်ကွာ။ ချစ်စရာကောင်းတဲ့ ဖြည့်ဆည်းမှုကွ။
ငါတို့တွေက ဥပမာဆိုရင် … ‘မောင်ရစ်ရေ … ဒီပုံလေးက ကောင်းတယ်ကွ။ မင်းပုံလေးက ဒီလိုလုပ်လိုက်ရင်
ပိုမကောင်းသွားဘူးလား။ ဘယ်စာအုပ်တော့ ဖတ်ဖို့ကောင်းတယ်။ ဒီနိုင်ငံရေးက ပြောင်းသွားပြီ၊
ခေတ်ကတော့ ဒီလိုပြောင်းသွားပြီ ထင်တယ်ကွ ဒါမျိုးပေါ့။’။ မောင်စွမ်းရည် ဝေဖန်ရေး စရေးတာကလည်း
ငါတို့ကြောင့်ပဲကွ။ Art for Art Sake ကနေ Art for People Sake ဖြစ်သွားပြီ။ အဲဒါကို
တင်မိုးရယ်၊ မောင်စွမ်းရည်ရယ် ငါရယ် ဆွေးနွေးကြရင်းကနေ မောင်စွမ်းရည် … မင်းရေးပါလားကွ
ဆိုပြီး သူလည်း ရေးတော့ ဝေဖန်ရေးဆရာဖြစ်ပြီး လူမုန်းတွေ များတော့ တာပေါ့ကွာ။ (ဟားဟား)။
ဒီလိုမျိုးလေးတွေ ရှိတယ်။
အခုဆိုရင်လည်း သူတို့အနီးမှာမရှိကြတော့ ငါလည်း ကိုဝင်းတင်
(ဟံသာဝတီ ဦးဝင်းတင်) နဲ့ အဖော်လုပ်နေရတာပေါ့ကွာ။ အဲသည်မှာဆိုရင် ကိုဝင်းတင်က နိုင်ငံရေးအရ
တင်းမာတယ်၊ ခေါင်းမာတယ်လို့ အများ သဘောထားပေမယ့် သူ့မှာ အနုပညာပိုင်းဆိုင်ရာမှာ ချစ်စရာလေးတွေ
ရှိတယ်။ အဲဒါကို တလောကတောင် စာထဲ ထည့်ရေးလိုက်ပါသေးတယ်။ ဦးဝင်းတင် ထောင်ကျနေစဉ်တုန်းကဆိုရင်
ကိုပြားကြီး (ဦးမောင်မောင်ခင်)က ထောင်ဝင်စာ ပို့ရတယ်၊ ကိုစိန်ဝင်း (လူထုစိန်ဝင်း)
က သူဖတ်ဖို့ စာအုပ်တွေ ပြင်ဆင်ပြီး စုစည်းပေးရတယ်။ အဲသည်မှာ တနေ့ ထောင်ဝင်စာတွေ့တော့
သူက ငါ့ကို သတင်းမေးတယ်၊ ကိုမိုးသူကော ဘာတွေ လုပ်နေသလဲပေါ့။ ပြန်ပြောရရင် ဟိုးတုန်းက
ဆရာကြီးရွှေဥဒေါင်း သက်ရှိထင်ရှားတုန်းက ငါ့ကို ကိုဝင်းတင်ဆီ ဆရာကြီးက အပ်သွားတာ။ ဒါကို
သူက အမြဲ ဂုဏ်လုပ်ပြီး ပြောလေ့ရှိတယ်။ ဒီကောင့်ကို ကိုဝင်းတင်က ကြည့်ရှုပါ၊ ဆုံးမပါပေါ့ကွာ။
သူ့မှာ တာဝန်ရှိတယ်ပေါ့။ သည်တော့ ကိုမိုးသူကို ပြောဖို့ စကားတခု ရှိတယ်ပေါ့လေ။ ထောင်ထဲကနေ
မှာလိုက်တာ။ သူက မိုးသူကို ဆရာလုပ်ရမှာ။ ဒါပေမယ့် ငါက အစုံလုပ်တာကိုး၊ စာလည်း ရေးတယ်၊
ပန်းချီလည်း ဆွဲတယ်။ သူ့ကို သာအောင် ဆရာလုပ်နိုင်ဖို့က ဒီကောင်က သီချင်းမဆိုတတ်ဘူး။
သည်တော့ သူ အခု ထောင်ထဲမှာ အဆိုကျင့်နေတယ် ပေါ့ကွာ။ သီချင်းဆိုနည်း ဆရာလုပ်မယ်ပေါ့ကွာ။
အဲသည်အချိန်မှာ ရေဒီယိုကနေ ကိုင်ဇာရဲ့သီချင်းလာနေတယ်လေ။ ‘၁၈ နှစ် ပြည့်ပြီလား” ဆိုတာ။
မဲပေးဖို့ ၁၈ နှစ် ပြည့်ပြီလား ဆိုတာပေါ့။ အဲဒါနဲ့ သူက မိုးသူကို ပြောလိုက် ‘ငါလည်း
သည်မှာ ၁၈ နှစ် နဲ့ ၉ လ ပြည့်ပါပြီ’ ဆိုပြီး သီချင်းဆိုလေ့ကျင့်နေပါတယ် တဲ့ကွာ။ ကဲ
ဘယ်လောက် လှသလဲ။ သည်လိုမျိုး ငါတို့တတွေမှာ ချစ်ခင် ရင်းနှီးမှုတွေ ရှိနေတယ်။
နောက်တခု
မိတ်ဆွေတွေ အချင်းချင်း ဖြည့်ဆည်းတယ်ဆိုတာက ခေတ်ပြိုင်တွေတင် မဟုတ်ပါဘူးကွာ။ အခု ဒီမှာတွေ့လား
ကုမုဒြာဂျာနယ်ထဲက ငါ့ဆောင်းပါးတွေ စုပြီး ထုတ်တဲ့ စာအုပ်။ “ဘကြီးမိုး၊ အော်ပီကျယ်၊
ကုမုဒြာ” ဆိုတဲ့ဟာ။ ငါက ဘာရေးမယ်ဆို စဉ်းစားမိရင် ကိုအော်ပီကျယ်ဆီ ဖုံးဆက်ပြီးတော့
ကျနော်က ဒီလို ခေါင်းစဉ်လေး တွေးတယ်ဗျာ။ ဒီလိုလေး စဉ်းစားတယ်ဗျာ လို့ ပြောလိုက်တာပဲ။
သူက သူ့ဖာသာသာသူ အတွေးပေါက်ပြီး သရုပ်ဖော်ကာတွန်း ဆွဲလိုက်တာပဲ။ ငါရေးတဲ့အတိုင်းလည်း
ဟုတ်ချင်မှ ဟုတ်မယ်။ သူ့ဖာသာသူ စဉ်းစားပြီး ရေးတဲ့ ကာတွန်းက ပိုပြီး ကောင်းနေ၊ ပြည့်စုံနေသေးတာပဲ။
သည်လိုပဲ ငါတို့တွေက ရှေ့လူ နောက်လူ ချစ်ချစ်ခင်ခင် ဖြည့်ဆည်းပေးနေရမှာ။
အင်း
… မင်းပြောလို့ နောက်အမှတ်ရတာ တခုပြောရရင် … တလောက စံဇာဏီဘိုဆီမှာ ၈၈ မျိုးဆက်တွေနဲ့
တွေ့ကြတယ်။ ငါက နောက်ပြီး ပြောလိုက်သေးတယ်။ ငါတို့က ၅၈ မျိုးဆက်ကွ လို့။ ၅၈ တုန်းမှာ
ငါတို့ ထောင်ကျတာကိုး။ တကယ်တမ်းက မျိုးဆက်တွေ ဆိုတာထက် အင်အားတွေက အရေးကြီးတာပါကွာ။
ငါနဲ့ ကိုလေး (ကိုလေး(အင်းဝဂုဏ်ရည်)) နဲ့တောင် ပြောမိသေးတယ်။ ကျနော်တို့ ခေတ်ပြိုင်တွေက
အဲသည်တုန်းက တွက်ကြည့်လိုက်ရင် ၁၄၊ ၅၊ ၆ ယောက်လောက် ရှိတာပါ။ စုစည်းမိတဲ့အခါကျတော့
အင်အားဖြစ်လာတာပေါ့။ နောက်ပြီးတော့လည်း ငါတို့တွေက မန္တလေးအုပ်စုလို့၊ သူတို့တွေက ရန်ကုန်အစုတို့
ဆိုတာမျိုးတွေထက် အားလုံး စုစည်းမိကြဖို့၊ ဖြည့်ဆည်းမိကြဖို့ လိုတာပါ။ အဲသည်တုန်းက
လှတာ တခုပြောရရင် ဆရာကြီးတွေဖြစ်တဲ့ ဆရာဇော်ဂျီတို့ ဆရာမင်းသုဝဏ်တို့က ငါတို့လူငယ်တွေကို
ရန်ကုန်ကနေ သိုင်းသိုင်းဝိုင်းဝိုင်း နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာတွေလေ။ တင်မိုးတို့
မောင်စွမ်းရည်တို့ ငါတို့ဆီက ကဗျာဆရာတွေ စာပေဆုတွေ ချီးမြှင့်ခံရတယ်။ ဒါဟာ ငါတို့ရှေ့က
လူကြီးတွေကနေပြီး လူငယ်တွေကို လက်တွဲတာပဲ။ ဖေးမလိုက်တာတွေပဲ။
င့ါကိုယ်ငါ
ပြန်ကြည့်ရင်လည်း ငါလည်း ဘာမှ မတတ်ပါဘူးကွာ။ ကြည်အောင်ဆုံးတော့ ကိုလေးနဲ့ ငါနဲ့ စကားပြောရတယ်။
အဲသည်မှာ။ ကိုလေးက ဘာပြောသလဲဆိုတော့ မိုးသူဆိုတဲ့ကောင်က ကျနော်တို့ထဲမှာ ဘာမှ မတတ်ဘူး၊
ဒါပေမယ့် မိုးသူက ကျနော်တို့ အားလုံးရဲ့ ဆရာပဲတဲ့။ တကယ်တန်းက ငါက သူတို့လို လူတော်တွေကို
သိတာ၊ သူတို့တတွေ ကျွမ်းကျင်လိမ္မာတဲ့ အချက်တွေကို ငါက သိနေတော့ ငါက ဆရာလုပ်တတ်တာပေါ့ကွာ။
ဒီလှိုင်းတို့၊ ဓနတို့၊ မော်ဒန်တို့၊ ကုမုဒြာတို့ လုပ်တဲ့အခါမှာ ငါက လိုအပ်နေရာတွေမှာ
တော်တဲ့ တတ်တဲ့ သိတဲ့လူတွေကို ဖြည့်ဆည်းပေးတာ၊ စုစည်းပေးတာတွေပဲ လုပ်တာပါ။ ကိုယ့်ကိုယ်ကိုသိ၊
ကိုယ့်နေရာကို သိရတာပေါ့ကွာ။ အပျော်တမ်းလုပ်တာ၊ ၀ါသနာနဲ့လုပ်တာမျိုးတွေကျတော့ ပြောရ
ပြင်ရ ခက်တာပေါ့။ ပရိုဖယ်ရှင်နယ်ဖြစ်အောင် လုပ်ကြရမယ်။ ဒီအတိုင်းတော့ နေနေကျလို့တော့
ဘယ်ဖြစ်မလဲ။ တော်တဲ့လူတွေကို မြေတောင်မြှောက်ပေးရမယ်။
မင်းအခု
မေးတဲ့အထဲမှာ “လမ်းခုလတ် ၂၀၁၃” ဟုတ်လား။ အခုအချိန်အခါနဲ့ ပြန်ကြည့်ရင် ဒီအစိုးရ ဦးသိန်းစိန်
ကြွေးကြော်နေတာတွေကတော့ အကောင်းစားတွေကြီးပဲ။ ငြိမ်းချမ်းရေ ရအောင်လုပ်မယ်။ ဆင်းရဲမွဲတေမှု
ပပျောက်အောင်လုပ်မယ်။ ဒီမိုကရေစီရအောင် လုပ်မယ်။ အကောင်းစားစကားလုံးတွေချည်းပဲ။ ဒါပေမယ့်
အလုပ်က မဖြစ်ဘူး။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကော မလာနိုင်သေးဘူး။ မဖြစ်တာက သပ်သပ်။
ဒါပေမယ့် ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ရောက်လာတော့မှာပဲ။ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ရမယ်။
တိုင်းရင်းသားတွေ ပါတီထောင်ခွင့်ပေးရတော့မယ်။ တိုင်းရင်းသားတွေ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရင်
တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေပဲ ရကြမှာပေါ့။ ပြည်မကို ပြန်ကြည့်မယ်ဆိုရင်
ကြံ့ဖွံ့နဲ့ ဒေါ်စုပါတီနဲ့ပဲ ပြိုင်ကြဖို့ ရှိမှာပဲ။ အဲသည်ကျရင် ဒေါ်စုပါတီပဲ နိုင်မှာပေါ့။
ရိုးရိုးလေး တွေးကြည့်လေ။ ပြည်မမှာ ဒေါ်စုပါတီသာ နိုင်သွားရင်၊ တိုင်းရင်းသားနယ်မြေတွေမှာ
တိုင်းရင်းသားတွေ နိုင်သွားရင် ဘာဖြစ်မှာလဲ။ ဒါက အဲသည်ကျရင် ဖြေရတော့မယ့် မေးခွန်းပဲ။
ကဲ
… အခုအချိန်မှာ ပြန်ကြည့်လိုက်ရင် ပြည်ပရောက်နေတဲ့ ပညာသည်တွေ ဥစ္စာအရင်းအနှီးတွေက မြန်မာပြည်ကို
ပြန်လာနေတယ်။ တိုင်းပြည်အတွက် အကျိုးပြုကြဖို့ပဲပေါ့။ အဲသည်တချိန်တည်းမှာပဲ ပြည်ပမှာ
နယ်စပ်ဒေသမှာ၊ ဒုက္ခသည်စခန်းတွေမှာ ရွေ့ပြောင်းအလုပ်သမားတွေ၊ မိသားစုတွေ၊ အိုးအိမ်စွန့်ခွာသွားရသူတွေလည်း
အများကြီးပဲ ခုထိ ရှိနေတုန်းပဲ။ နိုင်ငံခြားမှာ သွားပြီးတော့ ကူလီသွားလုပ်နေကြရတာ၊
ကျွန်ခံနေကြရတာ။ သည်လူထုတွေအတွက်ကော ငါတို့တွေက ဘာပြန်လုပ်ပေးမှာလဲ ဆိုတာက မစဉ်းစားကြဘူးလား။
သူတို့တတွေ ဟိုမှာ အိုးပစ် အိမ်ပစ် အသက်စွန့် အရှက်စွန့်ပြီး ဒုက္ခခံနေကြရတာတွေထက် သက်သာတဲ့
လုံခြုံစိတ်ချမှုကိုပေးနိုင်တဲ့ ပြည်တွင်းကအာမခံချက်ဆိုတာ လွယ်လွယ်ကူကူ လုပ်မပေးနိုင်ကြဘူးလား။
ငါတို့တိုင်းပြည်က
ကူလီမျိုးဟေ့ ဒို့ဗမာဖြစ်နေရာနေတာ ကြာလှပြီလေ။ သူတို့ရဲ့ လူသားအရင်းအနှီးကလည်း အရေးအကြီးဆုံးပဲ။
သူတို့မြေ၊ သူတို့အိမ်မှာ လယ်စိုက်တဲ့သူ လယ်ပြန်စိုက်နိုင်ဖို့၊ သူတို့ဆိုင်ရာပိုင်ရာ
အလုပ်ကလေးတွေ သူတို့ဖာသာ အေးအေးချမ်းချမ်း အလုပ်ပြန်လုပ်နိုင်ကြဖို့၊ သူတို့ရောက်နေတဲ့
တစိမ်းမြေမှာထက် ဒီနေရာမှာ ပြန်ပြီးတော့ လုံခြုံစိတ်ချတဲ့ နေရာထိုင်ခင်းလေးတွေ ပေးနိုင်ဖို့
မလိုအပ်ဖူးလား။ အသက်နဲ့လဲပြီးတော့ သူများတိုင်းပြည်မှာ သွားနေတဲ့သူတွေ လုံခြုံစိတ်ချစွာ
ပြန်လာနိုင်ဖို့ အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ကို ငါတို့က စဉ်းစားရမယ်။ တခြား စကားလုံး
ကြီးကြီးကျယ်ကျယ်တွေ လျောက်ပြောမနေနဲ့။
မြန်မာပြည်မှာ
မကြုံစဖူး ချမ်းသာနေတဲ့ ခရိုနီလူတန်းစားတွေ ဘာတွေ အရေးမကြီးပါဘူး။ အရေးကြီးတာက ငါတို့ရဲ့
အခြေခံလူတန်းစားတွေရဲ့ အရေးပဲ။ သူတို့မှာ များများမလိုပါဘူး။ သူတို့ဘာသာ သူတို့ အေးအေးဆေးဆေး
လုံခြုံစိတ်ချရပြီး သူတို့အလုပ်လေးတွေ ပြန်လုပ်နိုင်ကြဖို့ပဲ။ သူတို့အသက်လေး သူတို့
မွေးနိုင်ကြဖို့ပါပဲ။ အဲသည်အတွက် ကျန်တဲ့သူတွေက ၀ိုင်းဝန်းဖြည့်ဆည်းပေးကြဖို့ လိုတာပေါ့။
ငါတို့တတွေက အခုအချိန်မှာ လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် ဖြည့်ဆည်းကြတာလဲ လှတာပဲ
မဟုတ်လား။ ။
