ကျိုးနွံနာခံရေးလား/ အာခံ ဆန့်ကျင် ပယ်ဖျက်ရေးလား
တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်)
ဒေါ်မြင်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်၊ ဦးသန့်ဇင်ထက်တို့ကို
တရားမစွဲဆိုထိုက်မှန်းသိပါလျက်နဲ့ အညှိုးအတေးဖြင့် ဖမ်းဆီးထားပြီး နောက်ယခုအခါ ပဲခူးတိုင်းတရားလွှတ်တော်က
တရားသေ လွှတ်ပေးလိုက်ရပြီဖြစ်သည်။
အရေးမသာ၍သာ
အံကြိတ်ပြီးလွှတ်ပေးလိုက်ရခြင်းမျိုးဖြစ်သည်။ သူတို့ဂွင်ထဲဝင်လာသည့်အခါ သင်းတို့သည်
အညှိုးအတေး ဖြင့်ထောင်းပါလိမ့်ဦးမည်။
သို့ပါ၍ ၆ လခန့်မျှ မတရားသဖြင့် ဖမ်းဆီးထောင်ချထားမှုနှင့်စပ်လျဉ်းပြီး
ရဲ၊ တရားသူကြီး၊ ဆွဲချ အဆင့်ဆင့်သော တာဝန်ရှိသူ များကို ထိထိရောက်ရောက် စစ်ဆေးအရေးယူရန်လိုအပ်သည်။
ထို့အပြင် ယခုကဲ့သို့ ၆ လခန့်မျှ မတရားသဖြင့် ဖမ်းဆီး ထောင်ချခံခဲ့ရ သည့် ဒေါ်မြင့်မြင့်အေး၊
ဒေါ်ခင်မိမိခိုင်၊ ဦးသန့်ဇင်ထက်တို့ကို အဆင့်ဆင့်သောတာဝန်ရှိသူများက မှားယွင်းကြောင်းတောင်းပန်ရမည်။
နစ်နာမှုတွက်လျော်ကြေးပေးရမည်။
အညှိုးအတေးကို ရဲ၊ တရားသူကြီးများက ထားနိုင်သည်မဟုတ်၊
ရဲနှင့်တရားသူကြီးဆိုသူများသည် အထက်က ပေးသည့်အမိန့် တိုင်း ဖမ်းဆိုလျှင်ဖမ်းကြရပြီး
အထက်ကချပေးသည့်အတိုင်း စီရင်ချက်ချကြရသည်။
အုပ်စိုးသူများအတွက် စစ်တပ်၊ ထောက်လှမ်းရေး၊ တရားရေးမဏ္ဍိုင်၊
တရားဥပဒေ၊ တရားရုံး၊ တရားသူကြီး၊ အစိုးရရှေ့နေ (ဆွဲချ)၊ ရဲတပ်ဖွဲ့တို့သည် လက်မရွံ့၊
လက်ကိုင်ဒုတ်များဖြစ်သည်။ အကြမ်းဖက်ဖိနှိပ်ရေးယန္တယားများလည်းဖြစ်သည်။
ထိုအကြမ်းဖက်ဖိနှိပ်ရေးယန္တယားများသည်(နဝတ-နအဖ)စစ်အစိုးရလက်ထက်တွင်
(နဝတ-နအဖ)စစ်အစိုးရက အလိုကျအမှု တော်ထမ်းခဲ့ကြပြီး၊ သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ
လက်ထက်တွင်လည်း သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ အလိုကျအမှုတော်ထမ်း နေဆဲဖြစ်သည်။
လေလုံးထွားလှသည့် “တရားဥပဒေစိုးမိုးရေး”
ဆိုသည်မှာ အုပ်စိုးသူများအလိုကျ ပြည်သူများက ငြိမ်ဝပ်ပိပြားနေကြရသည့် အခြေအနေတစ်ရပ်ကို
ဆိုလိုခြင်းသာဖြစ်သည်။ အုပ်စိုးသူများအဖို့ ပြည်သူများငြိမ်ဝပ်ပိပြားနေခြင်းသည် တရားဥပဒေစိုးမိုးခြင်း
ပင်ဖြစ် သည်။
ပြည်သူများက
အခွင့်အရေးတောင်းဆိုမည်၊ ဆန္ဒဖော်ထုတ်မည်၊ ဆန္ဒပြမည်ဆိုလျှင် “နိုင်ငံတော်တည်ငြိမ်ရေးနှင့်
အေးချမ်း သာယာမှုကို ချိုးဖောက်ခြင်း သို့မဟုတ် တရားဥပဒေချိုးဖောက်မှု” ဟူ၍ ပြောဆိုကြမည်။
လက်နက်ဆို၍ အပ်တိုမျှပင်မရှိသော ကျောင်းသားလူငယ်များအား
ဂျီးသရီးမောင်းပြန်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ (တကသ)အဆောက်အအုံအား ဒိုင်းနမိုက်ဖြင့်ဖြိုချခြင်း၊
အင်းလျားကန်ဘောင်တွင် လုံထိန်းများက ရိုက်နှက်သတ်ဖြတ်ခြင်း၊ ဒီပဲယင်းတွင် အကြမ်း ဖက်သတ်ဖြတ်ခြင်း၊
လက်ပံတောင်းတွင် သံဃာတော်များအား မီးလောင်ဗုံးဖြင့်ပစ်ခတ်ခြင်း၊ ရခိုင်၊ မိတ္တီလာ၊ ထန်းကုန်း၊
ဥက္ကံ၊ လားရှိုးတို့တွင်အကြမ်းဖက်မီးရှို့သတ်ဖြတ်မှုများအားလက်ပိုက်ကြည်နေခြင်းများသည်အုပ်စိုးသူများ၏ပွင့်လင်းမြင်သာသည့်
တရားဥပဒေ စိုးမိုး ရေး ဆောင်ရွက်ချက်များပင်ဖြစ်သည်။
လိုအပ်လျှင် တောမတ်အိုဟေးကင်းတားနားနှင့် အဖွဲ့စီးနင်းလာသည့်
မော်တော်ယာဉ်အား ရန်ပြုတိုက်ခိုက်ခြင်းသည်ပင် တရား ဥပဒေစိုးမိုးရေးဖြစ်သည်။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင်
ထိုင်ခုံများရိုက်ချိုးပြီး ဆိုင်းဘုတ်နှင့်အလံမီးရှို့သူလူရမ်းကားများကို စရိတ်ပေး၍
ပြန်လွှတ်ခြင်းသည်လည်း တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။
“၂၀၀၈ အခြေခံဥပဒေ” အပါအဝင် အများစုသော
“တည်ဆဲဥပဒေများ”သည် မတရားသည့်မမျှတသည့်၊ ဖိနှိပ်သည့်ဥပဒေဆိုး များသာလျှင် ဖြစ်သည်။
ထိုသို့သော တည်ဆဲဥပဒေဆိုးများသည် အုပ်စိုးသူများ၏အကြမ်းဖက်ဖိနှိပ်မှုကို အပြည့်အဝ ထောက်ခံကာကွယ်ပေး
ထားသည့် ဥပဒေများလည်းဖြစ်သည်။
ချုပ်လိုက်လျှင်ပြည်သူများ၏ဒီမိုကရေစီအခွင့်အရေးများကို
ဖိနှိပ်ချိုးနှိမ်ထားပြီး အကြမ်းဖက်အနိုင် ကျင့်ထားသည့် ဥပဒေများဖြစ်သည်။ သို့ပါ၍
“တရားဥပဒေစိုးမိုးရေး”၏ လက်တွေ့အဓိပ္ပါယ်မှာ ပြည်သူများအား ပိုင်ပိုင်နိုင်နိုင် အကြမ်း
ဖက် ဖိနှိပ်ထားနိုင်သည့်အခြေအနေတစ်ရပ်ကို ဆိုလိုခြင်းသာဖြစ်သည်။ ပြည်သူများ၏ လယ်ယာမြေ၊
ဘိုးဘွားပိုင်မြေများကို အဓမ္မသိမ်း ယူပြီး၊ ပြန်ပေးရန်ဆန္ဒပြတောင်းဆိုသည့်အခါ “တပ်စည်ပင်”ကဲ့သို့
လူဆိုးလူမိုက်များက အကြမ်းဖက်ရန်ပြုခြင်းသည် တရားဥပဒေ စိုးမိုး ရေး၏ လက်တွေ့သာဓကဖြစ်သည်။
သို့ဖြင့် လာမည့်လွတ်လပ်ရေးနေ့တွင် “ပုဒ်မ၁၈” အား ဆန္ဒပြကြလိမ့်ဦးမည်။
တကယ်တော့ ဆန္ဒပြရုံမျှဖြင့် မလုံလောက်ချေ၊ “ပုဒ်မ
၁၈” တစ်ခုတည်းကိုသာ ကွက်၍ ဆန္ဒပြကြမည်လော။ “ပုဒ်မ
၁၈” သည် လုံးဝဖျက်သိမ်းပစ်ရမည့် ဥပဒေဆိုးများ၊ ပုဒ်မဆိုးများ အနက် တစ်ခုအပါအဝင်သာဖြစ်သည်။
တစ်ချိန်တစ်ခါက “မတရားသည့် အမိန့်အာဏာဟူသမျှ
တာဝန်အရဖီဆန်ကြ” ဟူ၍ ကြွေးကြော်ခဲ့ကြသူများသည်ပင် ယခုအခါ “တရားဥပဒေစိုးမိုးရေး”ဟု ပြောင်းလဲကြွေးကြော်နေကြပြီ။
အပြောင်းအလဲဆိုသည်မှာ ဤသို့သောအပြောင်းအလဲများကို ပြောတာဖြစ်မည် ဟုထင်ပါသည်။ တရားဝင်ခွင့်ပြုချက်ယူပြီးမှ
ဆန္ဒပြသည့် ကျိုးနွံယဉ်ကျေးသော ဥပဒေဘက်သားတွေဖြစ်ကုန်ပြီ။ ပြည်သူများ လိုက်နာစေ ရန်စံနမူနာပြအဖြစ်
ပြုလုပ်နေကြသလော။ မတရားသည့်တည်ဆဲအမိန့်ဥပဒေများကို ရိုးကျိုးဝပ်တွားနေကြသည်။ မိမိအား
ခတ်လာမည့် လက်ထိပ်နှင့်သံခြေကျင်းအား ဆေးလှလှ ချယ်ပေးနေကြသည်။
