မိုးကတော့မပြို ပြိုခဲ့သည်ရှိသော် (Ashin Dhammapiya)



မိုးကတော့မပြို ပြိုခဲ့သည်ရှိသော်

ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၄
          ၂၀၁၄-ခု၊ ဇန်န၀ါရီလ (၅)ရက်နေ့မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။ ခရီးစဉ်အရ ရောက်ခဲ့တဲ့နိုင်ငံ တိုင်းမှာ လွန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဖြစ်ပျက်သွားခဲ့တဲ့ ရခိုင်အရေးအခင်း၊ မိတ္ထီလာအရေးခင်းနှင့်စပ်လျဉ်းပြီး သတင်းမှားတွေကို အင်တာနက်စာမျက်နှာပေါ်မှာ တင်ခဲ့ကြတဲ့အတွက်ကြောင့် နိုင်ငံတကာပြည်သူ၊ ပြည်သားတွေက မြန်မာပြည်သူ၊ ပြည်သားတွေအပေါ်မှာ များစွာအထင်လွဲခဲ့ကြတယ်။ မရက်စက်တတ်တဲ့ မြန်မာပြည်သူ၊ ပြည်သားတွေဟာ အထူးသဖြင့် ရဟန်းတော်များဟာ နေရင်းထိုင်ရင်း အကြမ်းဖက်ခေါင်း ဆောင်တွေရယ်လို့ အမည်နာမတွေ အတပ်ခံခဲ့ရတယ်။   
          ရောက်တဲ့နိုင်ငံတိုင်းမှာလိုလို ဖြစ်စကဆိုရင် နိုင်ငံခြားမှာရှိတဲ့ အများစုသော ပြည်သူ၊ ပြည်သားတွေဟာ မြန်မာပြည်သူ၊ ပြည်သား တွေအပေါ်မှာ အတော်ကြီးကို အထင်အမြင် လွဲနေခဲ့တာကို တွေ့ခဲ့ရတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးတွေအပေါ်မှာ ခါးခါးသီးသီးကြီး စက်ဆုပ်ရွံရှာနေခဲ့ကြတယ်။ အကြမ်းဖက်ဝါဒီတွေရယ်လို့ ပြစ်မှားပြောဆိုလာတဲ့အထိ ဖြစ်နေခဲ့ကြတယ်။ ထိုသို့ပြောသူတွေထဲမှာ နိုင်ငံ ခြားရောက် မြန်မာဒကာ၊ ဒကာမအချို့သည်ပင် ပါဝင်နေခဲ့တာကြောင့် များစွာအံ့အားသင့်မိတယ်။ ကံရဲ့နိယာမ သဘောပဲလို့ ဖြေသိမ့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ အပြစ်ပြုသူနှင့် အပြစ်ရှိသူ ကွဲပြားခြားနားစွာ သက်သေမပြနိုင်သေးသသမျှကာလပတ်လုံး ကံဆိုးသူတို့အပေါ်မှာသာ အပြစ်တွေ ကျရောက်နေဦးမည်ဆိုတာ ဘုရားဟောဒေသနာတော်အရ နားလည်သဘောက်ပေါက်ခဲ့တယ်။   
          အပြစ်ပြုခြင်းနှင့်စပ်လျဉ်း၍ ဘာသာရေးရှုဒေါင့်ကနေကြည့်၍ ပြောရလျှင် အပြစ်ဆိုတာ ကိုယ်တိုင် လုပ်မှ၊ ကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိမှ အပြစ်ဖြစ်နိုင်တယ်လို့  ဆိုနိုင်ပေမဲ့၊ ဆိုနေကြပေမဲ့ သိပ္ပံအမြင်က ဒီနေရာ မှာ တစ်မျိုးဆန်းသစ်နေတယ်လို့ဆိုရမယ်။  
          သိပ္ပံဆရာကြီး အိုင်းစတိုင်းက - “ဒီနေ့ ကမ္ဘာကြီးဟာ (လူသားတွေ) နေဖို့အတွက် အန္တရာယ်တွေ ပိုများ လာတယ်။ ဒီလိုဖြစ်ရတာဟာ မကောင်းမှုဒုစရိုက်တွေကို ပြုလုပ်နေသူတွေကြောင့်ချည်းမဟုတ်ပဲ။ အကြမ်းဖက် သမားတွေကို အကြမ်းဖက်ခွင့်ရအောင် ထိုင်ကြည့်နေသူတွေ (လက်ပိုက်ကြည့်နေသူတွေ) အကြမ်းဖက်ခွင့်ကို (မသိမသာ သို့မဟုတ် သိသိသာသာကြီး) လုပ်ခွင့်ပေးထားသူတွေကြောင့်လည်း ဒီကမ္ဘာကြီးဟာ အန္တရာယ်တွေ ပိုများလာနေခြင်း ဖြစ်တယ်↔လို့ ဆိုထားတယ်။ (The world is too dangerous to live in, not because of people who do evil, but because of people who sit and let it happen.) သိပ္ပံဆရာကြီးရဲ့အဆိုဟာ သဘာဝအလွန်ကျပြီး၊ ဘာသာရေးအစွန်းရောက်နေသူတွေ၊ ပြောသမျှ၊ ဆိုသမျှကို ယုံလွယ်သူတွေအတွက် စဉ်စားဖို့ကောင်းတဲ့ အချက်တစ်ခုဖြစ်တယ်။
          နိုင်ငံခြားခရီးစဉ်တွေအတွင်း မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများကိုလည်း ရောက်ခဲ့တယ်။  ရောက်တဲ့အခါ ထိုနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုးတွေရဲ့ စကားကို ကြားရတော့မှ ဘာကြောင့် မြန်မာပြည်က ရဟန်းသံဃာတွေနှင့် ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာ ခါခါသီးသီး မုန်းတီးနေရသလဲဆိုတဲ့မေးခွန်းဟာ သဲကွဲလာ တော့တယ်။ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ ရခိုင်အရေးအခင်း၊ မိတ္ထိလာအရေးအခင်း သတင်း တွေနှင့်စပ်လျဉ်းပြီး သတင်းမှန်တွေကို မသိရှာကြတဲ့လူတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ တက်လာတဲ့ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေကို ဖတ်ရှုပြီး အမှားကိုပင် အမှန်ထင်ခဲ့ကြတာကြောင့် ဘုန်းကြီးများကို ရက်စက်သူတွေရယ်လို့ အထင်ရောက်သွားခဲ့ကြတာကြောင့် ဂလဲ့စားချေတဲ့အနေနှင့် မလေးရှားမှာ မြန်မာဗုဒ္ဓဘာသာဝင်တွေ နေ့တိုင်းနီးနီး အကြမ်းဖက်ခံနေရတာ၊ အသတ်ခံနေရတာကို ကြားသိခဲ့ရတယ်။
          ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်ဒေသမှာ ဖြစ်ပျက်သွားခဲ့တဲ့အရေးအခင်းမှာ အများစု ဖြစ်တဲ့ ဘာသာခြားတွေက အနည်းစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများကို အင်းအားသုံး၍ အကြမ်းဖက်တိုက်ခိုက်ခဲ့တာတွေ၊ မိတ္ထိလာမြို့မှာ ပြဿနာကြီးထွားအောင် ရဟန်းတစ်ပါးကို အစွန်းရောက် သမားများက ၀ိုင်းဝန်းသတ်ဖြစ်ခဲ့မှုကို အကြောင်းပြု၍ မိတ္ထီလာမြို့ကြီးလည်း မီးဟုန်းဟုန်း တောက်ခဲ့ရတဲ့ အဖြစ်မှန်တွေကို ခြေခြေမြစ်မြစ် မသိခဲ့ကြလေတော့ ပြဿနာကို ဖန်တီးသူများဟာ ဗုဒ္ဓဘာသာဝင်တွေသာ ဖြစ်တယ်လို့ အထင်ရောက်နေခဲ့ကြသူတွေပါ။ မလေးရှားမှာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အကြမ်းဖက်ခံနေခြင်းဟာ အစွန်းရောက် အကြမ်းဖက်သမားတွေချည်းကြောင့်မဟုတ်ပဲ၊ ထိုသူများအား အားပေးအားမြောက်ပြုပေးနေသူတွေကြောင့်လည်း များစွာဖြစ်နိုင်ခြင်းပါ။
          ဤသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ သာသနာတော်သည် အကျဉ်းအကြပ် တည်း ကျရောက်နေတဲ့ အချိန်အခါမျိုးလို့ ပြောဆိုနိုင်ခြင်းပါ။ မြန်မာနိုင်ငံရဲ့သာသနာ အရှည်တည်တန့် ခိုင်ခန့်နိုင်ရေးသည် တိုင်းပြည်ကလည်း ငြိမ်းချမ်းပြီး၊ ဘာသာဝင်အချင်းချင်းကလည်း အကြမ်းမဖက်ကြပဲ သူ့စည်းကိုယ့်စည်းကို လုံခြုံအောင် ထိမ်းသိမ်းကြရန် အလွန်အရေးကြီးကြောင်း အထူးလိုအပ်နေခြင်းပါ။ မြန်မာပြည် အရေးအခင်းတွေနှင့်ပတ်သက်ပြီး မလေးရှားရှိ ဗုဒ္ဓဘာသာဝင်များဖြစ်ကြတဲ့ တရုတ်လူမျိုးများသည် ဗုဒ္ဓဘာသာသည် သူများအသက်ကို သတ်ခြင်းကိုလည်း ဘယ်တုံးကမှ အားမပေး၊ သူတပါးပစ္စည်းကို ခိုးခြင်း ကိုလည်း ဘယ်သောခါမှ အားပေးသည်မဟုတ်သောကြောင့် အင်တာနက်စာမျက်နှာများပေါ်၌ အများစွပ်စွဲသော စွပ်စွဲချက်များသည် မဟုတ်မမှန်နိုင်ကြောင်း သိထားပြီးဖြစ်သော်လည်း “မိုးကတော့မပြို ပြိုခဲ့သည်ရှိသော်↔ဆိုတဲ့စိတ်နှင့် အနေကျဉ်းကျပ်ခဲ့ရကြောင်း ပြန်လည်ကြားခဲ့ခြင်းပါ။
          ဘာပဲဖြစ်ဖြစ် အချို့သတင်းမီဒီယာများရဲ့ စွပ်စွဲချက်တွေက ပြင်းထန်လွန်းလှတယ်။ လူနည်းစုဖြစ်တဲ့ မူစလင်တွေကို လူမျိုးတုန်း ခြေမှုန်းသတ်ဖြတ်နေကြတယ်ဆိုတဲ့ လူမဆန်တဲ့ စွပ်စွဲချက်တွေဟာ ထိုလူမဆန်တဲ့သူများကိုသာ မုန်းတီးရမဲ့အစား ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များအပေါ်မှာ မုန်းတီးမှုတွေကို ဖြစ်စေခဲ့ကြတယ်။ သံဃာတော်များဟာ ထိုမုန်းတီးမှုတွေကို ဖြေလျှော့နိုင်ဖို့အတွက် မေတ္တာကို လက်နက်သဖွယ်အသုံးပြုပြီး၊ သစ္စာကို မန္တာန်သဖွယ် အသုံးပြုခဲ့ကြရတယ်။
          အဂုင်္လိမာလပရိတ်တော်မှာ အဂုင်္လိမာလမထေရ်သုံးစွဲခဲ့တဲ့ မန္တာန်ကို အတုယူပြီး၊  သစ္စာစကားကို ဆိုခဲ့ကြရတယ်။ အဂုင်္လိမာလမထေရ်သုံးစွဲခဲ့တဲ့ မန္တာန်က- “ကျွန်ုပ်သည် အရိယာဇာတ်သို့ ရောက်ရှိသည့် နေမှစ၍ သတ္တ၀ါတစ်ဦးတစ်ယောက်အား သေစေလိုသောစိတ်ထားဖြင့် သတ္တ၀ါ၏အသက်ကို သတ်ခဲ့ဘူး သည်ဟူ၍ မရှိပါ။ ဤမှန်ကန်သော သစ္စာစကားကြောင့် သင်နှမအား ချမ်းသာစွာ မီးဖွားနိုင်ပါစေ↔ဆိုတဲ့ သစ္စာမန္တာန်ပါ။ တဲ့။
          ဘာသာတရားကို ယုံကြည်ထားကြသူများဟာလည်း အဂုင်္လိမာလမထေရ်ရဲ့ သစ္စာမန္တာန်ကို နည်ုးယူ လျှက် သစ္စာမန္တာန်ကို ရွတ်ဆိုခဲ့ကြတယ်။ ကျွန်ုပ်တို့ ရွတ်ဆိုခဲ့ကြသောမန္တာန်က - “မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ သံဃာစစ်၊ သံဃာမှန်များသည် လူသားဖြစ်သော ဘာသာခြားတို့အားလည်းကောင်း၊ ဘာသာခြားတို့ ပိုင်ဆိုင်သော ပစ္စည်းများကိုလည်းကောင်း သေစေလိုသောစိတ်ထားများ၊ ပျက်စီးစေလိုသော စိတ်ထားများ အမှန်တကယ်ပင်မရှိကြပါ။ ဤမှန်ကန်သော သစ္စာစကားကြောင့် သံဃာတော်များအပေါ်၌ ကျရောက်နေသော စွပ်စွဲပြောဆိုချက်များသည် အလျှင်အမြန် ပျောက်ကင်းပါစေ။ အမှားနှင့်အမှန်ကိုလည်း ကမ္တာ့လူသားများက အမြန်ဖေါ်ထုတ်ပေးနိုင်ကြပါစေ↔လို့ သစ္စာမန္တာန်များကို ဆိုခဲ့မိခြင်းပါ။  
          ဖြစ်ခဲ့ပြီးတာတွေလည်း ဖြစ်ခဲ့ပြီလို့ ရှိပါစေလို့ ဆိုနိုင်ပေမဲ့၊ နိုင်ငံခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာဝင်များအားလုံးသည် အစွန်းရောက်တဲ့ ကျူးကျော်သှုများကို လက်ပိုက်ကြည့် မနေပဲ၊ ဆက်လက်ပြီး လုပ်ခွင့်များ ပေးမထားကြဖို့ အလေးအနက် တိုက်တွန်းလိုခြင်းပါ။ အမုန်းတရားကို ပွားစေနိုင်တဲ့ ဟောပြောမှုများကို အထူးရှောင်ရှားကြဖို့ပါ။ တိုင်းပြည်တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေး တို့အတွက် လူတိုင်းမှာ တာဝန်ရှိနေခြင်းပါ။
          တိုင်းပြည်တည်ငြိမ်အောင် အများဆုံးဖြစ်နိုင်ခြေရှိတဲ့ အားမခံချက်ပေးနိုင်တဲ့ မူဝါဒတစ်ခုမှာ  ပညာရေးမူဝါဒများကို အလျှင်အမြန် ပြုပြင်ပြောင်းလဲပေးဖို့ပါ။ လူမှုရေးပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခများ၊ ဘာသာရေးပဋိပက္ခများ ထပ်မံမဖြစ်ပွားရလေအောင် ၀ိုင်းဝန်းစီမံဆောင်ရွက်ပေးကြဖို့ပါ။ မည်သည့် တိုင်းပြည် မျိုးမှာမဆို ပညာတတ်များ နည်းပါးနေမည်ဆိုလျှင် ပဋိပက္ခများလည်း များပြားနေတတ်၍ လူမျိုးရေးပဋိပက္ခများ၊ ဘာသာရေးပဋိပက္ခများ နည်းပါးသွားရလေအောင် ပညာတတ်များကို တိုင်းပြည်တွင်းမှာ များများ မွေးထုတ် ပေးနိုင်ကြဖို့ပါ။ ̏ပညာမြင့်လျှင် လူမျိုးတင့်သည်။ ပညာကင်းလျှင် လူမျိုးဖျင်းသည်˝ ဆိုတဲ့အဆိုဟာ ကမ္ဘာ့နိယာမ တရားတစ်ခုလို့ပင် ဆိုသင့်ခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ (ITBMU)