ဒေါ်မာမာအေး ဖို့ဝိန်းနေအိမ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်ကန်းလှူ၊ အမျှဝေမည်


ဒေါ်မာမာအေး ဖို့ဝိန်းနေအိမ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်ကန်းလှူ၊ အမျှဝေမည်
မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၃၊ ၂၀၁၄
လာမည် နက်ဖြန်၊ ဇန်န၀ါရီ ၄၊ မြန်မာပြည်၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်လည်တွင် ဂီတပညာရှင် ဒေါ်မာမာအေးက သူ၏ ဖို့ဝိန်းနေအိမ်တွင် သင်္ကန်းကပ်လှူ အမျှပေးဝေမည်ဟု သိရသည်။
နှစ်စဉ် လွတ်လပ်ရေးနေ့နှင့် ထူးခြားသောအထိမ်းအမှတ်နေ့များတွင် ဒေါ်မာမာအေးသည် ရောက်ရာဒေသနေရာတွင် ဆွမ်းကပ်ခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ယခုတခါတွင်လည်း ဆီးပန်းနီက အစ ဦးဝိစာရဆရာတော်ကြီးများအကြောင်း ဖတ်ရှုမိရင်း “လွတ်လပ်ရေးဝေဒနာ” ရပြီး ဆောက်တည်ရာမရလွန်းလို့ အခုလို ကောင်းမှုကုသိုလ်လုပ်ရန် စဉ်းစားကြောင်း ဒေါ်မာမာအေးက မိုးမခကို ပြောကြားသည်။
မြန်မာပြည်သို့ ခေတ္တခဏ ပြန်ရောက် လည်ပတ်နေသော်လည်း သူ၏ ဒုတိယအိမ်ဖြစ်သည့် အမေရိကန်ပြည်တွင် ဆက်လက် မှီတင်းနေထိုင်နေရဆဲ ဖြစ်သည့် ဒေါ်မာမာအေးအနေဖြင့် အိမ်လွမ်းသည့် ဝေဒနာမှာ ပိုမိုပြင်းထန်ပုံရသည်။ မြန်မာပြည်၏ အဝေးရောက် မိသားစုများမှာ ယခုထိတိုင် နေရပ်သို့ လွတ်လပ်စွာ ပြန်လည်သွားရောက်နိုင်ခြင်း မရှိသူ အများအပြားရှိနေဆဲဖြစ်သည်။ သမိုင်းမှတ်တမ်းအရ လွတ်လပ်ရေးသက်တမ်း ၆၆ နှစ် ရှိပြီ ဖြစ်သော်လည်း မြန်မာပြည်သူများမှာ စစ်အာဏာရှင်များ၊ အာဏာရှင် အသိုင်းအ၀ိုင်း၏ လက်အောက်မှ လွတ်မြောက်ခြင်း မရှိသေးပေ။
မြန်မာပြည်ကို များမကြာမီ သွားရောက်ရန် စီစဉ်နေသည်ဟု ဒေါ်မာမာအေးက မိုးမခကို ပြောသည်။ မကြာမီ ထုတ်ဝေဖြန့်ချိတော့မည် မိုးမခလစဉ်မဂ္ဂဇင်းစာစောင် အဖွဲ့သားများ၏ အလုပ်စခန်းသို့ သွားရောက်တွေ့ဆုံဦးမည်ဟု သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားသည်။