မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၇)
အောင်ဒင်၊ ဇန်န၀ါရီ ၂၊ ၂၀၁၃
အပိုင်း (၄၇) မညီမမျှလွှတ်တော်
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၇၊ ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)
သိပ်မကြာသေးခင်က
မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်၊
တစ်ဦးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နောက်တစ်ဦးက
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါ၊ နိုင်ငံတကာမှာ သုံးနှုံးခေါ်ဝေါ်သလိုဆိုရင်
ပြည်သူ့လွှတ်တော် ဆိုတာ အောက်လွှတ်တော်၊ အမျိုးသားလွှတ်တော်ဆိုတာ
အထက်လွှတ်တော်လို့ ပြောရမှာပါ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မိတ်ဆွေကို "စ" ပါတယ်၊ "ခင်ဗျားကိုယ်
ခင်ဗျား အထက်လွှတ်တော်အမတ်ဆိုပြီး ဘဝင်မြင့်မနေနဲ့၊ ပြည်ထောင်စုလွှတ်တော်မှာ
မဲခွဲရင် ကျုပ်တို့ အောက်လွှတ်တော်က အမြဲနိုင်ပြီး ခင်ဗျားတို့
အထက်လွှတ်တော်က အမြဲရှုံးတာပဲ" တဲ့၊ ဒီစကားကို နားထောင်ပြီး
မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်ဆိုပြီး ဖွဲ့စည်းထားတဲ့
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုတဲ့ လွှတ်တော်နှစ်ရပ်ရဲ့
အဆင့်အတန်းမညီမျှမှုကို သတိပြုမိပါတယ်၊ မှန်ပါတယ်၊ ပြည်သူ့လွှတ်တော်နဲ့
အမျိုးသားလွှတ်တော် နှစ်ရပ်ဟာ ဥပဒေပြုရေးမှာရော၊ သမ္မတရွေးချယ်ရာမှာရော၊
တန်းတူညီမျှမှုမရှိပါ၊
# ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ
၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး
ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့
အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဖွဲ့စည်းပါတယ်၊ ပြည်သူ့လွှတ်တော်မှာ
မြို့နယ်အလိုက် ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ် ၃၃၀ ဦးနဲ့
ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး၊
စုစုပေါင်း ၄၄၀ ဦးပါဝင်ပါတယ်၊ အမျိုးသားလွှတ်တော်မှာ
ပြည်နယ်/တိုင်းဒေသကြီးတစ်ခုကို ကိုယ်စားလှယ် ၁၂ ဦးနှုံးနဲ့
ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုက ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် ၁၆၈
ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး၊
စုစုပေါင်း ၂၂၄ ဦးပါဝင်ပါတယ်၊ ဒါကြောင့်မို့ လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့
ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ် ၄၉၈ ဦးနဲ့
ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး၊
စုစုပေါင်း ၆၆၄ ဦးပါဝင်ပါတယ်၊
# ဥပဒေပြုရေး မညီမျှမှု
၂၀၀၈
ဖွဲ့စည်းပုံအရ ဥပဒေတစ်ရပ်ကို ပြဋ္ဌန်းရာမှာ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊
အမျိုးသားလွှတ်တော်တွင်ဖြစ်စေ တင်သွင်းသည့်ဥပဒေကြမ်းကို
လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုမှသာ ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က
အတည်ပြုသည်ဟု မှတ်ယူပါတယ်၊ တကယ်လို့ ဥပဒေကြမ်းတစ်ရပ်နဲ့ ပါတ်သက်ပြီး
လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲမှုတွေ ရှိရင်
လွှတ်တော်နှစ်ရပ်ပေါင်းပူးတွဲအစည်းအဝေးဖြစ်တဲ့ "ပြည်ထောင်စုလွှတ်တော်"
အစည်းအဝေးခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်ရမယ်လို့ ပြဋ္ဌန်းထားပါတယ်၊ (ပုဒ်မ ၉၅-က၊
၉၅-ခ)
ဥပဒေကြမ်းတစ်ရပ်အပေါ် လွှတ်တော်နှစ်ရပ်
သဘောထားကွဲလွဲမှုကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမဲခွဲကြတဲ့အခါ
ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် ၄၄၀ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၂၂၄ ဦးထက် နှစ်ဆနီးပါး များပြားနေပါတယ်၊ ပြည်ထောင်စုလွှတ်တော်မှာ
ကိုယ်စားလှယ်အားလုံး လူတစ်ကိုယ် မဲတစ်မဲပဲ ပေးခွင့်ရှိတာမို့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ မဲအရေအတွက်က
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ မဲအရေအတွက်ထက်
နှစ်ဆနီးပါးများပြားနေတာပါ၊ ဒါကြောင့်မို့ ဥပဒေကြမ်းတစ်ရပ်ကို
ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
ထောက်ခံတဲ့ ဥပဒေကြမ်းက မဲအများအသာနဲ့ အမြဲတမ်းအနိုင်ရပြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံပြီး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မနှစ်သက်တဲ့ ဥပဒေကြမ်းကတော့ အမြဲတမ်း
မဲရှုံးပြီး အရေးနိမ့်ရမှာပါ၊
ဥပဒေပြုလွှတ်တော်
နှစ်ရပ်မှာ ဥပဒေပြုရေးနဲ့ ပါတ်သက်ပြီး တန်းတူညီမျှအခွင့်အရေး
ရှိသင့်ပါတယ်၊ လွှတ်တော်နှစ်ရပ်လို့ သတ်မှတ်ဖွဲ့စည်းထားပြီး လွှတ်တော်တစ်ခုက
နောက်လွှတ်တော်တစ်ခုထက် ကိုယ်စားလှယ်အရေအတွက်ပိုများလို့ ဥပဒေကြမ်းများ၊
အဆိုများ၊ ဆုံးဖြတ်ချက်များကို မဲခွဲရာမှာ အမြဲတမ်း အသာစီးရနေတာ၊
လွှတ်တော်တစ်ရပ်က အခြားလွှတ်တော်တစ်ရပ်ထက် ကိုယ်စားလှယ်အရေအတွက်ပိုနည်းလို့
ဥပဒေကြမ်းများ၊ အဆိုများကို မဲခွဲရာမှာ အမြဲတမ်းရှုံးနိမ့်နေရာတာ၊
မဖြစ်သင့်ပါ၊ ဒီမညီမျှမှုကို အမြန်ဆုံးပြင်ဆင်သင့်ပါတယ်၊
လွှတ်တော်နှစ်ရပ်စလုံးဟာ ဥပဒေပြုရေးမှာ တန်းတူညီမျှရှိရမှာပါ၊
အမေရိကန်ပြည်ထောင်စုမှာလည်း
ကွန်ဂရက်လွှတ်တော်ကို အောက်လွှတ်တော်၊ အထက်လွှတ်တော် နှစ်ရပ်ပေါင်းနဲ့
ဖွဲ့စည်းထားပါတယ်၊ အောက်လွှတ်တော်မှာ မဲဆန္ဒနယ် ၄၃၅ ခုက ကိုယ်စားလှယ် ၄၃၅
ဦးပါဝင်ပြီး အထက်လွှတ်တော်မှာ ပြည်နယ်တစ်ခုကို နှစ်ဦးနှုံးနဲ့ ပြည်နယ် ၅၀ က
ကိုယ်စားလှယ် ၁၀၀ ဦးပါဝင်ပါတယ်၊ အမေရိကန်ပြည်ထောင်စု
ကွန်ဂရက်လွှတ်တော်မှာလည်း ဥပဒေတစ်ရပ်ကို ပြဋ္ဌန်းအတည်ပြုနိုင်ဖို့
လွှတ်တော်နှစ်ရပ်စလုံးက ထောက်ခံဖို့လိုပါတယ်၊ ဥပဒေကြမ်းတစ်ရပ်နဲ့
ပါတ်သက်ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထားမတူကြတဲ့အခါ မြန်မာနိုင်ငံမှာလို
လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးနဲ့ မဆုံးဖြတ်ပဲ လွှတ်တော်နှစ်ရပ်က
အညီအမျှရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ကွန်ဖရင့်ကော်မီတီ (Conference
Committee) ကို ဖွဲ့စည်းပါတယ်၊ ကွန်ဖရင့်ကော်မီတီက လွှတ်တော်နှစ်ရပ်ကို
ကိုယ်စားပြုပြီး ကွာဟချက်တွေကို ညှိနှိုင်းဆွေးနွေးရပါတယ်၊ အဲဒီလို
ဆွေးနွေးပွဲတွေကို စိတ်ရှည်လက်ရှည်ကျင်းပပြီး လွှတ်တော်နှစ်ရပ်စလုံးက
လက်ခံနိုင်လောက်အောင် ဥပဒေကြမ်းကို ပြင်ဆင်ကြပါတယ်၊ ကွန်ဖရင့်ကော်မီတီက
ညှိနှိုင်း ပြင်ဆင်ပြီး တင်သွင်းတဲ့ ဥပဒေကြမ်းကိုမှ လွှတ်တော်နှစ်ရပ်က
သီးခြားအစည်းအဝေးများခေါ်ယူပြီး ဆွေးနွေးအတည်ပြုကြပါတယ်၊ အောက်လွှတ်တော်က
ကိုယ်စားလှယ်ပိုများလို့ဆိုပြီး ကိုယ်စားလှယ်ဦးရေနည်းတဲ့ အထက်လွှတ်တော်ထက်
ဥပဒေပြုရာမှာ အခွင့်အရေးပိုမရပါ၊ အာဏာပိုမရှိပါ၊ လွှတ်တော်နှစ်ရပ်စလုံး
ဥပဒေပြုရာမှာ တန်းတူညီမျှရှိကြပါတယ်၊
မြန်မာနိုင်ငံရဲ့
ပြည်ထောင်စုလွှတ်တော်မှာလည်း လွှတ်တော် နှစ်ခု တန်းတူညီမျှမှုရှိအောင်
ဥပဒေကြမ်းများ၊ အဆိုများကို ပြည်ထောင်စုလွှတ်တော်မှာ
မဲခွဲဆုံးဖြတ်ခြင်းမပြုပဲ အမေရိကန်ပြည်ထောင်စုမှာလို
ကွန်ဖရင့်ကော်မီတီဖွဲ့စည်းပြီး လွှတ်တော်နှစ်ရပ်စလုံးက လက်ခံနိုင်တဲ့အထိ
ညှိနှိုင်းဆွေးနွေးသင့်ပါတယ်၊ နောက်တစ်နည်းကတော့ ပြည်ထောင်စုလွှတ်တော်မှာပဲ
မဲခွဲမယ်ဆိုရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို တစ်ဦးလျင်
နှစ်မဲနှုံး သတ်မှတ်ပေးဖို့ပါ၊ ဒါမှလည်း အမျိုးသားလွှတ်တော်ရဲ့ မဲတွေဟာ
ကိုယ်စားလှယ်ဦးရေ နှစ်ဆလောက်ရှိတဲ့ ပြည်သူ့လွှတ်တော်ရဲ့ မဲများနဲ့
အရေအတွက်တူပြီ တန်းတူညီမျှမှုရှိပါလိမ့်မယ်၊
# နိုင်ငံတော်သမ္မတ ရွေးချယ်ရာတွင် မမျှတခြင်း
၂၀၀၈
ဖွဲ့စည်းပုံ၊ ပုဒ်မ (၆၀) အရ ပြည်ထောင်စုလွှတ်တော်ဟာ
နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ (Presidential Electoral
College) လည်းဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို (က)
အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များ၊ (ခ) ပြည်သူ့လွှတ်တော်မှ
ရွေးကောက်ခံကိုယ်စားလှယ်များ၊ နဲ့ (ဂ) လွှတ်တော်နှစ်ရပ်စလုံးမှ
ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်သော တပ်မတော်သားကိုယ်စားလှယ်များ၊ ဆိုပြီး
အစုအဖွဲ့ သုံးဖွဲ့ ခွဲခြားဖွဲ့စည်းပြီး တစ်ဖွဲ့စီက ဒုသမ္မတ (သို့မဟုတ်)
သမ္မတလောင်းတစ်ယောက်စီကို အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်၊ အစုအဖွဲ့
သုံးဖွဲ့ကတင်သွင်းလာတဲ့ ဒုသမ္မတ (သို့မဟုတ်) သမ္မတလောင်း (၃) ဦးကိုမှ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်တဲ့ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က
မဲခွဲရွေးချယ်ရမှာပါ၊ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတဖြစ်လာပြီး
ဒုတိယမဲအများဆုံးရသူက ဒု သမ္မတ (၁)၊ ကျန်တစ်ဦးက ဒု သမ္မတ (၂) ဖြစ်လာကြမှာပါ၊
ဒီပြဋ္ဌန်းချက်အရ
အမျိုးသားလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့မှာ ကိုယ်စားလှယ်
(၁၆၈) ဦးပဲရှိပြီး ပြည်သူ့လွှတ်တော်ရွေကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့မှာ
ကိုယ်စားလှယ် (၃၃၀) ဦးနဲ့ တပ်မတော်သားအစုအဖွဲ့မှာ ကိုယ်စားလှယ် (၁၆၆)
ဦးပါဝင်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတဲ့အခါ အစုအဖွဲ့တိုင်းက
၎င်းတို့အစုအဖွဲ့က တင်သွင်းတဲ့ သမ္မတလောင်းကိုသာ ဦးစားပေး မဲပေးကြမှာမို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက
တင်သွင်းတဲ့ သမ္မတလောင်းဟာ မဲအများစုရရှိလို့ နိုင်ငံတော်သမ္မ္မတအဖြစ်
ရွေးချယ်ခံရမည့် အခွင့်အရေးအပြည့်အဝရှိနေပြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းတဲ့ သမ္မတလောင်းကတော့ သမ္မတအဖြစ်
အရွေးချယ်ခံရဖို့ အခွင့်အရေးမရှိပါ၊ အမျိုးသားလွှတ်တော်ဟာ
ပြည်နယ်/တိုင်းဒေသကြီးများကို ကိုယ်စားပြုတာမို့ အမျိုးသားလွှတ်တော်က
တင်သွင်းမည့် တိုင်းရင်းသား သမ္မတလောင်းဟာ ဒီရွေးချယ်မှုမျိုးနဲ့ ဘယ်တော့မှ
နိုင်ငံတော်သမ္မတ ဖြစ်မှာမဟုတ်ပါ၊
ဒီနေရာမှာလည်း
လွှတ်တော်နှစ်ရပ်ကြား တန်းတူညီမျှမှုမရှိတာကို ထင်ထင်ရှားရှား
ထပ်မံတွေ့ရပြန်ပါတယ်၊ ဒီမညီမျှမှုကိုလည်း အမြန်ဆုံးပြင်ဆင်သင့်ပါတယ်၊
နိုင်ငံတော်သမ္မတကို ပြည်သူလူထုက
တိုက်ရိုက်ရွေးချယ်တင်မြှောက်တာမျိုးဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်၊
ဒါမှမဟုတ်ပဲ ပြည်ထောင်စုလွှတ်တော်ကပဲ ရွေးချယ်တင်မြှောက်မယ်ဆိုရင်
လွှတ်တော်နှစ်ရပ် တန်းတူညီမျှနိုင်စေဖို့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို တစ်ဦးလျင်
နှစ်မဲပေးခွင့်ပြုသင့်ပါတယ်၊
# လွှတ်တော်နှစ်ရပ် တန်းတူညီမျှရေး
အထက်မှာ
တင်ပြခဲ့တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်တဲ့
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ဟာ တန်းတူညီမျှမှုမရှိပါ၊
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရာမှာရော၊ ဥပဒေကြမ်းများ၊
အဆိုများအတည်ပြုရာမှာပါ ပြည်သူ့လွှတ်တော်က
ကိုယ်စားလှယ်ဦးရေများပြားမှုနဲ့အမျိုးသားလွှတ်တော်ကို အမြဲတမ်း
အနိုင်ရနေပါတယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းခဲ့၊ အတည်ပြုခဲ့တဲ့
ဥပဒေများ၊ ဆုံးဖြတ်ချက်များ၊ ရွေးချယ်တင်မြှောက်မှုများ အားလုံးဟာ
လွှတ်တော်နှစ်ရပ် အကြေအလည်ကျေနပ်ပြီး သဘောတူထောက်ခံခဲ့တဲ့ ရလာဒ်များလို့
အပြည့်အဝ မယူဆနိုင်ပါ၊ ဒါဟာဖြင့် နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာကို ကိုင်တွယ်ကျင့်သုံးနေတဲ့ ဥပဒေပြုအဖွဲ့အစည်းရဲ့ ကြီးမားတဲ့ အားနည်းချက်ဖြစ်ပါတယ်၊
ဒီအားနည်းချက်ကြီး
ဆက်လက်တည်ရှိနေတာနဲ့ အမျှ ပြည်ထောင်စုလွှတ်တော်ရဲ့
ဆုံးဖြတ်ချက်များအားလုံးအပေါ် ပြည်သူလူထုက အပြည့်အဝလက်ခံနိုင်ဖို့
ခက်ခဲပါလိမ့်မယ်၊ အမျိုးသားလွှတ်တော်မှာ ပြည်နယ်များက
တိုင်းရင်းသားကိုယ်စားလှယ်များ အများစုပါဝင်ပြီး ပြည်သူ့လွှတ်တော်မှာ ပြည်မက
ဗမာလူများစုအများစုပါဝင်တာမို့ ပြည်သူ့လွှတ်တော်က
အမျိုးသားလွှတ်တော်ထက် အာဏာပိုကြီးမားအောင်၊ အခွင့်အရေးပိုများအောင်
ဖန်တီးထားတာဟာ တိုင်းရင်းသားများတောင်းဆိုနေတဲ့ တန်းတူညီမျှရေးကို
မျက်ကွယ်ပြုသလို ဖြစ်နေပါတယ်၊ ဒီအားနည်းချက်ကြီးကို အမြန်ဆုံး
ပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
ဒီဇင်ဘာ ၁၂၊ ၂၀၁၃
ဒီဇင်ဘာ ၁၂၊ ၂၀၁၃
