(လမ်းခုလတ် - ၂၀၁၃ ) ဒေါ်ဖြူဖြူသင်းနဲ့ စကားလက်ဆုံ
မိုးမခ၊ ဇန်န၀ါရီ ၉
၊ ၂၀၁၄
နိုဝင်ဘာ ၂၅ နေ့က ဒဂုံမြို့သစ်
အရှေ့ပိုင်း၊ စီးပွားရေးတက္ကသိုယ်အနီးက ဒီချုပ်ပါတီရဲ့
အမျိုးသမီးစွမ်းဆောင်ရည်မြှင့်သင်တန်းကျောင်းက တတိယအကြိမ်မြောက်
စက်ချုပ်သင်တန်းဆင်းပွဲမှာ
ဒေါ်ဖြူဖြူသင်း နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
အခုစက်ချုပ်သင်တန်းက ဒေါ်ဖြူဖြူသင်းတို့ရဲ့ ကွန်ယက်ကနေ စီစဉ်တာဆိုတော့
ဘယ်သူတွေကို ရည်ရွယ်တာလဲ။ HIV လူနာများနဲ့ မိသားစုတွအတွက်လား၊ ပါတီဝင်တွေ အတွက်လား၊
ပါတီပြင်ပက လူငယ် အမျိုးသမီးတွေအတွက်လား။
ပထမသင်တန်းဆင်းပွဲမှာ
တက်ရောက်တဲ့သူတွေက လူနာတွေ။ သင်တန်းဆရာတွေထဲမှာ HIV ရှိတဲ့ ဆရာမလည်းပါတယ်။ ပါတီက မင်္ဂလာတောင်ညွန့်မြို့နယ်က
ကျွမ်းကျင်တဲ့ဆရာလည်းပါတယ်။ ပြင်ပက ဆရာမလည်း ပါတယ်။ သင်တန်းသူက ၂၀၊ ၂၅ ဦး ရှိပါတယ်။
လူငယ်တွေ ဦးစားပေးတယ်။ ပါတီဝင်တွေလည်း ပါတယ်။ ပါတီက မဟုတ်ပေမယ့် နယ်က စိတ်ဝင်စားတဲ့
လူငယ်အမျိုးသမီးတွေပါတယ်။ အခုသင်တန်းဆင်းတာက နယ်က အမျိုးသမီးတွေပါတယ်။ ပါတီမှာ စက်ချုပ်သင်တန်းတက်ချင်သူတွေက
နယ်တွေကနေ မြို့နယ်တွေကနေ စာရင်းလာပေးကြတယ်။ အဲသည်ကနေ လက်ခံပြီး သင်တန်းတွေ လုပ်ပေးတာပေါ့။
သင်တန်းတက်ချိန်မှာ သင်တန်းကျောင်းမှာပဲ အမျိုးသမီးတွေကို လက်ခံထားတာလား။
ဘယ်လိုမျိုး စီစဉ်ရသလဲ။
ဒီသင်တန်းကျောင်းအဆောက်အအုံကို
၂၀၁၃ နှစ်ဆန်းမှာ မြန်မာအမျိုးသမီး လူရွယ်တဦးတည်းကနေ လှူဒါန်းတာဖြစ်ပါတယ်။ ၂ထပ်အဆောက်အအုံမှာ၊
ခန်းမ၊ ရုံးခန်း၊ နားနေခန်း၊ အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုဆောင်၊ ရေမီး အကုန်ပါဝင်တယ်။
သင်တန်းသူတွေကို အားလုံးသည်မှာ ကျောင်းအိပ် ကျောင်းစား ထားပါတယ်။ နယ်ကလာကြတဲ့ လူငယ်အမျိုးသမီးတွေဆိုတော့
ငယ်သေးတော့ မိဘနဲ့ မခွဲဘူးတော့ အိမ်လွမ်းတာ အစဦးပိုင်းမှာ ဖြစ်ကြတယ်။ နောက်တော့ ပျော်သွားတယ်။
နေ့ခင်းမှာ သင်တန်း၊ ညနေမှာ အိမ်စာလုပ်၊ စကားဝိုင်းတွေ ဖွဲ့၊ ပညာပေးအစီအစဉ်တွေ ရှိတယ်။
အစက HIV ဝေဒနာနဲ့ ပတ်သက်ပြီး စိုးရိမ်တာတွေ ရှိတယ်။ နောက်တော့လည်း သူတို့ နားလည်သွားတယ်၊
သိသွားတယ်၊ စာနာလာနိုင်တယ်။ ဒါက အမျိုးသမီးစွမ်းဆောင်ရည်မြှင့်သင်တန်းကျောင်းဆိုတော့
HIV ဝေဒနာရှင်တွေရဲ့ ဂေဟာနဲ့ အတူတူလည်း မဟုတ်ဘူးလေ။
သီးသန့် နေရာဖြစ်တယ်။ ရန်ကုန်မြို့တွင်း ဘုရားဖူးတို့ အလည်အပတ်ထွက်တာတို့ စီစဉ်ပေးတယ်။
အခု သင်တန်းပြီး နောက်ရက်လည်း သူတို့ မပြန်ခင် အလည်အပတ်တခု စီစဉ်ပေးဦးမယ်။
စက်ချုပ် တတ်သွားတာအပြင် သူတို့ ဘာတွေ အကျိုးရှိသလဲ။
လူငယ်တွေဆိုတော့
မိဘအိမ်ထဲမှာ နေတာကလွဲပြီး ပြင်ပ အတွေ့အကြုံ၊ ဗဟုသုတတွေ မရှိကြသေးဘူး။ အခုလို အပြင်ကို
ထွက်လာတော့ သူတို့တွေအတွက် ကိုယ့်အားကိုယ်ကိုးတာ၊ မတူတဲ့ ပတ်ဝန်းကျင်တွေနဲ့ ဆက်ဆံတာ
နေထိုင်တာတွေ သိလာ တတ်လာတာပေါ့။ အခြား ဗဟုသုတတွေ ရတယ်။ အချင်းချင်းတွေဆီက ဘ၀တွေ
အတွေ့အကြုံတွေ သိလာကြတယ်။ သူတို့ရှေ့ရေးအတွက် စဉ်းစားစရာ ပြင်ဆင်စရာတွေ အများကြီး
ရသွားတာပေါ့။
အခု သင်တန်းကျောင်းက ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ဆိုတော့ သွားရေးလာရေးက
ဘယ်လိုရှိသလဲ။ ကားတွေ ဘယ်လို စီစဉ်ရသလဲ။ သူတို့တွေ အပြင်ထွက်ဖို့ စသည်ဖြင့် …
ဒီရက်ပိုင်းအတွင်းမှာပဲ
ကျမတို့ ကွန်ယက်အတွက်ကို ကားအလှူရှင်မိသားစုတဦးကနေ ဗင်ကားလေးတွေ လာလှူဒါန်းပါတယ်။
အဲသည်ကားတွေရှိတော့ အဆင်ပြေတာပေါ့။
သင်တန်းအပြင် တခြား ထုတ်လုပ်ရေးအတွက် ရန်ပုံငွေအတွက် စီစဉ်ထားတာတွေ
ရှိသလား။
ကျမတို့ စဉ်းစားထာတာကတော့
သင်တန်းက အပ်ချုပ်စက်တွေအပြင် အထည်ချုပ်စက်ရုံတွေမှာ သုံးတဲ့ စက်လေးတွေ ၀ယ်မယ်။ သင်တန်းဆင်းတွေနဲ့
အပ်ထည်တွေ လက်ခံပြီး ချုပ်မယ်။ ရှပ်အင်္ကျီတွေ၊ စပို့ရှပ်လေးတွေ ချုပ်နိုင်မယ်။ ဖြေးဖြေးချင်းပေါ့။
ပါတီမှာ လူငယ်တွေ မျိုးဆက်သစ်တွေ အင်အားတွေ တိုးလာသလား။
တိုးလာပါတယ်။
အထူးသဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ပါတီက ပြန်လည် ဖွဲ့စည်းတာတွေ၊
ညီလာခံတွေ၊ စည်းရုံးရေးအဖွဲ့တွေ စနစ်တကျ ပြန်လုပ်လာနိုင်တော့ အင်အားတွေ တိုးလာတယ်၊
ကျယ်ပြန့်လာတယ်။ အရင်တုန်းကဆိုရင် လွတ်လွတ်လပ်လပ် မလုပ်နိုင်တော့ ရှိတဲ့ အင်အားနဲ့
ရသလောက်နဲ့ လုပ်ခဲ့ကြရတာလေ။ ရှိတာနဲ့ ရုန်းကန်ခဲ့ရတာလေ။ အခုကျတော့ လူငယ်တွေ တိုးလာတယ်၊
ပညာရှင်တွေ ရလာတယ်။ ကျွမ်းကျင်သူတွေ ပါလာတယ်။ လူထုနဲ့လည်း စိမ်းမနေတော့ပဲ ပိုပြီး
ရင်းနှီးမှုတွေ ရလာတယ်။
နယ်နဲ့ မြို့နဲ့ gap ကွာဟမှုတွေ ရှိသလား။
ရှိတာပေါ့။ နယ်က
ကလေးတွေမှာက မြို့ကလိုမျိုး လက်လှမ်းမမီတာတွေ ရှိတယ်။ ဒီမှာက ဖုန်းတလုံးရှိရင် သူတို့
လုပ်ချင်တာ လုပ်လို့ရတယ်။ ဂျာနယ်တွေ စာစောင်တွေလည်း အဆက်မပြတ် နေလို့ ရတယ်။ ပွင့်လင်းလာတဲ့
အခါကျတော့ နယ်က လူတွေကလည်း လူငယ်ကိစ္စ၊ အမျိုးသမီးရေးရာ ကိစ္စမှာ လုပ်လာနိုင်တယ်။ အရင်ကလို
ကြောက်ရွံ့မှု နည်းနည်းလျော့လာတော့ သူတို့ ကြိုးစားရင် ကြိုးစားသလောက် ဖြစ်လာဖို့
လမ်းတော့ ပွင့်လာပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားတာနဲ့အမျှ သူတို့တွေ တိုးတက်လာမှာပါပဲ။
လူငယ်တွေရဲ့ တိုးတက်လာမှု၊ ပြောင်းလဲလာမှုကို စက်ချုပ်သင်တန်းဆင်းတွေနဲ့
ဥပမာပြလို့ရသလား
လူငယ်တွေက အစက
အိမ်ကို တွယ်တယ်၊ မိဘကို တွယ်တယ်။ သင်တန်းလာတက်တော့ အိမ်ကို လွမ်း၊ မိဘကို လွမ်းပြီး
ငိုဟယ်၊ ရယ်ဟယ်ဖြစ်တယ်။ နောက်တော့ သင်တန်းနဲ့ သင်တန်းဆရာတွေကို တွယ်တယ်။ သင်တန်းဆင်းတော့လည်း
ဆရာတွေ ဆရာမတွေ၊ သူတို့အချင်းချင်းတွေ ခွဲရတော့မယ်ဆိုပြီး ငိုဟယ်၊ ရယ်ဟယ် ဖြစ်ကြပြန်ကော။
ကျမတို့ကတော့ အတိုင်းအတာတခုထိပဲ လက်ခံပါတယ်။ အရမ်းကြီး ခံစားတာ မျက်ရည်ကျတာ မမြင်ချင်ဘူးလို့
ပြောရတာပေါ့။ သူတို့တွေက ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ့်ခြေထောက်ကို ရပ်ကြရတော့မယ်လေ။
ဟိုတွယ်၊ ဒီတွယ် ဖြစ်နေလို့ မရဘူး။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း ရှေ့ကို ဆက်သွားကြရတော့မှာ
မဟုတ်လား။
ကိုယ်ယုံကြည်တာကို မြုပ်နှံလုပ်ကိုင်ခဲ့ရတဲ့အတွက် စိန်ခေါ်မှုတွေ
ဖြတ်သန်းမှုတွေက ဘယ်လိုလဲ။
ကျမတို့က
HIV ကွန်ယက်လုပ်တယ်၊ နိုင်ငံရေးအလုပ်တွေ လုပ်တယ်။ ဘေးကနေ မျိုးစုံပြောကြတာတွေ
ရှိတယ်။ လူမှုရေးတွေလုပ်လို့ဆိုပြီး တမျိုး၊ နိုင်ငံရေးလုပ်လို့ဆိုပြီးတော့ တမျိုး၊
အပြောခံရတာပဲ။ အခက်အခဲတွေလည်း အများကြီးပဲပေါ့။ စလုပ်ကတည်းက ပိုက်ဆံတပြားမှ မရှိဘဲ
လုပ်ခဲ့ရတာပဲ။ သူ့ဟာနဲ့သူ အဆင်ပြေသွားတယ်။ ပထမဦးဆုံးလုပ်ကြတဲ့သူတွေက အရမ်းဒုက္ခ
ရောက်တာပေါ့။ အစတုန်းကလုပ်ခဲ့တဲ့သူတွေဆိုရင် လုပ်ချင်တဲ့ စိတ်ရှိတယ်၊ ဒါပေမယ့်
တကယ်ကို မတတ်နိုင်ကြတော့လို့ကို နားသွားကြရတဲ့သူတွေရှိတယ်။ ရှေ့ပိုင်းမှာ အဲသည်လို
အနစ်နာခံခဲ့ကြရတာ။ နောက်ပိုင်းမှာ လူတွေသိသွားကြတယ်၊ မီဒီယာတွေက ဖော်ပြလာကြတယ်။ အကူအညီတွေ
ရလာတယ်။ သည်လိုမျိုး ဖြစ်လာရတာ။ ကျမကိုယ်တိုင်လည်း လွှတ်တော်သွားတက်တဲ့နေ့မှာ ပိုက်ဆံ
တပြားမှ မရှိဘူး။ ကျမစာရင်းကိုင်ကို ငွေကြေးပိုင်း လွှဲထားတာဆိုတော့ သူတို့က ပြောတာပေါ့။
ကျမက အေးဆေးပဲ၊ ဒီလိုမျိုးတွေက နှစ်နဲ့ချီပြီး ဖြတ်သန်းလာခဲ့ရတာဆိုတော့ ကျမက မပူဘူး၊
သူ့ဟာနဲ့သူ ဖြစ်လာလိမ့်မယ်လို့။ အခက်အခဲဆိုတာ အမြဲရှိနေတာပဲ။ ဒီလိုပဲ ဖြတ်သန်းရတာပါ။
ပြည်တွင်းကကော ပြည်ပကော လူတချို့က ထင်ကြတယ်။ ကျမတို့တွေက အဆင်ပြေနေတယ်လို့၊ အကူအညီတွေ
ရနေတယ်လို့၊ အဆင်မပြေပါဘူး။ နေ့စဉ်နဲ့အမျှ ရင်ဆိုင် ဖြေရှင်းနေရတာတွေ ချည်းပါပဲ။
အခုပဲကြည့်လေ၊ ကျမကို အလှူရှင်တဦးက အခုရှင်တို့ စီးနေတဲ့ ဗင်ကားလေးတွေ လာလှူတာ။
သူက အစက တစီးလှူတယ်၊ ကျမက ဒီက ကလေးတွေကို ကားမောင်းပါ တတ်စေချင်တယ်။ သည်တော့ ပြောမိတယ်။
ဂျစ်ကားလေး လှူပါလားပေါ့။ သူက ကျပ် ၁၀သိန်း၊ ၁၃ သိန်းလောက်ပဲ ရှိတယ်လေ။ ကျမလည်း ကြားဖူးတာ
ဂျစ်ကားနဲ့ ကားမောင်းသင်လို့ရတယ်ဆိုလို့ပါ။ အဲဒါနဲ့ အလှူရှင်က ကျမတို့ကို ဗင်ကား
နောက်ထပ် ၃ စီး လှူသွားတယ်။ အခု ၄ စီး အလှူခံရသွားတာပေါ့။
စေတနာဝန်ထမ်းလာလုပ်ပေးတဲ့သူတွေကော HIV ဂေဟာမှာရှိသလား။
အများကြီးတော့
မရှိဘူး။ ဂေဟာမှာ ဗော်လံတီယာလုပ်ဖို့က အတွေ့အကြုံရှိဖို့ လိုတယ်။ လူနာကို အားပေးနိုင်ရမယ်။
ကျမတို့ဆီမှာ လူနာတွေအတွက် လိုအပ်တဲ့ဆေးကို ကိုယ်တိုင်ထိုးပေးရတယ်။ ဆေးထိုးတာကို
ကျမတို့ဆီမှာ သင်ပေးရတယ်။ ဆရာဝန်တွေ လာလုပ်ပေးတာတွေ ရှိတယ်။ ဆေးခန်းပြရက်ဆိုရင်
လူ ၄၊ ၅ ဦးလောက် အကူအညီလိုတယ်။ ကျမတို့ ဂေဟာက နေရာကျဉ်းတယ်။ လာတဲ့ဧည့်သည်အတွက် ဧည့်ခံဖို့နေရာတောင်
မရှိသေးပါဘူး။ လူနာတွေအတွက် နေဖို့ ထိုင်ဖို့ နေရာပဲ အိမ်လေး ၂ လုံးလောက်ပဲ ရှိတာပါ။
ဟုတ်ပါပြီ။ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းအဖြစ်နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်း ခံရတယ်။
အဲသည်မှာ လွှတ်တော်တွင်းမှာပါ ၀င်ရောက် လုပ်ဆောင်မှုတွေ ရှိလာတယ်။ အဲသည်တော့ ၂၀၁၃ ခုနှစ်ဟာ
လွှတ်တော်တွင်း လွှတ်တော်ပြင် လှုပ်ရှားနေရတဲ့ နိုင်ငံရေးသမားတဦးအနေနဲ့ လမ်းခုလတ်တခုလို့
ပြောမယ်ဆိုရင် ဘယ်လိုမျိုး သဘောထားပေးချင်ပါသလဲ။
၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ
ဝင်လိုက်တယ်။ အခု ၂၀၁၃ ပေါ့နော်။ ကျမတို့အနေနဲ့ လမ်းခုလတ်ဆိုတာထက် လမ်အစလို့ပဲ
မြင်တယ်။ လမ်းခုလတ်ကို ရောက်ဖို့ အများကြီးလိုပါသေးတယ်။ အခုလမ်းအစလေးမှာတင် ပုံစံမျိုးစုံဖြစ်သွားနိုင်တယ်။
ကျမတို့နိုင်ငံမှာ ရှုပ်ထွေးနေတာတွေက အများကြီးရှိတယ်။ လူမျိုးရေး၊ စီးပွားရေး၊ ကျန်းမာရေး၊
ပညာရေး အစစမှာ နှစ်ပေါင်းမြောက်များစွာ ချွတ်ခြုံကျနေတော့ ဒါတွေကို ပြန်ပြီးတော့ အဖတ်ဆယ်ရသလို
ဖြစ်နေတယ်။ ကျမတို့တိုင်းပြည်ဟာ လမ်းအစမှာပဲ ရှိတယ်။ အချိန်အခါအားဖြင့် အရေးကြီးတယ်။
အချိုးအကွေ့တွေလည်း ဖြစ်လာနိုင်တယ်။ အကောင်းအဆိုးတွေ မျိုးစုံ ရောပြီး ရှိနေတယ်လို့
မြင်ပါတယ်။
ဘာကြောင့်လဲဆိုတော့
… လွှတ်တော်တွေ အစိုးရတွေဆီက သူတို့ ဘာတွေ လုပ်ကိုင်နေပါပြီ၊ ဘာတွေ အကောင်အထည်ဖော်နေပါပြီလို့
အသံတွေ ကြားနေရပေမယ့်လည်း ပြည်သူတွေကြားထဲက အသံကို နားထောင်ကြည့်လိုက်တော့ ဘာမှ မထူးခြားသေးပါဘူး၊
ဘာမှလည်း မပြောင်းလဲသေးပါဘူးလို့ ကြားသိနေရတယ်။ ကျမတို့ကိုယ်တိုင်လည်း အဲသလို
ခံစားရတယ်။ ကျမတို့ လွှတ်တော်က ဘတ်ဂျက်ကော်မီတီမှာဆိုရင် ဘတ်ဂျက်တွေ တက်လာပြီ၊ ချပေးလိုက်ပြီ
ဆိုနေပေမယ့်လည်း ပြည်သူတွေဆီမှာ တိုက်ရိုက်ခံစားရတာတွေ မတွေ့ရသေးဘူး။ ဒါပေမယ်လည်း
အရင်တုန်းကလို အဆိုးတွေချည်းပဲ ရှိနေရာကနေပြီးတော့ အခုအချိန်မှာကျတော့ အဆိုးတွေကြားထဲကနေ
အကောင်းတွေ ဖြစ်ဖို့၊ ပေါ်လာဖို့ အစလေးပဲ ရှိတယ်လို့ မြင်ပါတယ်။
အခုဆိုရင် ဒေါ်ဖြူဖြူသင်းအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးအပြင်
လွှတ်တော်ရဲ့ အလုပ်ကော်မီတီတွေမှာ တာဝန်ယူလုပ်ကိုင်နေရတာတွေ ရှိလာတယ်။ အဲသည်တော့
လူများစုအနိုင်ရထားတဲ့ အာဏာရကြံ့ဖွံ့ပါတီက ကိုယ်စားလှယ်တွေ၊ တပ်မတော်က တိုက်ရိုက်ခန့်ထားတဲ့
ကိုယ်စားလှယ်တွေနဲ့ လူနည်းစု အတိုက်အခံပါတီ အင်န်အယ်ဒီကိုယ်စားလှယ်တဦးအနေနဲ့ အလုပ်လုပ်ရတဲ့ဆီမှာ
ဘယ်လိုမျိုး အတွေ့အကြုံတွေ ရလာသလဲ။
တိုင်းပြည်ကောင်းဖို့
ဝိုင်းလုပ်ကြမယ်ဆိုတဲ့ သဘောထားနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အန်တီ (ဒေါ်အောင်ဆန်းစုကြည်)
နဲ့အတူ ၀င်ရောက်လာခဲ့ကြတယ်။ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုလူမျိုးပဲအဖြစ် တိုင်းပြည်ကောင်းဖို့အတွက်
ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စိတ်ပါပဲ။ လွှတ်တော်ထဲမှာလည်း ဒီသဘောပါပဲ။ အဲသည်လိုသဘောထားမျိုးထားတဲ့အတွက်
ကျမမှာ အခက်အခဲမရှိပါဘူး။ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားပဲနဲ့ တိုင်းပြည်ကောင်းစားဖို့
အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့အတွက် ကျမတို့ပါတီဖက်က ပြသနာမရှိပေမယ့်
တခြားဖက်ကတော့ ကျမတို့အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာကတော့ သူတို့အပိုင်းပါပဲ။
မူဝါဒပိုင်းဆိုင်ရာမှာ
သဘောထားချင်း မတူတဲ့ ကိစ္စတွေတော့ ကြုံရပါတယ်။ ဥပမာ ဥပဒေပြုတဲ့အပိုင်းမျိုးမှာ။ အန်တီကိုယ်တိုင်
ဆွေးနွေးရတဲ့အပိုင်းတွေပေါ့။ ဥပဒေပြုတယ်ဆိုတာက ပြည်သူကို ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်ဆိုတဲ့
မူမျိုးထက် ဥပဒေဆိုတာ လူတွေကို ဘယ်လို ဒုက္ခရောက်အောင်လုပ်ရမယ်၊ ညှင်းပန်းနှိပ်စက်ရမလဲဆိုတာမျိုး
ကန့်သတ်ချုပ်ချယ်တာမျိုးဆိုတဲ့ သဘောထားမျိုး စွဲနေတဲ့ ကိုယ်စားလှယ်တွေရှိနေတော့ သူတို့နဲ့
ထိပ်တိုက်ရင်ဆိုင်ရတာတွေ ရှိတယ်။ ကျမတို့ဖက်က ပြည်သူတွေအတွက် အကျိုးမရှိဘူး၊ နိုင်ငံတကာ
စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြန်လှန်ဆွေးနွေးရတာတွေ ရှိပါတယ်။ အဲသည်အခါကျလို့ရှိရင်
အများကြားမှာ သဘောထားမတူတဲ့ ကိစ္စတွေပေါ်လာတဲ့အခါ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရတာတွေရှိပါတယ်။
အဲသည်အခါကျရင် ကျမတို့ အမြဲတန်း ရှုံးနေရတာတွေ ရှိပါတယ်။
လွှတ်တော်ကော်မီတီတွေထဲမှာ အလုပ်အတူတူ
အလုပ်လုပ်ကြတဲ့ဆီမှာကျတော့ကော ဘယ်လိုမျိုး ကြုံတွေ့ရသလဲ။
လွှတ်တော်ကနေပြီး
အလုပ်ကော်မီတီ ၂၀ ကျော် ခွဲပြီး ဖွဲ့ထားတာတွေ ရှိတာပေါ့နော်။ ဘတ်ဂျတ်တို့၊ ပညာရေး၊
ကျန်းမာရေးတို့ စသည်ဖြင့်။ အဲသည်မှာ ကိုယ်စားလှယ်တွေ အားလုံး တွဲပြီး စုပြီး လုပ်ရပါတယ်။
တာဝန်တခုကို အများအနေနဲ့ စုပြီး တွဲပြီး လုပ်ရတာတွေ ရှိလာပါတယ်။ ကြံ့ခိုင်ရေးတို့
တပ်မတော်ကိုယ်စားလှယ်တို့တွေ အားလုံးပါရပါတယ်။ ကော်မီတီထဲမှာ လုပ်ရတဲ့အခါမှာ အကျိုးရှိပါတယ်။
ပိုပြီး တဦးနဲ့ တဦး ၊ တဖွဲ့နဲ့ တဖွဲ့ ပြောဆို ဆွေးနွေး ညှိနှိုင်းရတာတွေ ရှိလာတယ်။
ပြသနာဆိုတာက အတူတူ ရင်ဆိုင်ရတာမျိုး ဖြစ်လာတယ်။ ဥပမာအားဖြင့် လယ်ယာမြေကိစ္စတွေပေါ့နော်။
တပ်ကနေပြီး လယ်ယာမြေ ဧကတွေ သိန်းနဲ့ ချီပြီး သိမ်းထားတာတွေ ရှိတယ်။ ဒါတွေကို ပြင်ပကလူတွေက
ဒါတွေကို အတွင်းကျကျ သိဖို့ မဖြစ်နိုင်ဘူးလေ။ ဒါတွေကို ဘယ်သူတွေက ဘယ်တုန်းက ဘယ်လို
လုပ်ထားတယ်တယ်ဆိုတာကို လွှတ်တော်ထဲမှာ ထိုင်ပြီး ဖြေရှင်းရတော့မယ်ဆိုတဲ့အခါကျတော့မှာ
အတွင်းကျကျ သိလာရတာ ဖြစ်ပါတယ်။ သူတို့တတွေကိုယ်တိုင်လည်း ဒါတွေကို ကိုယ်တိုင်
တိုက်ရိုက် သိပြီး နားလည်ပြီး သဘောပေါက်လာမယ်။ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သူတို့ဘာသာ
ဆုံးဖြတ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အရင်တုန်းက အထက်ကနေ အောက်ကို စီးဆင်းရတဲ့
စနစ်ကနေ အခုကျတော့ အောက်ကနေ အထက်ကို တက်လာတဲ့ စနစ်ဆိုတာကို သူတို့တွေ ပိုပြီး
သိလာတဲ့အခါကျရင် လွှတ်တော်ထဲမှာ သူတို့တတွေ ရှိနေသင့်သလား၊ ဘယ်လိုအခမ်းကဏ္ဍမျိုးမှာ
ရှိနေသင့်သလဲဆိုတာ သူတို့ဖာသာ သူတို့ သိလာလိမ့်မယ်လို့ ထင်ပါတယ်။
အခြေခံဥပဒေကို ပြဌာန်းထားတဲ့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေ
မဲခွဲတဲ့ အစီအမံတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး အခက်အခဲတွေ ရှိသလဲ။
အရေးကြီးတဲ့
ဆုံးဖြတ်ချက်တွေမှာ လွှတ်တော်မှာ မဲခွဲတဲ့ဆီမှာ ၇၅% + ၁ လုပ်ထားတာတွေ ရှိတယ်။ လွှတ်တော်ထဲမှာလည်းပဲ
တပ်က တိုက်ရိုက်ခန့်ထားတဲ့ ၂၅% ဆိုတာကလည်း ရှိသေးတယ်။ ကျမတို့ ပြည်သူတွေဆီက မဲနဲ့
တိုက်ရိုက်တက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေအတွက် အဆိုပြုချက်တွေအတွက် မဲခွဲဆုံးဖြတ်တဲ့ဆီမှာ
အနိုင်ရဖို့ဆိုတာ အခုပုံစံအတိုင်းနဲ့က မဖြစ်နိုင်သေးပါဘူး။
အစိုးရအဖွဲ့၊ ၀န်ကြီးတွေ ပြီးတော့ လွှတ်တော်အစုအဖွဲ့တွေကြားထဲမှာကော
ဘယ်လိုမျိုး ဆက်ဆံရေးတွေ ကြုံတွေ့ရတာ ရှိသလဲ။
အခုလက်ရှိမှာ
အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ မကွဲကြသေးဘူး။ အစိုးရအဖွဲ့ဝင်ဆိုတာတွေက ဘာလဲ၊
ဝန်ကြီးတွေက ဘာလုပ်နိုင်သလဲ။ လွှတ်တော်ကိုယ်စားပြု အလုပ်တွေကလည်း ဘာတွေလဲဆိုတာ
အချင်းချင်းတွေကြားထဲမှာ မကွဲပြားကြသေးဘူး ဖြစ်နေတယ်။ အရင်တုန်းကလိုမျိုး သူတို့အားလုံး
အတူတူပဲဆိုတာမျိုး မြင်နေကြသေးတယ်။ အုပ်ချုပ်ရေးအာဏာမှာလည်း ၀န်ကြီးဌာနတွေပေါ့နော်၊
ဝန်ကြီးဌာနဆိုတာက မူဝါဒတွေကို စနစ်တကျ အကောင်အထည်ဖော်ရမယ့် တာဝန်ပေါ့။ ဒါပေမယ့် သူတို့က
နေရာတိုင်းမှာ ၀င်ပါချင်တယ်။ စနစ်တကျ အလုပ်ဖြစ်တာမျိုးတွေ မရှိသေးဘူး။ အလေ့အကျင့်
မရှိကြသေးဘူး။ သူတို့ကိုယ်တိုင်လည်း ပြည်ပခရီးစဉ်တွေမှာ လေ့လာရေးခရီးတွေ ထွက်နေကြတာပဲ။
အရင်တုန်းက အစိုးရအဖွဲ့မှာလည်း သူတို့ ပါခဲ့တာပဲ။ အခု ၀န်ကြီးတွေလည်း သူတို့ပဲလေ။
ဒါပေမယ့် အစိုးရအလုပ်၊ ၀န်ကြီးဌာနတွေအလုပ်ဖြစ်တဲ့ ချမှတ်ထားပြီးသား မူဝါဒတွေကို
အကောင်အထည်ဖော်တဲ့ အလုပ်လုပ်တဲ့နေရာမှာ ဘာမှ ပြောင်းမလာသေးဘူး။ တချို့နေရာမှာတော့
လူသစ်တွေ၊ ပညာရှင်တွေနဲ့ ပြောင်းလဲလိုက်တဲ့အခါကျတော့ နည်းနည်း တိုးတက်လာတယ်လို့
အသံထွက်လာတာတော့ ရှိတာပေါ့။
ဒါဆိုရင်တော့ ကျနော်တို့ပြောနေတဲ့ လမ်းခုလတ်တောင် မဟုတ်သေးဘဲ
လမ်းအစပဲရှိသေးတော့ ခရီးရောက်အောင် အတော်လုပ်ရဦးတော့မှာပေါ့။ အခုလို ဖြေကြားပေးတဲ့အတွက်
ဒေါ်ဖြူဖြူသင်းကို ကျေးဇူးအများကြီး တင်ပါတယ်။
