ဆောင်းယွန်းလ - နှင်းမုန်တိုင်းထဲက အသက်ရှုသံများ

နှင်းမုန်တိုင်းထဲက အသက်ရှုသံများ
ဆောင်းယွန်းလ
ဇန်န၀ါရီ ၆၊ ၂၀၁၄



ကြောက်စိတ်တွေက
မုန်တိုင်းထက် ထုံထိုင်းနေမိတော့
ကြောက်မက်စရာတွေက
ငါ့ကို ပြန်ကြောက်တတ်နေခဲ့ကြပြီ...

သူလိုကိုယ်လို ရာသီဥတုထဲမှာ
သူလိုကိုယ်လို နှင်းတွေ ဖွေးဖွေးလှုပ်နေခဲ့တာ 
ထူးခြားသလား
သူလိုကိုယ်လို ရေတွေ အခဲလိုက် ခဲနေခဲ့တာ
ဆန်းပြားသလား......

နေ့တွေရှိနေသရွေ့ ကျော်လွှားခဲ့ရဦးမှာပဲ
လမ်းတွေရှိနေသရွေ့ ဖြတ်သန်းခဲ့ရဦးမှာပဲ...

အချိန်ကာလ တောင်းဆိုမှုအရ
ဒီကနေ့..သူလိုကိုယ်လို နှင်းတောင်ကိုကျော်ပြီး
သူလိုကိုယ်လို ရေခဲပင်လယ်ကိုဖြတ်ခဲ့တယ်
မိုးလေ၀သခွင့်ပြုချက်ကိုယူပြီး
မနက်ဖြန်ကျရင်
သူလိုကိုယ်လို သွေးခဲအောင် အေးရဦးမယ်....

အတိတ်ကို သတိရစိတ်က
မုန်တိုင်းထက် ထုံထိုင်းနေမိတော့
သတိရစရာတွေက
ငါ့ကို သတိပြန်ရနေကြတယ်လို့ ပြောတာပဲ....

သူလိုကိုယ်လို ဌာနေလွမ်းစိတ်နဲ့
သူလိုကိုယ်လို နာရီသံပတ်ပေးမိုးလင်းရတာကော 
ဆန်းလို့လား.....

သူလိုကိုယ်လို အိမ်တခေါက်မပြန်နိုင်ခြင်းကြောင့်
အခေါက်ခေါက် မှုတ်ထုတ်လိုက်မိတဲ့ 
နှင်းမုန်တိုင်းထဲက သက်ပြင်းနဲ့အသက်ရှုသံတွေက 

င၀န်မြစ်ထဲ လျှံကျသွားမယ်ဆိုရင်ကော....ဆန်းသလား။