မိုးမခအထောက်တော် - အမာရီလိုမြို့ ကရင်နှစ်သစ်ကူးပွဲတော်သို့ ဗိုလ်မှူးဘဇန် တက်ရောက်မည်

အမာရီလိုမြို့ ကရင်နှစ်သစ်ကူးပွဲတော်သို့ ဗိုလ်မှူးဘဇန် တက်ရောက်မည်
မိုးမခအထောက်တော်
ဇန်န၀ါရီ ၂၊ ၂၀၁၃



အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရောက် ကရင်အမျိုးသားများ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မည့် ကရင်နှစ်သစ်ကူးပွဲတော်သို့  ကွယ်လွန်သွားပြီးဖြစ်သော ကရင်အမျိုးသားခေါင်းဆောင် မန်းဘဇန်၏ သား မန်းရောဘတ် ဘဇန် (ဖူးကီးဒို) တက်ရောက်မည်ဟု သတင်းရရှိသည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီ ၅ ရက် တနင်္ဂနွေနေ့ တွင် မိုးလုံလေလံ ခန်းမတခုဖြစ်သော Amarillo Civic Center Complex, North Exhibit Hall (A) 401 S. Buchanan Street, Amarillo Tx 79101 ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မန်းရောဘတ် ဘဇန်မှာ မီနီဆိုးတားပြည်နယ် စိန်ပေါမြို့ မှ တက်ရောက်လာမည်ဟု စုံစမ်းသိရှိရသည်။

မန်းရောဘတ် ဘဇန်သည် အသက်အရွယ်အရ ကရင့်ရဲဘော်များနဲ့ အတူ ရှေ့ တန်းထွက် တိုက်ပွဲဝင်နိုင်ခြင်း မရှိတော့သည့်အတွက် မြန်မာနိုင်ငံတွင်းမှ ကရင်မျိုးဆက်သစ်လူငယ်များကို ကရင့်တော်လှန်ရေးသမိုင်း အတွေ့  အကြုံများ သင်ကြားပို့ ချပေးရန် မကြာမှီ ကာလတွင် ပြည်တော်ပြန်မည်ဖြစ်၍ အမာရီလိုမြို့ မှ ကရင်လူထုနဲ့ ယခုလို လာရောက်တွေ့ ဆုံ နှုတ်ဆက်မည့် သဘောလည်းဖြစ်သည်ဟု သိရသည်။

ကရင်နှစ်သစ်ကူး ပွဲတော်အခမ်းအနားတွင် အထူးအစီအစဉ်တရပ်အနေဖြင့် အမာရီလိုမြို့ မှ အထက်တန်း (၁၂ ) တန်းအောင် ကရင်မျိုးဆက်သစ်လူငယ် မောင်မယ်များကို ပထမဦးဆုံးအကြိမ်အဖြစ် ရွေးချယ်ဂုဏ်ပြုသွားမည့်  အစီအစဉ်တရပ်လည်း ပါဝင်ကြောင်း ပွဲကျင်းပရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ စောဆာလောလက မိုးမခကို ပြောဆိုသည်။

“ဒီမှာ အထက်တန်း (၁၂ တန်း) အောင်ထားတဲ့ ကျနော်တို့ ကရင့်မျိုးဆက်သစ် လူငယ်မောင်မယ်တွေ ရှိပါတယ်။ သူတို့  တွေထဲက အမျိုးသားရေး စိတ်ပါဝင်စားတဲ့ လူငယ်တွေ၊ ရိုးရာယဉ်ကျေးမှုကို လေးစား ထိန်းသိမ်းတဲ့ လူငယ်တွေနှင့် ပရဟိတ လုပ်ငန်းတွေကို စိတ်ဝင်တစားရှိတဲ့ ကရင်လူငယ် မောင်မယ် ၆ ယောက်ကို ကျနော်တို့  အမာရီလိုမြို့ ကရင်အဖွဲ့ အစည်းက ပထမဦးဆုံးအကြိမ်အနေနဲ့ ဂုဏ်ပြုဆုငွေနှင့် လက်မှတ်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

 မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းရှိ မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖားအံနှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ် ၅ မြို့နယ် စုပေါင်းကာ မြ၀တီမြို့နယ်၊ ရွှေကုက္ကိမြိုင်ကျေးရွာ၌ စုပေါင်းကျင်းပမည့် ယခုနှစ် ကရင်အမျိုးသား နှစ်သစ် ကူးပွဲတော်တွင်လည်း ခေတ်အဆက်ဆက် ကရင်အမျိုးသားဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကရင်အမျိုးသား ၃၀ ဦးကို ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ဂုဏ်ပြုသွားမည်ဟု ကေအိုင်စီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ထိုကဲ့သို့ ဂုဏ်ပြုရန် ဆုအမျိုးအစား ၇ မျိုး သတ်မှတ်ထားရာ နိုင်ငံရေးဂုဏ်ထူးဆောင်ဆု ၆ ဦး၊ တော်လှန်ရေးဂုဏ်ထူးဆောင် ဆု ၆ ဦး၊ စာပေဂုဏ်ထူးဆောင်ဆု ၆ ဦး၊ အနုပညာဂုဏ်ထူးဆောင်ဆု ၆ ဦး၊ ဘာသာ၊ သာသနာ ဂုဏ်ထူးဆောင်ဆု ၁ ဦး၊ လူမှုရေး ဂုဏ်ထူးဆောင်ဆု ၂ ဦး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေး ဂုဏ်ထူးဆောင်ဆု ၃ ဦးတို့ဖြစ်ကြောင်း ဂုဏ်ထူးဆောင် ဆုချီးမြှင့်ရေး ဆပ်ကော်မတီက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်ဟု ကေအိုင်စီက ဖော်ပြသည်။

 အဆိုပါ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရသူ ၃၀ ဦးအထဲတွင် မန်းရောဘတ် ဘဇန်၏ ဖခင် ကွယ်လွန်သူ မန်းဘဇန်လည်း တဦးအပါအ၀င်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘောတစ်ဦးသာ သက်ရှိထင်ရှား ကျန်ရှိနေသည်ဟု ကေအိုင်စီ သတင်းအရ သိရသည်။

 ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်အတွက် ကရင်နှစ်သစ်ကူးပွဲတော်နေ့ မှာ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် ပြာသိုလဆန်း ၁ ရက်၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ တွင် ကျရောက်မည်ဖြစ်သော်လည်း အမာရီလိုမြို့ ကရင်နှစ်သစ်ကူးပွဲတော်ကို အများသူငါ အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ တွင် ကျင်းပရသည့်အတွက် ယခုလို ကရင်နှစ်ကူး ၄ ရက် လွန်မြောက်ပြီးမှ ကျင်းပပြုလုပ်ကြရမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၏ တာဝန်ရှိသူများက ပြောကြားသည်။

ကရင်နှစ်သစ်ကူး ပွဲတော်သို့ အမာရီလိုမြို့ အနီးတ၀ိုက်မှ မြန်မာတိုင်းရင်းသားပေါင်းစုံတို့ အား ဖိတ်ကြားထားပြီး လူဦးရေ ၅၀၀ နီးပါး တက်ရောက်လာနိုင်မည်ဟု ခန့် မှန်းထားကြောင်း ကော်မတီဝင်များက ပြောကြားသည်။   


ပွဲတော်အခမ်းအနားကို တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကရင်အမျိုးသား အလံတော် အလေးပြုခြင်း၊ သဘာပတိ မိန့် ခွန်း ပြောကြားခြင်း၊ သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ကရင်ရိုးရာ ဒုံယိမ်းအကဖြင့် ဖျော်ဖြေခြင်းနှင့် ဧည့်ပရိတ်အပေါင်းအား အစာအဟာ ရများဖြင့် ကျွေးမွေးဧည့်ခံခြင်း စသည့် အစီအစဉ်များလည်း ပါဝင်သည်ဟု စောဆာလောလက ပြောဆိုသွားခဲ့သည်။