(လမ်းခုလတ် - ၂၀၁၃) နာရေးကူညီမှုအသင်း၊
ကိုကျော်သူ မရွှေဇီးကွက် နဲ့ စကားလက်ဆုံ
မိုးမခ၊ ဇန်န၀ါရီ ၂၅၊
၂၀၁၄
ဒီဇင်ဘာ ၂၊
၂၀၁၃၊ ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်းမှာ အသင်းဦးဆောင်သူ ၂ ဦးဖြစ်တဲ့
ကိုကျော်သူ၊ မရွှေဇီးကွက်တို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ မိုးမခရဲ့ လမ်းခုလတ် ၂၀၁၃ ခရီးရဲ့
နောက်ဆုံးတွေ့ဆုံတဲ့ မှတ်တိုင်လည်း ဖြစ်ပါတယ်။ ရှေ့က မိတ်ဆွေများနဲ့ တွေ့ဆုံခြင်းများ
တင်ဆက်ပြီးတဲ့နောက် ဒီနောက်ဆုံး တွေ့ဆုံပွဲက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းလှုပ်ရှားမှုများရဲ့
ရှေ့ဆောင် အဖွဲ့၊ လူပုဂ္ဂိုလ်တို့ရဲ့ လက်ရှိအနေအထား၊ အခြေအနေအပေါ် ရှုမြင်တဲ့သဘောထားနဲ့
အတွေ့အကြုံအချို့တို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မေး။ ။ ၂၀၁၃ ခုနှစ်ထဲမှာ အစိုးရနဲ့
လွှတ်တော်ကနေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြ ကိုင်ကြတဲ့ဆီမှာ အရပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့
ပတ်သက်ပြီးတော့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့တယ်။ အဲဒီဟာကလည်း အရင်အာဏာရှင်
စစ်အစိုးရအဆက်ဆက်က လွတ်လပ်စွာ သင်းဖွဲ့လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ခြယ်တာတွေ၊ ပြစ်ဒဏ်ပေးတာတွေ
လုပ်တာတွေပါဝင်တဲ့အတွက် ထူးမခြားနားပဲလို့ ကျနော်တို့က သုံးသပ်တယ်ပေါ့။ အဲသည်မှာ ကိုကျော်သူတို့
နာရေးအသင်းကလည်း ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်တယ်၊ စက်တင်ဘာလဆန်းမှာပေါ့။
နောက်ပြီးတော့ အနယ်နယ်က လူမှုအသင်းတွေနဲ့ လက်တွဲပြီးတော့လည်း ထောက်ပြဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။
အဲသည်အခြေအနေလေး ပြောပြပါဦး။
(ညွှန်း -
http://moemaka.com/archives/873 )
ကိုကျော်သူ။ ။ နယ်အသင်းတွေအပါအ၀င်ပေါ့၊ ဥပဒေကြမ်းမှာက မှတ်ပုံမတင်ရင်
ထောင်ချမယ် ဆိုတာတွေ ပါလာတယ်။ ဒါနဲ့ ကျနော်တို့ ပြည်နယ်နဲ့ တိုင်းအားလုံးက အဖွဲ့ပေါင်း
၅၀၀ ကျော်နဲ့ ကျနော်တို့တွေ့ကြတယ်။ တွေ့ပြီးတော့ အားလုံးရဲ့ ဘုံသဘောထားကို ကြေငြာတယ်။
ဒါကို လွှတ်တော်၊ နေပြည်တော် ကို တင်တယ်။ သံရုံးတွေကို ပို့တယ်။ ပို့တဲ့နောက်ပိုင်းမှာ
လွှတ်တော်မှာ ဆွေးနွေးတာက အဲဒါကို မဆွေးနွေးဘဲနဲ့ ပြည်ပက INGO ခေါ်လား၊ နိုင်ငံတကာအထောက်အပံ့နဲ့လုပ်တဲ့
အဖွဲ့အစည်းတွေက တင်တဲ့ဟာကို လွှတ်တော်မှာ စဉ်းစားတာ ဖြစ်နေတယ်။ အိုင်အန်ဂျီအိုအဖွဲ့က
လုပ်တဲ့ဟာကို စဉ်းစားဖြစ်နေတော့ ကျနော်က အချက် ၈ ချက်ကို ထုတ်ပြီးတော့ အမေးရှိရင် အဖြေရှိရမယ်ဆိုပြီးတော့
ကျနော့်သဘောထားကို ထုတ်လိုက်တယ်။ http://moemaka.blogspot.com/2013/10/kyaw-thu-essay.html
အသုဘကော ချဖူးလို့လား၊ ဗြဟ္မစိုရ်တရား ၄ပါး ဆိုတာ သိသလား စသည်ဖြင့်ပေါ့။ (အောက်တိုဘာ
၅၊ ၂၀၁၃)။ ဘာမှ တုန့်ပြန်တာ ထွက်မလာဘဲနဲ့၊
အစိုးရနဲ့ လွှတ်တော်မှာက ဆက်ပြီးတော့ အိုင်အင်ဂျီအိုအဖွဲ့တွေက တင်တဲ့ဟာတွေနဲ့ပဲ ဆွေးနွေးကြမယ်
ဖြစ်နေတယ်။ အဲဒါအကြောင်းအရာတွေကို အာဏာပိုင်တွေဘက်က အင်တာနက်တို့ ၀က်ဆိုက်တို့မှာ တင်တယ်။
နယ်က အသင်းအဖွဲ့တွေက သူတို့ဆီမှာ မီးလည်း မမှန်၊ အင်တာနက်ကလည်း မရှိဆိုတော့ ဘယ်အပြည့်အစုံ
သိကြမှာလဲ။ ဒါကို ပြည်နယ်နဲ့ တိုင်းတွေ အတော်များများက INGO တွေက လုပ်နေတာကို အသိအမှတ်မပြုဘူးဆိုတာ
ဖြစ်လာတော့ ခင်ဗျားတို့ ဒါကို ပါးစပ်နဲ့ ပြောနေလို့ မဖြစ်ဘူး၊ တရားဝင်စာပေးမှ ဆွေးနွေးလို့ရမယ်
ဆိုပြီး လုပ်ကြရတာ ဖြစ်တယ်။
မေး။ ။ ကိုကျော်သူပြောနေတဲ့
အိုင်အင်ဂျီအိုဆိုတာတွေဆိုတာက အစိုးရမဟုတ်တဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေပေါ့လေ။ အဲသည်မှာလည်း
ဒေါက်တာကျော်သူ ဆိုတာက ဦးဆောင်နေတယ်လို့ ဆိုတော့ နာရေးက ကိုကျော်သူနဲ့ အတူတူပဲလို့
အပြင်မှာ ထင်နေကြတာတွေ ရှိတယ်လို့ ကြားတယ်။
ကျော်သူ။ ။ အဲဒါလည်း ကျနော် ပြောမှ ဖြစ်တော့မယ်။ အဲသည်မှာလည်း
ဒေါက်တာကျော်သူပဲ။ ကျော်သူက ၂ ယောက် ဖြစ်နေတယ်။ ရောထွေးမှုတွေ ဖြစ်နေတယ်။ ဥပမာ ကျနော်က
ကချင်ကို သွားတယ်။ ကချင်ကနေ မန္တလေးမှာ စာအုပ်မိတ်ဆက်ပွဲရောက်နေတယ်။ အဲသည်မှာ ကျနော့်ကို
ဖုံးဆက်လာတယ်။ ‘ကိုကျော်သူ မရောက်သေးဘူးလား” တဲ့။ ဒါနဲ့ ကျနော်ရောက်နေပါပြီ ဆိုတော့၊
သူတို့က ‘ကျနော်တို့ တောင်ကြီးက ဆက်တာတဲ့။ တောင်ကြီးမှာ ကိုကျော်သူတို့ လာမယ်ဆိုလို့၊
လူမှုရေးအသင်းအဖွဲ့တွေ တွေ့ရအောင် အားလုံး စုထားပြီးပြီ …” တဲ့။ ကျနော်က ‘လူမှားနေပြီ၊
ခင်ဗျားတို့ အခြေအနေ သတင်းပို့ပါဦး …’ ဆိုတော့ ‘ရန်ကုန်ကနေ ရှေ့နေအချို့နဲ့ နိုင်ငံခြားသားတယောက်
ပါလာတယ် …’ တဲ့။ ဒီလိုနဲ့ ကျနော် ရန်ကုန်ရောက်တော့ ပုသိမ်က ကျနော့်ကို ဆက်သွယ်တယ်။
စာပေဟောပြောပွဲကိစ္စ။ အဲသည်မှာ ကျနော့်ကို ဘာပြောသလဲဆိုတော့ … ပြီးခဲ့တဲ့ ၁၀ရက်က ကိုကျော်သူလာမယ်ဆိုလို့
မြို့နယ်အာဏာပိုင်အဖွဲ့တွေက ဆွေးနွေးပွဲအတွက် ခွင့်ပြုတယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်တယ်
… တဲ့။ နောက် တကယ်တမ်း ပွဲလုပ်တော့ မင်းသားကျော်သူမဟုတ်ဘူး၊ ဘယ်က ကျော်သူလည်း မသိဘူး
ဖြစ်ကုန်ကြတယ် တဲ့။ ကရင်ဖက်မှာလည်း သည်လိုပဲ ရှုပ်ထွေးမှုတွေ၊ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တယ်။
ဒါက ပြည်တွင်းမှာတင် မဟုတ်ဘူးနော်၊ ပြည်ပမှာလည်း အဲသလိုပဲ ဖြစ်တယ်။ တလောက နိုင်ငံခြားသားတစု
ကျနော့်ဆီလာတော့ ကျော်သူ့လုပ်ဆောင်ချက်တွေ ပြောပါ ဆိုလို့ ပြောတော့ သူတို့က ပါးစပ်အဟောင်းသား
ဖြစ်နေတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ သူ လူမှားလာတာလို့ ပြောတယ်။ အဲသည် ပြသနာကလည်း
ရှင်းတော့ ရှင်းကြမှ ဖြစ်မယ် ထင်တယ်။
မေး။ ။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ
အချင်းချင်း အရင်ဆုံး တွေ့ဆုံပွဲတွေ၊ ဆွေးနွေးညှိနှိုင်းပွဲတွေ အရင်လုပ်ကြသေးတယ် မဟုတ်ဘူးလား၊
အိုင်အင်ဂျီအိုတွေကော၊ အခြားပြည်တွင်းက လူမှုအဖွဲ့အစည်းတွေကော ရန်ကုန်မှာ အားလုံး ညှိနှိုင်းပြီးတော့မှ
နေပြည်တော်ကို တက်ကြမယ် ဆိုပြီးတော့ စီစဉ်ခဲ့ကြတာ ရှိတယ်လေ။
ကျော်သူ။ ။ လုပ်တယ်၊ ဟိုတလောတုန်းက။ ရန်ကုန်ပွဲမှာ တက်ကြတော့
သူတို့နဲ့ ကိုယ်တို့နဲ့ လွဲနေတယ်ဆိုပြီးတော့ ကျနော်တို့က နေပြည်တော်ကို လိုက်မသွားတော့ဘူးဆိုပြီး
ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မှာ ဆွေးနွေးတဲ့ဆီမှာ ဘယ်အဖွဲ့တွေပဲ ဆွေးနွေးခွင့်ရှိတယ်
ဆိုတာမျိုး ပြောတယ်။ ဒါက သူတို့နဲ့ စည်းဝါးကိုက်ထားတဲ့သူတွေပဲ ဆွေးနွေးရတဲ့ သဘောဖြစ်နေတယ်။
ဒါနဲ့ သူတို့တွေ နေပြည်တော်မှာ ဆက်လုပ်ကြတယ်။ အစည်းအဝေးလုပ်တယ်။ အဲသည်က တင်ပြတဲ့ ဆွေးနွေးတဲ့အကြောင်းအရာကိုပဲ အစိုးရတို့
လွှတ်တော်တို့မှာ လက်ခံဆွေးနွေးကြတာ ဖြစ်သွားတယ်။ အခုဟာက အရပ်ဖွဲ့လူ့အဖွဲ့အစည်းလို့
နာမည်တပ်ပြီးတော့မှ ကွဲလွဲတာတွေ ဖြစ်နေတာကို ပြောတာ၊ တမြန်နေ့တုန်းက ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမမှာ သမ္မတကြီးဦးသိန်းစိန်နဲ့ အရပ်ဖွဲ့လူ့အဖွဲ့အစည်း အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲဆိုလား
လုပ်ကြတယ်။ အဲသည်မှာ ကျနော်တို့ကို တရားဝင်ဖိတ်စာ မပို့ဘူး။ အဲသည်မှာ ကလေးတယောက်က ဒီမှာ
ဖိတ်စာ၊ ဒါနဲ့ တက်လို့ရတယ်ဆိုလို့ ကျနော်တို့ဆီက ၂ ဦး သွားတက်ကြတယ်။ အဲသည်မှာ စီစဉ်ထားတာက
အရပ်ဖက်လူ့အဖွဲ့အစည်းတွေထဲက ၁၁ ဖွဲ့က မိနစ်အနည်းငယ် စကားပြောကြမယ်ဆိုပြီး ပါတယ်။ ကျနော်တို့
နာရေးအသင်းတော့ ပါပြီလို့ ထင်ထားတာ၊ အဲသည်မှာ မပါဘူး။ ကျနော်တို့ ခံစားရတာက နာရေးအသင်းဆိုတာက
ရန်ကုန်မှာကော တနိုင်ငံလုံး အတိုင်းအတာနဲ့ အသင်းအဖွဲ့တွေနဲ့ လက်တွဲပြီး အလုပ်လုပ်နေတာ။
နာရေးအသင်းက ဆွေးနွေးခွင့် မရှိဘူးဆိုတော့ ပွဲက ဒါပဲပေါ့။
မေး။ ။ ဟုတ်ပါပြီ။ လွန်ခဲ့တဲ့
သက္ကရာဇ် ၂၀၀၀ ကတည်းက နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ထူထောင်ပြီး လုပ်ခဲ့တယ်။ စစ်အစိုးရလက်အောက်မှာ
ဖိနှိပ် ကန့်သတ် တားဆီးမှုတွေ အမျိုးမျိုးကို ကြံ့ကြံ့ခံပြီးတော့ လုပ်ခဲ့ကြတယ်။ နောက်
၂၀၁၀ ရွေးကောက်ပွဲကနေ စစ်အစိုးရ ကျောထောက်နောက်ခံနဲ့ အစိုးရတရပ်တက်လာပြီးနောက်ပိုင်းမှာလည်း
နာရေးကူညီမှုအသင်းဟာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ဆက်လက်ရပ်တည်နေတဲ့ သံမဏိသက်ရှည်
အရပ်ဖွဲ့လူ့အဖွဲ့အစည်းလို့ ပြောရမယ်။ သည်တော့ ၂၀၁၃ လို ကာလမျိုးမှာ အစိုးရတွေ အာဏာပိုင်တွေတင်သာမကပဲ
အခြား စိန်ခေါ်မှုတွေ ရင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ဘယ်လိုမျိုး ပြောချင်သလဲ။
ကျော်သူ။ ။ ကျနော်တို့တွေက လမ်းရယ်လို့ မရှိပါဘူး။ တောထဲ
တောင်ထဲလည်း ဆင်းရတယ်။ လျိုထဲ မြောင်းထဲလည်း ဆင်းရတယ်။ နောက်တော့ တံတားပေါ်ကလည်း ဖြတ်ခွင့်ရတယ်။
ပေတရာလမ်းပေါ်ကလည်း လျောက်လို့ရတယ်။ နည်းပေါင်းစုံနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်။
၂၀၁၃ ကို ဖြတ်ခဲ့ပြီးတဲ့နောက်မှာ ရှေ့မှာ ဘာတွေရှိမလဲ၊ ဘယ်လို လျောက်မလဲဆိုတာကို စဉ်းစားဖို့
လိုပြီ။ အခု ရှေ့ဆက်မယ့်လမ်းက ဖြူးနေလား၊ လမ်းမပေါ်မှာ ထောင်ခြောက်လိုမျိုး ရှိမလား၊
သတိထားရမယ်။ လမ်းပေါ်မှာ ဂျောက်ကြီးလိုမျိုး အထင်အမြင်ဖြစ်အောင် ဖန်တီးလှည့်စားထားတာတွေ
ရှိနေသလား ဒါတွေကို သုံးသပ်ဖို့ လိုတယ်။ လူမှုရေးအဖွဲ့အစည်းတွေတင်သာမကဘူး၊ နိုင်ငံရေးအဖွဲ့တွေဖြစ်တဲ့
NLD တို့ ၈၈ တို့၊ ဗကသတို့ စတဲ့အဖွဲ့တွေ အပေါ်ကိုပါ
ကျနော့်အနေနဲ့ ပွဲကြည့်ပရိသတ်တဦးအနေနဲ့ မြင်တဲ့ အမြင်ပြောရရင် လူမှုရေးလောကကနေ လှမ်းကြည့်လိုက်တဲ့အခါ
အချို့က ပိုးခြည်မျင်ထဲမှာ အငြိခံနေတယ်၊ အချို့က ကိုယ့်လမ်းကိုယ်သွားနေတယ်။ အချို့က
ကျဆုံးသွားတဲ့လူတွေ ရှိတယ်။ မြင်တဲ့အတွက် ၂၀၁၅ ကို ဖြတ်ဖို့ ဆိုရင် သည်အချိန်မှာ ခံယူချက်တွေ
တူညီခဲ့တဲ့ လူတွေအချင်းချင်းတွေ ပြန်လည် စုစည်းပြီးတော့ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြဖို့
အချိန်တန်ပြီ၊ နို့မို့ဆိုရင် ကစဥ့်ကလျားနဲ့သာဆိုရင် ၂၀၁၅ မှာ ကျနော်တို့ ပြည်သူတွေ
မြင်စေချင်သလို ဖြစ်စေချင်သလို အောင်မြင်တဲ့ပန်းတိုင်ကို ဖြတ်နိုင်မှာ မဟုတ်ဘူး။ အခုအခြေအနေတိုင်းနဲ့
ဖြတ်မယ်ဆိုရင် ဒုံရင်း ဒုံရင်းပဲ ဖြစ်မှာပဲ။
မေး။ ။ အခုက ဘယ်လိုမျိုး ဒုံရင်း
ဒုံရင်းဆိုတာ ဖြစ်နေလို့လဲ။ အခုဆို ပြောင်းလဲနေပြီ၊ လွတ်လပ်နေပြီ၊ ကောင်းနေပြီလို့
အချို့တွေက ပြောနေကြတာပဲ မဟုတ်ဘူးလား။
ကျော်သူ။ ။ အနီးစပ်ဆုံး ကျနော့်ဥပမာပဲပြောမယ်။ ကောင်းနေပြီ၊
ပြောင်းနေပြီဆိုရင် ဘာဖြစ်လို့ ကျနော့်ရဲ့ ‘သမ္မတကြီး ဖြစ်ချင်တယ်’ စာအုပ်ကို သူတို့သတင်းစာတွေမှာ
ကြော်ငြာခွင့် မပေးတာလဲ။ ပိုက်ဆံတော့ ယူထားတယ်။ ဖြတ်ပိုင်းတော့ ပေးလိုက်တယ်။ သတင်းစာထဲမှာ
မပါလားဘူး။ ဘာတွေကို ကြောက်နေလို့လဲ။ ကျနော့်ကို အနုပညာလုပ်ခွင့်ပေးလိုက်ပြီ၊ စာပေရေးသားခွင့်
လွတ်လပ်မှု ပေးလိုက်ပြီ လို့ ဆိုပေမယ့် ကျနော့်စာအုပ်ကို ဘာစိုးရိမ်လို့ သတင်းစာကြော်ငြာခွင့်မရတာလဲ။
အကြောက်တရားက ကျနော်တို့ဆီမှာ မရှိဘဲနဲ့ အစိုးရပိုင်းမှာ ရှိနေသလို ဖြစ်နေတယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ ဒီမေးခွန်းကတော့
ဒေါ်ရွှေဇီးကွက်အတွက်ပေါ့လေ။ ၂၀၁၃ ဟာ ကျနော်တို့အတွက် ၈၈ အရေးတော်ပုံ ၂၅ နှစ်ပြည့်တဲ့
နှစ်ဖြစ်တယ်။ အဲသလိုအမြင်နဲ့ ကြည့်တယ်။ အဲသည်မှာ ကာလတလျောက်လုံးမှာ အမျိုးသမီးတဦး၊
လူမှုရေးလှုပ်ရှားသူတဦးအနေနဲ့ ရုန်းကန် လုပ်ကိုင်နေရသူအနေနဲ့ မိမိကိုယ်ကို ဘယ်နေရာ၊
ဘယ်အခြေအနေကို ရောက်ရှိနေပြီလဲလို့ ပြန်သုံးသပ်မိသလဲ။ လမ်းခုလတ်တခုသာ ဆိုရင် ဘယ်လိုမျိုး
ရှေ့ကို ရင်ဆိုင်သွားရမှာတွေ ရှိနေတယ်လို့ မြင်သလဲ။
ရွှေဇီးကွက်။ ။ လမ်းခုလတ်ဆိုတဲ့နေရာမှာ လမ်းက ဘယ်ကိုရောက်မယ့်
လမ်းမှန်း မသိသေးဘူး။ ကောင်းတဲ့ဖက်လည်း ဖြစ်နိုင်သလဲ၊ ဆိုးတဲ့ဘက်လည်း ဖြစ်နိုင်တာပဲ။
ကွဲပြဲကုန်ကြတာ ဖြစ်နိုင်သလို၊ ပိုပြီး စည်းလုံးသွားကြတာလဲ ဖြစ်နိုင်တယ်။ လမ်းခုလတ်ဆိုတဲ့ဟာက
ဘယ်နိုင်ငံမှာမှ အကြာကြီးတော့ ဖြစ်နေမှာ မဟုတ်ဘူး၊ အတိုင်းအတာတခုပဲ ရမယ်။ လမ်းခုလတ်တခုပြီးရင်တော့
ကျမတို့က လမ်းတခုကို ရောက်ကြတော့မှာ၊ အဲသည်ကျရင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ဆက်လျောက်ကြရတော့မှာ။ လမ်းခုလတ်မှာ ရောက်နေတဲ့ အချိန်ရော နေရာရောမှာ တကယ်ကောင်းတဲ့လမ်းပေါ်ကို
ရောက်ဖို့ တပြိုင်နက်တည်း ရောက်အောင် ၀ိုင်းလုပ်မှ ရတော့မယ်။
မေး။ ။ ပရဟိတသမားတွေ အနေနဲ့ကျတော့ကော
…
ရွှေဇီးကွက်။ ။ ဟိုတလောတုန်းက ကျမကို တယောက်ကပြောသွားတယ်။
ပရဟိတသမားတွေကော နိုင်ငံရေးသမားတွေကော မာနကြီးကြတယ်တဲ့။ ဟုတ်တယ်။ ကျမတို့ကိုယ်တိုင်လည်း
မာနကြီးတယ်။ တခုခုဆိုရင် ငါတို့က ကောင်းတာလုပ်တာပဲ။ သူတို့က ငါတို့လိုမျိုး ကောင်းတာ
လုပ်တာ မဟုတ်ဘူးဆိုပြီး အချင်းချင်းထဲမှာ ရှိသလို၊ ရန်ဖက်ပေါ်မှာလည်း မာနရှိတယ်။ အခွင့်အရေးသမားတွေကတော့
သိပ်လည်တယ်။ သူတို့ကျတော့ မာနမရှိဘူး။ အခွင့်အရေးရမယ်ဆိုရင် ခြေသလုံးနှိပ်ပေးဖို့လည်း
ဝန်မလေးဘူး၊ အခွင့်အရေးရသမျှ ယူကြတယ်။ အဲသည်အချိန်မှာ ကျမတို့တွေအချင်းချင်းက စည်းလုံးဖို့ပဲ။
ကျမတို့တယောက်နဲ့ တယောက် ကိုယ့်တိုင်းပြည်ကို သွားချင်တဲ့လမ်းပေါ် မရောက်ရောက်အောင်
ဆွဲရမယ်။ နာရေးအသင်းဆိုရင် ဟိုကတည်းက အသုဘချခဲ့တယ်။ အဲသည်မှာ ဘာတွေ့လာသလဲဆိုတော့ မသေသင့်ဘဲ
သေကြရတယ်။ ဆေးမကုနိုင်ဘူး။ ကျမတို့ အခမဲ့ဆေးခန်းတွေ ဖွင့်တယ်။ အဲသည်မှာ ထပ်တွေ့တာက
မနာသင့်ဘဲ နာကြတာဟာ အသိဥာဏ်မရှိလို့ လူနာဖြစ်ကြရတာ။ ဒီတော့ ကျမတို့က အသိဥာဏ်ရှိလာအောင်
လုပ်ကြရပြန်တယ်။ ကျမတို့ဟာ ကောက်သင်းကောက် အကုန်လုပ်နေကြရတာ။ ပြီးမှာလည်း မဟုတ်တော့ဘူး။
နောက်ဆုံးမှာ အဓိက ကတော့ အသိဥာဏ်ရှိဖို့ဟာ အဓိကပဲ။ ကျမတို့ တိုင်းပြည်မှာ။ သည်တော့
အသိဥာဏ်ရှိတဲ့သူတွေ ပရဟိတလုပ်လာကြပြီ နိုင်ငံရေးလုပ်လာကြပြီ၊ စွန့်လွှတ်လာကြပြီ ဆိုတဲ့သူတွေက
ဘာပဲပြောပြော အတ္တသမားတွေထက်တော့ ကောင်းနေပြီးသား။ ဒါဆိုရင် ကျမတို့တွေက ကောင်းနေတဲ့သူတွေဟာ
အများအတွက်ဆိုရင် ကိုယ့်စိတ်ကို လျော့၊ မာန်မာနတွေကို လျော့၊ အပြိုင်စိတ်တွေကို လျော့၊
ရန်သူကို ပေါင်းဖို့ မဟုတ်ဘူး။ ဒါပေမယ့် ရန်သူကိုလည်း ပြီးခဲ့တဲ့အတိတ်ကို လှန်လှန်ပြီး
လုပ်နေမယ့်အစား ရှဥ့်လည်း လျောက်သာ၊ ပျားလည်း စွဲသာပေါ့နော်။ သူတို့ကလည်း သည်အတိုင်းတော့
ဖယ်မှာမဟုတ်ဘူး၊ ကျမတို့က ပိုအားကောင်းအောင်၊ ပိုတော်အောင်၊ အသိပညာတွေ အားကောင်းအောင်လုပ်ပြီးတော့
ဆက်သွားဖို့ လိုတယ်။ အရေးကြီးတယ်လို့ ထင်ပါတယ်။
မေး။ ။ ကိုကျော်သူက ဘာများ
ဖြည့်ပြောချင်သေးသလဲ။
ကျော်သူ။ ။ ကျနော်တခု ဖြည့်ပြောရရင်တော့ ကျနော်တို့
လူမှုရေးအသင်းအဖွဲ့တွေလိုပဲ တတိုင်းပြည်လုံးက ဒီခေတ်ကြီးကို ဖြတ်သန်းလာကြရတဲ့ဆီမှာ ရုန်းကန်ပြီး
ဖြတ်သန်းလာကြတဲ့သူတွေချည်းပဲ။ အားလုံးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ချည်းပဲ။ အမာရွတ်တွေ ရှိတယ်။
၂၀၁၃ ကနေ ၂၀၁၅ ကို ဖြတ်သန်းတဲ့ဆီမှာ ကျနော်တို့ ဒဏ်ရာဒဏ်ချက်တွေ အမာရွတ်တွေကို ရေပူနဲ့
လာလောင်းတဲ့သူ ရှိမယ်၊ ရေအေးနဲ့ လာလောင်းတဲ့သူ ရှိမယ်။ တုတ်နဲ့ လာရိုက်မယ်သူတွေရှိမယ်။
ဒဏ်ရာဟောင်းတွေကို ဒဏ်ရာသစ် မဖြစ်အောင် ကာကွယ်ဖို့ ကျနော်တို့အတွက် အရေးကြီးတယ်။ ကာကွယ်ဖို့က
ကျနော်တို့ စည်းစည်းလုံးလုံးနဲ့ နေဖို့။ ကျနော်တို့က နှလုံးသားအမာရွတ်နဲ့ လူတွေချည်းဆိုတော့
ဒီအနာရွတ်တွေကို ထပ်ပြီး ဒဏ်ရာရအောင် လုပ်မယ့်လူတွေ ရှိနေတယ်။ ဒီအချိန်တည်းမှာပဲ ဒီအမာရွတ်တွေ
ပျောက်ကင်းသွားအောင် ကုသကြဖို့လည်း အရေးကြီးတယ်။ ဒါကို လက်ရှိအစိုးရပိုင်းမှာလည်း
တာဝန်ရှိသလို၊ နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း တာဝန်ရှိတယ်။ ဒါမှလည်း ၂၀၁၅ က အေးအေးဆေးပြီးမယ်။ စည်းစည်းရုံးရုံး စိတ်ဓာတ်ခိုင်ခိုင်နဲ့ ရင်ဆိုင်ဖို့
လိုတယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့
ပတ်သက်ပြီးတော့ကော … မြန်မာပြည်လူ့အဖွဲ့အစည်းနေရာမှာ ဘယ်လိုမျိုး ရှိလာပြီလဲ၊ ပြောင်းလဲလာပြီလဲ၊
အခြေအနေ ဘယ်လိုဖြစ်လာသလဲ။
ရွှေဇီးကွက်။ ။ ကျမတို့တိုင်းပြည်မှာ အမျိုးသမီးတွေရဲ့ နေရာက
အရေးကြီးတယ်။ မြန်မာပြည်တွင်းမှာဆိုရင် အမျိုးသမီးဦးရေက ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့
ယောကျာ်းလေးတွေက ပြည်ပထွက်ပြီး အလုပ်လုပ်နေကြရတာကိုး။ ကျမ သြစတြေးလျမှာ တွေ့ခဲ့တာက
မူလတန်း၊ သူငယ်တန်းမှာ ဆရာမတွေ သိပ်များတယ်၊ ဆရာရှားပါတယ်။ သည်တော့ ကလေးတွေကို ပြုစု
ပျိုးထောင်မှာက မိခင်တွေပဲ။ အမျိုးသမီးတွေပဲ။ ကျမတို့ဆီမှာ ၇ တန်းအောင်လောက်ကို ဆရာဖြစ်သင်တန်းပေးနိုင်ဖို့၊
အရင်တုန်းကတော့ ရှိခဲ့တယ်။ နောက်ပြီးတော့ Mid-Wife တွေကို အားပေးကူညီဖို့။ ကျမတို့
မိသားစုကိုယ်တိုင်ကလည်း ယောကျာ်းလေးကို ဦးစားပေးခဲ့ပါတယ်။ ဥပမာ သားနဲ့ သမီးဆိုရင်
သားကို နိုင်ငံခြားပို့ပြီး စာသင်ပေးခဲ့တယ်။ သမီးကိုတော့ ဒီက ဆေးကျောင်းမှာပဲ ပညာသင်ပေးခဲ့တယ်။
ဒါပေမယ့် သူ့ကြိုးစားအားထုတ်မှုနဲ့ နိုင်ငံခြားဆေးကျောင်းကို ၀င်သွားပြီးတော့ သူ့ဖာသာသူ
ကျောင်းတက်ခဲ့ရတယ်ပေါ့နော်။ မိသားစုတိုင်းမှာ ဖြစ်တာပါ။ မိန်းကလေးဟာ သူ့ဖာသာသူ ကြိုးစားပြီး
ဖြစ်သွားတဲ့အခါကျတော့ သားတုန်းက မိဘက တာဝန်ယူရသေးတယ်၊ သမီးကျတော့ သူ့ဖာသာသာသူ ကြိုးစားပြီး
ဖြစ်သွားတာပဲ။ အလှအပတခုတည်းကို အာရုံမစိုက်ပဲနဲ့ အသိဥာဏ် ပညာအရည်အသွေးတွေကို ဖြည့်ကြမယ်။
ကျမတို့ကိုယ်တိုင်လည်း လုပ်မယ်၊ အားလုံးဝိုင်းလုပ်ကြမယ်။ ဆရာဖြစ်သင်တန်းတွေ၊ မိန်းကလေးတွေ
အလုပ်အကိုင်အတွက် သင်တန်းတွေ လုပ်ကြရမယ်။ မဟုတ်ရင် မိန်းကလေးတွေဟာ အရောင်းစားခံရတဲ့
မိန်းမဘ၀၊ ယောကျာ်းအသုံးချခံဘ၀တွေနဲ့ ပြီးသွားကြရလိမ့်မယ်။
မေး။ ။ ဒီ ၂၀၁၃ ထဲမှာ ဘာသာရေးအဓိကရုဏ်းတွေ၊
လူမှုရေးပဋိပက္ခတွေ၊ တဦးနဲ့ တဦး၊ တစုနဲ့ တစု အကြမ်းဖက်တာ၊ တိုက်ခိုက်ကြတာတွေ ဖြစ်ခဲ့တာတွေမှာကော
ဘယ်လို ကျော်လွှားနိုင်ခဲ့တယ်လို့ မြင်ပါသလဲ။
ရွှေဇီးကွက်။ ။ ပြည်သူတွေက နိုင်ငံရေး အသိနဲ့ အမြင် အများကြီး
ရှိနေပါပြီ။ ပြည်သူတွေဟာ အချင်းချင်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ဒါတွေကို ဖြတ်ကျော်ခဲ့တာကို
တွေ့ရပါတယ်။ ခုနင်က မန္တလေးမှာ ဖြစ်တယ်ဆိုရင် အချင်းချင်း ချက်ခြင်းရောက်လာပြီး ထိန်းလိုက်နိုင်တာမျိုးတွေ
တွေ့ရတယ်။ မီးတွေ ရှို့နေပြီ၊ ကုလားတွေ လာနေပြီ ဘာဖြစ်တယ် ညာဖြစ်တယ် ဘယ်လိုပဲ လှုံဆော်လှုံဆော်
ဒီလို မီးပွားနေ လာချတာကို ချက်ခြင်းပဲ ၀ိုင်းငြိမ်းနိုင်ခဲ့တာကို တွေ့ရတယ်။ အင်တာနက်မှာလည်းပဲ
ဆွတဲ့သူတွေက ဆွသလို သတိပေးနိုင်တဲ့သူတွေကလည်း သတိပေးနိုင်တာတွေကို တွေ့ရတယ်။
ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီး တင်ပါတယ်။

