မောင်စိုးချိန် - အစဉ်အလာဟောင်းကို ဖြိုဖျက်ပြီးတဲ့နောက်

အစဉ်အလာဟောင်းကို ဖြိုဖျက်ပြီးတဲ့နောက်
မောင်စိုးချိန်
ဖေဖော်ဝါ၇ီ ၂၃၊ ၂၀၁၄



ရုန်းကန်ဘဝ နိမ့်ကျဆဲ
နစ်နာဆဲ ဆုံးရှုံးဆဲ ကျဆုံးဆဲ
ကြေကွဲမျက်ရည်
ပြောင်းလဲပစ်
သွေးနီမြစ်
စီးဆင်းပလေ့စေ။

နင့်ဆွေး
ငိုကြွေးရှိုက်သံ
ပြောင်းပြန် ပြောင်းလဲ
ရဲရင့်တက်ခေါက်သံ
အားတင်းသံ ဖြစ်ပေ့စေ။

မမျှမတ မဝ မလှ
တဒုက္ခပြီး တဒုက္ခ
ကြောင့်ကြပူဆွေး ၊ မှိုင်ငေးလက်လျှော့
ပျော့ညံ့မှုများ ၊ နိုးကြားသန်စွမ်း
ခြေလှမ်းအသစ် ၊ ပြောင်းလဲပစ်စမ်းပါ။

ကျောမှာ ရင်မှာ ခေါင်းမှာ
ဘဝတခုလုံးမှာ
ဖိနှိပ်မြားဒဏ်ရာ ပြွတ်သိပ်
ရှေးကုသိုလ်ကံ အတိတ်
မဖြေသိမ့်နဲ့
ပြောင်းပြစ် ၊  စိတ်ဓါတ် ခွန်အား
ခြေဖျား လက်ဖျား
ဆံပင်ဖျားအထိ ဝတ်ဆင်ပစ်ပါ။

မိုက်လုံးကြီး 
မိုက်ရိုင်းလွှမ်းမိုး ၊ ကြီးစိုးခေတ်ထဲ
သာမန်လူတို့
တန်ခိုးရှင်ကိုမျှော်တယ်
မင်းလောင်းရှာတယ်
ကယ်တင်ရှင်ကိုစောင့်တယ်
စိတ်ကဖန်ဆင်းလာ
ဒေဝတာ နတ်သိကြား
အားထားမှီခိုချင်တယ်။

လူမှာရှိတဲ့
ခုခံ ကိုယ်ခံစွမ်းအား၊ စွမ်းရည်များ
သွေးနီပွင့်မှန်သမျှ
အစရှာမရအောင်
ကိုယ်တိုင်သတ်ဖြတ်ပစ်ကြတယ်
လူစွမ်းးလူစ ၊ရှာမရလောက်အောင်
သေရောပေါ့ စိတ်ထိခိုက်စရာတွေ။

ကိုယ့်ဘဝကို
ကိုယ့်ခေတ်ကို
ကိုယ်တိုင်ပြဋ္ဌာန်းရမယ်
ဒီ ရာဇဝင်ဥဒါန်းကို အဆိပ်ခပ်ခဲ့ကြ
လက်မြောက်အရှုံးပေးခြင်း
အဆိပ်
သေရောပေါ့ ထပ်ကြေကွဲစရာတွေ။

ကိုယ့်အင်အားသာ
မှီခိုအားထားရာ
ကိုယ်သာ တန်ခိုးရှင် ၊ ကယ်တင်ရှင်
ကိုယ်သာလျှင် မင်းလောင်း
ကျွန်ဘဝ ဇာတ်ဟောင်း
ပြောင်းလဲနိုင်စွမ်း
အင်အားတသန်း ရှိတဲ့အခိုက်။

ဘဝတူ
ဖိနှိပ်ခံသူချင်း ပူးပေါင်း
အင်အားသန်းပေါင်းများစွာ
စုစည်းတပ်ဆင်လိုက်
ခွန်အားဝတ်ဆင်ခိုက်…….
စီးပိုး
နှောင်ကြိုးအထပ်ထပ်
ကုန်းရုန်းစုဖြတ်
လွတ်လပ်သွားပါပြီ။

မောင်စိုးချိန်

ဖေဖေါ်ဝါရီ ၁၂ ၊ ၂၀၁၄