လူ့အဖွဲ့အစည်းအပေါ် ဘာသာရေးပုဂ္ဂိုလ်တွေရဲ့လွှမ်းမိုးလိုမှု ညီမျှခြင်းချ ပဋိပက္ခ - Maung Luu Yay

လူ့အဖွဲ့အစည်းအပေါ် ဘာသာရေးပုဂ္ဂိုလ်တွေရဲ့လွှမ်းမိုးလိုမှု  ညီမျှခြင်းချ  ပဋိပက္ခ
မောင်လူရေး၊ မတ် ၁၊ ၂၀၁၄

ကမ္ဘာကြီးကို ဘယ်ဘာသာရေးကမှ မစခဲ့ပါ။ လူသားဖြစ်တည်ပြီးမှ ဘာသာရေးဆိုတာ ပေါ်လာရတာပါ။ မြန်မာပြည်ဆိုရင်လဲ မြန်မာပြည်ကြီးက အရင်ရှိနေပြီး ဘာသာတွေက နောက်မှ ရောက်လာတာပါ။  လူ့အဖွဲ့အစည်းမှာ သူ့ထုံး သူ့တမ်းနဲ့ အဆင်ပြေပြီးသားပါ။
ဒါပေမဲ့ ဘာသာာရေးတွေဟာ လူတွေရဲ့နေမှုထိုင်မှုစားမှုသောက်မှု နောက်ဆုံး လူ့ကိစ္စသက်သက်ဖြစ်တဲ့ ပေါင်းသင်းလိုသူနှစ်ယောက်ရဲ့သဘောထားသက်သက်သာဖြစ်တဲ့ အိမ်ထောင်ရေးကိစ္စမှာတောင် ဘာသာတွေက ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်ကြပါတယ်။
ဒါဟာ ဘာသာရေးရဲ့တာဝန်နဲ့ ကိစ္စဟုတ်ပါသလားဆိုတာ ဘာသာရေးခေါင်းဆောင်တွေရော၊ ဘာသာဝင်တွေရော ကိုယ့်ဘာသာအလိုက် ရဲရဲ ပွင့်ပွင့် ဆွေးနွေကြဖို့လိုပါတယ်။ အခြားစွပ်ဖက်ချယ်လှယ်မှုတွေရောပေါ့လေ။
ဘာသာတရားကို တည်ထောင်ခဲ့တဲ့ဘုရားရှင်များကိုယ်တိုင်ပင် ရှိပြီးသားလက်ထပ်ထိမ်းမြားခြင်းဓလေ့တွေကဘဲ မွေးဖွားသန့်စင်လာတာပါ။
တကယ်တော့ ဘာသာတရားရဲ့တာဝန်က စိတ်ပိုင်းဆိုင်ရာအပိုင်းမှာသာ များလိမ့်မယ်၊ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကတော့ လူ့အဖွဲ့အစည်းကသတ်မှတ်တဲ့ဥပဒေအတိုင်းသာဖြစ်သင့်တယ်ထင်ပါတယ်။
လက်ထပ်ထိမ်းမြားခြင်းဆိုရင် ဘာသာတူခြင်းမှလက်ထပ်ရမယ်စသဖြင့် ဘာသာတရားတွေက လွန်လွန်ကျွံကျွံဝင်လွှမ်းမိုးထားတာဟာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဆိုတာကို တွေ့ရပါလိမ့်မယ်။ 
အမှန်က ပေါင်းသင်းရေးဟာ လူနှစ်ဦးရဲ့ကိစ္စပါ။ နောင် ကွဲကွာခြင်း၊ ပိုင်ဆိုင်ခြင်း၊ အမွေဆက်ခံခြင်းတွေအတွက်တော့လူမှုရေးရှုထောင့်ကကြည့်ပြီး ရေးဆွဲပြဌာန်းထားတဲ့ဥပဒေအရဘဲဖြစ်သင့်ပါတယ်။
ဒါကို ဘာသာတိုင်းက အသေအချာဆွေးနွေးကြပြီး လက်ထပ်ထိမ်းမြားခြင်းဥပဒေတမျိုးတည်းကို ဘာသာပေါင်းစုံက၊ နိုင်ငံသားတိုင်းက လိုက်နာနိုင်အောင် ကျိုးပမ်းသင့်ပါတယ်။ ဘာသာကို အခြေခံတဲ့လက်ထပ်ထိမ်းမြားခြင်းဥပဒေဆိုတာမရှိသင့်ပါဘူး။ ဘာသာရေးခေါင်းဆောင်တွေက ဒီတချက်ကို စပြီး သဘောထားကြီးပေးနိုင်မလား။
 ဒီတချက်ကစလို့ ဘာသာရေး လူမျိုးရေးပဋိပက္ခများလျော့ပါးအောင်၊ ငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်တွဲနေထိုင်ရေး၊ ဖွံ့ဖြိုးရေးတွေ လုပ်ရအောင်လေ။
ဘာသာရေးဟာ ကိုယ်တာဝန်ယူရမဲ့ စိတ်ပိုင်းဆိုင်ရာအတွက်တောင် တာဝန်ကျေအောင် မနဲလုပ်ရမယ်ထင်ပါတယ်။ စိတ္တဇဆေးရုံတွေ၊ စိတ်ပညာရှင်တွေ များနေတာသာ ကြည့်တော့လေ။
နောက်ထပ်တော့ ဘာသာတိုင်းက ကုသိုလ်(ကောင်း) အကုသိုလ်(မကောင်း)ကို သင်ကြားကြတာများပါတယ်။ ဒါပေမဲ့ ကောင်း၊ မကောင်းသတ်မှတ်တာကျ မတူကြဘူး။ အဲဒီတော့ ကောင်း မကောင်းကိစ္စကို တိုင်းမဲ့ ပေတံတွေလိုပါတယ်၊ အဲဒါတွေ ဆက်ပြီး ဆွေးနွေးကြရင် ကောင်းမယ်။ အဲဒီအပေါ်မှာ ဘာသာရေးခေါင်းဆောင်တွေက ဘယ်လောက်များ အလျော့အတင်းလုပ်နိုင်မလဲ၊ သဘောထားကြီးနီုင်သလဲဆိုတာ ကြည့်ကြတာပေါ့။
နောက်တခုက လက်ရှိနေထိုင်နေရတဲ့ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသနဲ့ အံဝင်ဂွင်ကျမဖြစ်တော့တဲ့ ဘာသာရေးဓလေ့တွေအကြောင်း ဆက်ဆွေးနွေးကြမလား။
ဒီလိုနဲ့ တဖြည်းဖြည်းညှိနှိုင်းအဖြေရှာသွားမလားပေါ့။

Photo Credit  - http://www.ekantipur.com/the-kathmandu-post/2010/08/01/oped/theyre-more-violent/211098/