မိုက်ရိုင်းရမ်းကား လိုင်စင် ရရှိထားသူ ဗိုလ်လှဆွေ (Tu Maung Nyo)



မိုက်ရိုင်းရမ်းကား လိုင်စင် ရရှိထားသူ ဗိုလ်လှဆွေ
တူမောင်ညို(၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၇ )

ပြည်ထောင်စုဝန်ကြီးဆိုသူတွေ နဲ့ လွှတ်တော်အမတ်ဆိုသူတွေကို “အလှည့်နဲ့မင်းတို့ ရမ်းကြ၊ ကြမ်းကြစမ်းကွာ” လို့ ကြံ့ဖွံ့ပါတီ က အမိန့်ပေးထားပုံပေါ်ပါတယ်။ ဗိုလ်အုန်းမြင့် ပြီးတော့ ဗိုလ်လှဆွေ က ဂျိုကြွလာပါတယ်။ နွားရူးဆူးတိုး ဆိုသလိုပဲ တွေ့သမျှ၊ မြင်သမျှ ကန်ကျောက်၊ ဝှေ့ခတ်သွားပါတယ်။ ထိသူထိ၊ လဲသူလဲ၊ နာသူနာ၊ ကွဲသူကွဲ။

ဒီလို “မိုက်ရိုင်းရမ်းကားလိုင်စင်” ရရှိထားလို့သာ သူပြောဝံ့တာပါ။
တကယ့်တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ ၊ ကိုယ့်ဂုဏ်သိက္ခာကိုယ်လေးစားတဲ့ အစိုးရတစ်ရပ်၊ ပါတီတစ်ရပ်မှာဆိုရင် ဗိုလ်အုန်းမြင့် တို့၊ ဗိုလ်လှဆွေတို့ ပြောနေတဲ့စကားတွေဟာ သူတို့ပြောပြီးတာနဲ့နာရီပိုင်းအတွင်းမှာ သူတို့ကို တာဝန်ယူထားတဲ့အစိုးရ၊ ပါတီတွေက သူတို့ ပြောဆိုမှုများအတွက် အနူးအညွတ် ဝန်ချတောင်းပန်ကြောင်း၊ ထိုသို့ ရိုင်းစိုင်းမောက်မာစွာပြောဆိုသူများကို ချက်ချင်းထုတ်ပယ် အရေးယူ လိုက်ပြီဖြစ်ပါကြောင်း မီဒီယာတွေမှာ ပါရှိလာမှာဖြစ်ပါတယ်။ ဒါမျိုးက ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာဖြစ်နိုင်ပါလိမ့်မယ်။
  ကျနော်တို့ မြန်မာပြည်မှာတော့ ဗြောင်းပြန်ဖြစ်ပါတယ်။
 အစိုးရနဲ့သက်ဆိုင်ရာပါတီတို့က အရေးယူဖို့ဝေးစွ၊  ရိုင်းစိုင်းမောက်မာသူများဟာ ဗိုလ်နေမြဲကျားနေမြဲဆိုသလို မောက်မာမြဲ၊ ဗိုလ်ကျမြဲ၊ ဆဲဆိုရမ်းကားမြဲဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို  ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့ပါတီတို့က လက်ပိုက်ကြည့်နေတဲ့အပြင် “ရိုင်းသီဟ”၊ “ရမ်းသူရ” ဘွှဲ့များပင် တိတ်တိတ်ကျိတ်ပြီး ပေးအပ်ဂုဏ်ပြုနေပါလိမ့်မယ်။
ဗိုလ်လှဆွေရိုင်းစိုင်းရမ်းကားသွားတာတွေထဲမှာ ဘာသာရေး၊ လူမျိုးရေး၊ ပါတီအဖွဲ့အစည်းနဲ့ပုဂ္ဂိုလ်တွေကိုပါ ထိပါးပုတ်ခတ်စော် ကားခြိမ်းခြောက်သွားတာတွေ အများကြီးပါရှိပါတယ်။
 သက်ဆိုင်ရာကာယကံရှင်တွေကို မျက်နှာပူလှပေမယ့်၊ ဗိုလ်လှဆွေ ရမ်းကားသွားတာတွေထဲက အချို့ကို ရှေ့မျက်နှာနောက် ထားပြီး ကောက်နုတ်ဖော်ပြပါရစေ။

“ငြိမ်းချမ်းရေး ဆိုပြီး အချုပ်အခြာအာဏာထိပါးလာရင် လိုက်လျောလို့မရဘူး” တဲ့။
မိုးမောက်မှာ “သာသနိကအဆောက်အအုံနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေဖျက်ဆီးတာ KIA” တဲ့။
ခရစ်ယာန်ဘာသာ ကို နှိမ့်ချစော်ကားပြီး “စီပိုး”တဲ့။ “ပြောရရင်စီပိုးခေါ်တာပေါ့ဗျာ၊ ခရစ်ယာန်ချင်း၊ ကချင်စသဖြင့်ပေါ့ဗျာ” တဲ့။
“ပအိုဝ်းကြောင်ကျား” တဲ့။
“ကချင်ပြည်နယ်မှာ ကျောက်စိမ်းနဲ့သစ်ကုန်မှ ငြိမ်းချမ်းရေးရမယ်” တဲ့။
“ဖက်ဒရယ်ဆိုတာ တောင်း နေစရာမလိုဘူး။ ရပြီးနေပြီလေဗျာ” တဲ့။
“ပွင့်လင်းလူ့အဖွဲ့အစည်းလို့ဆိုနေတဲ့ သူတွေတောင်မှ မပွင့်လင်းဘူး၊ သူတို့ကို ဂျော့ဆိုးရောစ် ငွေဘယ်လောက်ပံ့ပိုးထားတယ် ဆိုတာသူတို့မပြောဘူး။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ ဂျော့ဆိုးရောစ်ရဲ့နာမည်ပဲ။ သူတို့ကိုယ်တိုင်လည်းပွင့်လင်းဖို့လိုသေးတယ်လေ” တဲ့။
“NLD မှာလည်း  ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူးဆိုတာလည်း သိ တယ်၊ --- လွှတ်တော်ထဲမှာ နင်လား၊ ငါလား အစိုးရကို အတိုက်အခံလုပ်တာ ကြံ့ခိုင်ရေးက အမတ်တွေပဲ။ ဒီချုပ်လား၊ ဒီရှုပ်လား တော့  မသိဘူး။ လွှတ်တော်ထဲမှာလည်းဘာမှ မပြော” တဲ့။
“တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်လာတဲ့ ဗိုလ်ချုပ်ကြီးအထိ တာဝန်ထမ်းဆောင်လာတဲ့ ဦးတင်ဦးက လုပ်နေတယ်။ ဒီဦးတင်ဦး ပြောခဲ့တဲ့စကားတွေကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာဘာပြောခဲ့တယ်ဆိုတာချည်းပဲပါတယ်။ ဒီ အဘိုး ကြီးက ဒေါ်စုနား ခိုကပ်နေတဲ့အဘိုးကြီးလို့ပဲမြင်မိသွားတယ်” တဲ့။
“ပွင့်ပွင့် လင်းလင်းပြောရရင် ဦးတင်ဦး တို့လို၊ ဦးကိုနီတို့လို လူတွေရှိနေလို့ မြန်မာပြည် ကြီးဟာ ရှေ့ဆက်လို့မရတာဗျ”တဲ့။
“ဒီမိုကရက်တစ် မြန်မာ့ အသံလို့မမြင်ဘူး။ NLDVB လို့ပဲ ကျွန်တော်က တော့ မြင်တယ်” တဲ့။
သုံးခွက်တစ်ခွက်တင် လို့ပဲပြောရမလား၊ ဗိုလ်လှဆွေဟာ မစားရတဲ့အမဲသဲနဲ့ပတ်တယ်ပြောရမလား၊ ထောက်လှမ်းရေးနဲ့ ဗိုလ်ခင်ညွန့်ဘက်ကို  အခုလိုဘောလီဘောပုတ်တာမျိုးလည်းပါဝင်ပါတယ်။ တကယ်တော့ “စီအိုနဲ့ အိုင်အို”၊ “ထောက်လှမ်းရေးနဲ့စစ်တပ်”၊ “စရဖနဲ့စစ်တပ်” ဆိုတာ သံပုရာသီးဟိုဘက်ခြမ်းဒီဘက်ခြမ်းသာဖြစ်ပါတယ်။
ဒါကြောင့် ထောက်လှမ်းရေးတွေကလည်း ဒီလိုပြောလိမ့်မယ်ထင်ပါတယ်။ “တိုင်းရင်းသားဒေသတွေမှာ လူသတ်၊ ရွာမီးရှို့၊ မုဒိန်းကျင့်နေတာ ခြေလျင်ကအကောင်တွေ” ပဲလို့။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကတော့ စစ်တပ်ဆိုရင်ထောက်လှမ်းရေးရော ခြေလျင်ရော ရွံမုန်းနေပါတယ်။ စစ်တပ်ဆိုတာ ပြည်သူ့ချဉ်ဖတ်မှန်း အသက်တွေဘဝတွေရင်းပြီး သိပါတယ်။
  ဒါတွေ ကတော့ ဗိုလ်လှဆွေကြိတ်ခံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေလား မလားမသိပါ။ ထောက်လှမ်းရေးတပ်ကြပ်က ခွေးချည် တဲ့ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီးနဲ့တဲ့။ ဗိုလ်လှဆွေအနေနဲ့ ထောက်လှမ်းရေးတွေ သောင်းကျန်းဗိုလ်ကျခဲ့ပုံတွေကို အခုလိုဖော်ပြပါတယ်။
“ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကိုဖမ်းခဲ့တာ ခြေလျင်စစ်သားတွေ တစ်ယောက်မှ မပါဘူး။ ဖမ်းခဲ့တာထောက်လှမ်းရေးကကောင်တွေပဲ။ လက်ရှိကျွန်တော်တို့ တပ်မတော်ကဘာကြောင့် အပြောအဆိုခံနေရသလဲ။ ဘာ ကြောင့်ဝေဖန်ခံနေရသလဲဆိုရင် ထောက်လှမ်းရေးကြောင့်ပဲ။ ကျွန်တော်တို့ ခြေလျင်စစ်သားတွေ ဘာမှသိရှာတာ မဟုတ်ဘူး။ ခြေလျင် စစ်သားတွေ သေနတ်ကိုင်ပြီး၊ ကာကွယ်နေချိန်မှာ ထောက်လှမ်းရေးက တပ်ကြပ်အဆင့်က ခွေးချည်တဲ့ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီး တွေဆွဲနေကြတယ်။ထောက်လှမ်းရေးကြောင့် ကျွန်တော်တို့ တပ်မတော်သိက္ခာကျရတာ။ ကျွန်တော်တို့ခြေလျင်တပ်သားတွေ ခက်ခက် ခဲခဲနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နေချိန် မှာ ထောက်လှမ်းရေးကကောင်တွေက ခွေးချည်တဲ့ ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီး တွေဆွဲပြီး အညိမ့်စားနေနိုင်တယ်။ ဒီလိုမျိုးနေနိုင်တာကိုလည်း သူ့အထက်က လူကြီးတွေက ပြုံးပြုံးကြီး ကြည့်နေကြတယ်”တဲ့။
အထက်မှာကောက်နှုတ်ဖော်ပြခဲ့တဲ့ ဗိုလ်လှဆွေရဲ့ ရမ်းကားတဲ့စကားတွေကိုကြည့်မယ်ဆိုရင် သာမန်အသိရှိသူဆိုရင် ဒီလို စကားမျိုးပြောထွက်ဝံ့မယ်မထင်ပါဘူး။ ဗိုလ်လှဆွေဟာ စစ်တပ်မှာဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ လက်ရှိမှာလည်း ကြံ့ဖွံ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ ဗိုလ်လှဆွေပြောစကားတွေဟာ သူ့ပုဂ္ဂိုလ်ရေးအမြင်သာမကပဲ။ ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့အညှိုးအာဃာတတွေကို တိုက်ရိုက်ထင်ဟပ်ထားတာလည်းဖြစ်ပါတယ်။
          ထို့အပြင် ဗိုလ်လှဆွေ ပြောစကားတွေဟာ တစ်ချိန်က (နဝတ-နအဖ) စစ်အစိုးရသတင်းစာတွေထဲမှာဖော်ပြခဲ့တဲ့ ဆောင်းပါး အာဘော်တွေနဲ့တစ်ထပ်တည်းနီးပါး တူညီနေပါတယ်။
 ဒါကြောင့် ဗိုလ်လှဆွေပြောနေတာတွေက သူ့အထက်ကနေ “ဒါတွေ ဒီလို ပြောလိုက်စမ်း” ဆိုတဲ့ အမိန့်နဲ့ပြောနေတာလို့မြင် ပါတယ်။ အရေးမယူဘူးဆိုတာကလည်း အထက်က အမိန့်နဲ့ခိုင်းတာမို့လို့ အရေးမယူတာပါ။ အထက်က မခိုင်းဘူးဆိုရင် ဒီလို ရမ်းကား ရိုင်းစိုင်းတဲ့အပြောအဆိုတွေကို ချက်ချင်းအရေးယူရမှာပါ။ အုပ်ချုပ်ရေးဖြစ်တဲ့ အစိုးရဘက်ကလည်းအရေးယူရမှာဖြစ်သလို၊ ဥပဒေပြုရေး ဖြစ်တဲ့ လွှတ်တော်များဘက်ကလည်း အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုတော့ အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးက ဗိုလ်လှဆွေကို အပြန်အလှန်ထိန်းညှိပြီး ပစားပေးထားပုံပေါ်ပါတယ်။ ဒါကြောင့် ဗိုလ်လှဆွေဟာ သခင်အားရပြောနေတာဖြစ်ပါလိမ့်မယ်။
အကယ်၍ ဒီလိုစကားမျိုးကိုအတိုက်အခံပါတီတစ်ခုခုကဝန်ကြီးတစ်ဦး သို့မဟုတ် လွှတ်တော်အမတ်တစ်ဦးကသာပြောမယ် ဆိုရင် ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရဟာ အချိန်မဆိုင်းဘဲ၊ အဲဒီလိုပြောတဲ့သူကို ချက်ချင်းအရေးယူလိမ့်မယ်ဆိုတာ သိပ်သေချာပါတယ်။
အခုတော့ ခရစ်ယာန်ဘာသာကို “စီပိုး”၊ အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖက် ပအိုဝ်းတိုင်းရင်းသားအဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးကို “ပအိုဝ်းကြောင်ကျား”၊ ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းတစ်ရပ်ကို “မီးကြိုးမောင်းပျက် CNF”၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား “ဒီချုပ်လား - ဒီရှုပ်လား” စသဖြင့် ရိုင်းစိုင်းစော်ကားသွားတာတွေကို ကြံ့ဖွံ့အစိုးရနဲ့ကြံ့ဖွံ့လွှတ်တော်က လက်ပိုက်ကြည့်နေတာဟာ မဆန်းပေမယ့်။ ကျန်တဲ့အတိုက်အခံပါတီတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သည်းခံနေလို့ မဖြစ်နိုင်ပါ ဘူး။ ငြိမ်ခံနေကြမယ်ဆိုရင်တော့ ဗိုလ်လှဆွေပြောနေတာတွေက မှန်သလိုလိုဖြစ်ပြီး ပြည်သူ တွေ ယုန်ထင်ကြောင် ထင်ဖြစ်ကုန်ပါ လိမ့်မယ်။ ဒါကြောင့် သက်ဆိုင်သူတွေက ရဲရဲဝံ့ဝံ့၊ ထိထိမိမိတုန့်ပြန်ကြဖို့လိုပါတယ်။