တူမောင်ညို - ၈၈ အရေးတော်ပုံ စိတ်ဓာတ်

၈၈ အရေးတော်ပုံစိတ်ဓာတ်
တူမောင်ညို
မတ်လ (၃) ၊ ၂၀၁၄



၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ဆက်ဆံရေးရုံးခွဲများတွေ့ဆုံဆွေးနွေးပွဲ (၂၈-၂-၂၀၁၄/ ၁-၃-၂၀၁၄) ၏ ထုတ်ပြန်ချက်၊ အပိုဒ် ၅ ၌ “စိမ်ခေါ်မှုမှန်သမျှကို (၈၈) စိတ်ဓါတ်ဖြင့်ရင်ဆိုင်ကျော်လွှားသွားမည်” ဟုဖော်ပြထားပါတယ်။ 

(၈၈) စိတ်ဓါတ်နဲ့နှင့် “၈၈ အရေးတော်ပုံစိတ်ဓါတ်” ဆိုသည်မှာ ဘာလဲ။ အတူတူပဲလား/ကွဲပြားခြားနားသလော။ 

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က “(၈၈)စိတ်ဓါတ်” အား မည်သို့အဓိပ္ပါယ်ဖွင့်ဆိုသလဲ မသိပါ။ သေချာ တာတော့ “ပုဒ်မ၁၈” ကန့်ကွက်ရေးအတွက်အာဏာပိုင်များထံခွင့်ပြုချက်တင်ပြတောင်းခံပြီး၊ ခွင့်ပြုချက်ရမှခွင့်ပြုတဲ့နေ့၊ သတ်မှတ်ပေး သည့်နေရာ၌ စည်းကမ်းသေဝပ်စွာဖြင့် “ဆန္ဒဖော်ထုတ်”ကြတယ်ဆိုတဲ့ စိတ်ဓါတ်မျိုးသည် “၈၈အရေးတော်ပုံစိတ်ဓါတ်” နှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိသည်ကို ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှပုဂ္ဂိုလ်ကြီးများပွင့်ပွင့်လင်းလင်းသဘောပေါက်နားလည် ကြလိမ့်မည်ဟု ကျနော်ယုံကြည်မျှော်လင့်မိပါတယ်။

“၈၈ အရေးတော်ပုံစိတ်ဓာတ်” ဆိုတာ ဘာလဲ။ 

ယေဘုယျအားဖြင့် “ဖိနှိပ်မှုကိုဆန့်ကျင်တွန်းလှန်တဲ့ ဘာမထီစိတ်ဓာတ်၊ အရေးတော်ပုံစိတ်ဓါတ်”လို့ ဖြေရင် အားလုံးက ဘဝင် ကျနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။တနည်းအားဖြင့် ၂၆ နှစ်ဖိနှိပ်အုပ်စိုးခဲ့သော(မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို ပြည်သူများက “လမ်းမပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြ”တဲ့ စိတ်ဓါတ်လို့ပြောမယ်ဆိုရင် ဘယ်သူကမျှဆန့်ကျင်ကွက်နေကြမယ်မထင်ပါဘူး။ 

“၈၈အရေးတော်ပုံစိတ်ဓါတ်”အညွန့်ချိုးပစ်နိုင်ဖို့အာဏာသိမ်းစစ်အုပ်စုက“ငြိမ်ဝပ်ပိပြားရေး”ဆိုတဲ့အမည်နဲ့လူထု အရေးတော်ပုံ ကို ချေမှုန်းစစ်ဆင်ခဲ့ပါတယ်။ အဲဒီလို ငြိမ်ဝပ်ပိပြားသွားအောင် အကြမ်းဖက်ဖိနှိပ်ပေမယ့် ငြိမ်၊ဝပ်၊ပိ၊ပြား မသွားတဲ့ စိတ်ဓါတ်မျိုးသာလျှင် “၈၈ အရေးတော်ပုံစိတ်ဓါတ်” အစစ်အမှန်ဖြစ်ပါတယ်။ ထင်လွယ် မြင်လွယ်အောင် ဥပမာပြုရလျှင် တစ်ခါကဒီချုပ် ကြွေးကြော်ခဲ့ဖူးသည့် “မတရားတဲ့အမိန့်အာဏာမှန်သမျှတာဝန်အရဖီဆန်ကြ” ဆိုသည့် စိတ်ဓါတ်မျိုးနှင့်နီးစပ်ပါတယ်။ “၈၈ အရေးတော်ပုံသည် မပြီးဆုံးသေး” ဟူသည့် အချက်ကို လူတိုင်းနားလည်သဘောပေါက်ထားကြပါတယ်။

ယနေ့မြန်မာနိုင်ငံတွင် မတရားတကာ့ မတရားဆုံးသောအမိန့်ဥပဒေများအနက် မတရားအခေါင်အချုပ်ဥပဒေမှာ “၂၀၀၈ အခြေခံဥပဒေ” ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ကိုဘယ်လိုစိတ်ဓါတ်နဲ့ပြင်ဆင်ကြမလဲ။ 

“၈၈ အရေးတော်ပုံစိတ်ဓါတ်” လား။ အာဏာပိုင်များထံ ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်ပေးမှ ဆန္ဒဖော်ထုတ်တဲ့ စိတ်ဓါတ် မျိုးလား။ ရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားရှိဖို့လိုပါတယ်။

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ အဆိုပါကြေညာချက် အပိုဒ် ၄ တွင် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ အားပြင်ဆင်နိုင်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်သွားမည်”ဟုဖော်ပြထားပါတယ်။ နိုင်ငံရေး ပါတီမဟုတ်သော၊ လွှတ်တော်တွင်းကိုယ်စားလှယ်အမတ်မရှိသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)သည် မည်သို့ သောနည်းလမ်းဖြင့် အင်တိုက်အားတိုက်ပါဝင်ပြင်ဆင်မည်လဲ။ လွှတ်တော်တွင်းနည်းလမ်းတွင် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)သည် ပါဝင်ဆောင်ရွက်၍မရနိုင်သဖြင့်၊ လွှတ်တော်ပြင်ပနည်းလမ်းဖြင့် ပါဝင်ရမည့် သဘောရှိပါတယ်။ 

ဤသို့ဆိုလျှင် ၈၈ အရေးတော်ပုံနည်းလမ်းလား သို့မဟုတ်  အာဏာပိုင်များထံ ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်ပေးမှ ဆန္ဒဖော် ထုတ်တဲ့နည်းလမ်းမျိုးလား။ ရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားရှိဖို့လိုပါတယ်။ 

အခန်း ၁၂ ပုဒ်မ ၄၃၆ အား မည်သို့ပြင်ဆင်မည်နည်း။

ပုဒ်မ ၄၃၆ (က) တွင်ဖော်ပြထားသည့် ပုဒ်မ ၉၅ ခုရှိပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန် လက်ခံသဘောတူပြီးနောက် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်” ဆိုသည့်အချက်ကိုသာ “ကွက်” ၍  ပြင်ဆင်မည်လော။ သို့တည်းမဟုတ် ပုဒ်မ ၄၃၆ (က) သတ်မှတ်ရေးသားဖော်ပြထားသည့် ပုဒ်မပေါင်း ၉၅ ခုအားပြင်ဆင်မည်လော။ 

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ အဆိုပါကြေညာချက် အပိုဒ် ၁ တွင် “၁၉၈၈ဒီမိုကရေစီအရေးတော်ပုံ ကြီး၏မျိုးဆက်နိုင်ငံရေးအင်အားစုတစ်ခုဖြစ်သည်” ဟုဖော်ပြထားပါတယ်။ အဖြစ်မှန်အခြေအနေမှန်နှင့်ကိုက်ညီစေရန်အတွက် ဤသို့ပြင် ဆင်ရေးသားဖော်ပြပါရန် အကြံပြုပါတယ်။ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး၏ မျိုးဆက်နိုင်ငံရေးအင်အားစုများ အနက် တစ်ခု ဖြစ် သည်” ဟူ၍ပြင်ဆင်စေလိုပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင်ပါဝင်ခဲ့ကြသော မျိုးဆက်နိုင်ငံရေးအင်အားစုများအားလုံးသည် ၈၈မျိုးဆက်(ငြိမ်းချမ်း ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၌ ပါဝင်နေခြင်းမရှိသလို၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ကလည်း ၁၉၈၈ အရေး တော်ပုံကြီးတွင်ပါဝင်ခဲ့ကြသည့် မျိုးဆက်များအားလုံးကို ကိုယ်စားပြုခြင်းမရှိဟု ယူဆ၍ ပွင့်ပွင့်လင်းလင်း အကြံပြုရခြင်းဖြစ်ပါတယ်။
 ၈၈အရေးတော်ပုံတပ်သားများသည် “၈၈အရေးတော်ပုံ စိတ်ဓါတ်” ကို အခိုင်အမာကိုင်စွဲကြရလိမ့်မယ်။ 

ညွန်း
၁။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ဆက်ဆံရေးရုံးခွဲများတွေ့ဆုံဆွေးနွေးပွဲ (၂၈-၂-၂၀၁၄/ ၁-၃-၂၀၁၄) ၏ ထုတ် ပြန်ချက်
၂။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ