ဇော်အောင် (မုံရွာ) - နှစ်ဆခွဲခန့် များပြားလာသော ၂၀၁၄ စင်ကာပူ မြန်မာများအကြောင်း


နှစ်ဆခွဲခန့် များပြားလာသော ၂၀၁၄ စင်ကာပူ မြန်မာများအကြောင်း
ဇော်အောင် (မုံရွာ)
ဧပြီ ၁၊ ၂၀၁၄

အမေရိကားရောက် စင်ကာပူပီအာ (Permanence Residence of Singapore) တစ်ဦးကို အမေရိကန်အမျိုးသမီးကြီးတစ်ဦးက ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံကလဲ မေးတော့ မြန်မာလူမျိုး၊ စင်ကာပူနိုင်ငံမှာနေတယ်လို့ ဖြေလိုက်ပါတယ်။ I am a Burmese, living in Singapore. အဲဒီအမျိုးသမီးက Burmese ဆိုတာမကြားဖူးပေမဲ့ စင်ကာပူကိုတော့ ကြားဖူးပါတယ်။ သူက အော်ဟုတ်လား။ ဘားမား ဆိုတာ စင်ကာပူနိုင်ငံထဲက ပြည်နယ်တစ်ခုလား ..လို့ ရိုးရိုးလေးပြောလိုက်ပေမဲ့ တော်တော် မခံချိမခံသာ ဖြစ်ရပါတယ်။ မြေပုံထုတ်ပြီး စင်ကာပူဆိုတာ သေးသေးလေး၊ မြန်မာဆိုတာ အကြီးကြီး၊ လူဦးရေလည်း ၁၅ဆလောက် များတယ်လို့ ပြောရတယ်။ စိတ်ပျက်စရာပါပဲ။

စင်ကာပူ ၂၀၀၇ခုနှစ် သံဃာသပိတ်မှောက်စဉ်က မြန်မာများ စုစုပေါင်း တစ်သိန်းလောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။ အလျှား မိုင်၆၀၊ အနံ မိုင်၃၀ ကျွန်းနိုင်ငံလေးမှာ လူဦးရေ၆သန်းလောက် နေထိုင်ပါတယ်။ နိုင်ငံသားများက ၄သန်းလောက်ရှိပြီး၊ နိုင်ငံခြားသားက ၂သန်းကျော် အလုပ်လုပ်ကိုင်လျှက်ရှိပါတယ်။

စင်ကာပူမှာ လူမျိုး ၄ခုကို အခြေခံထားပါတယ်။ တရုပ် ၇၀%၊ မလေး ၁၅%၊ အိန္နိယ ၁၀% နဲ့ အခြားလူမျိုးတွေ ၅% လောက်ရှိပါမယ်။ ၂၀၀၈ အချိန်က မြန်မာလူဦးရေ တစ်သိန်းဆိုတာ ၆၀ပုံတစ်ပုံ ၀.၂% လောက် မဖြစ်စလောက်ဆိုပေမဲ့၊ အခု ၂၀၁၄ မှာ မြန်မာလူဦးရေ ၂သိန်းခွဲခန့် စင်ကာပူလူဝင်မှုကြီးကြပ်ရေးမှအချက်အလက်ကို ST သတင်းစာကြီးက ရေးသားထားပါတယ်။ မြန်မာလူဦးရေ ကြောက်ခမန်းလိလိ တိုးတက်လာပါတယ်။




● အများဆုံး တိုးတက်များပြားလာမှုတွေက
၁။ အိမ်အကူ (အိမ်ဖော်များ) စုစုပေါင်း ၄သောင်းခန့်
၂။ အလုပ်သမားများ သဘောင်္ကျင်း၊ ဆောက်လုပ်ရေး၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ ..စတဲ့နေရာများမှာ ၈သောင်းခန့်
၃။ ပညာတတ်လူတန်းစားခေါ်တဲ့ S-pass, PR, Citizen များက ၅သောင်းလောက်ရှိပါမယ်။
၎။ မြန်မာများရဲကလေးများ ကျောင်းသားကျောင်းသူ၊ မြန်မာနိုင်ငံမှာ စီးပွား၊ ကျောင်းနေ လာသူများလည်း တော်တော်များပါတယ်။

ဒါကြောင့် ယခင် ၅နှစ်က စင်ကာပူရထားဘူတာရုံပေါင်း ၃၀လောက် ရှိတာ၊ အခု ရထားလမ်းလည်း ၂ဆပိုရှည်အောင် မြေအောက်ရထားလမ်း ကီလိုမီတာ ၂၀၀လောက် တိုးချဲ့ထားပါတယ်။ အဲဒီ ရထားဘူတာပေါင်း ၆၀လောက်ထိ ၂ဆ တိုးတက်လာပါတယ်။ မြန်မာများ ရထားဘူတာရုံတိုင်းမှာ အသံကျယ်ကျယ်စကားပြောသံ ကြားနေရပါပြီ။ သာမန်အားဖြင့်တော့ ရထားစီး ခရီးသည်များဟာ ခေတ်ပေါ် စမတ်ဖုန်းလို့ခေါ်တဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ ဆမ်ဆောင်း များကို သုံးပြီး ငြိမ်နေကြပါတယ်။ အင်တာနက်ကို တယ်လီဖုန်းတိုင်းမှာ ရရှိတဲ့အတွက် ရုပ်ရှင်ကြည့်၊ အီးမေးကြည့်၊ ဖေ့စ်ဘုတ် ပွတ်သတ်နေသူများစွာ ရှိပါတယ်။ ၂၀၁၄ လူများရဲ့ မရှိမဖြစ်လိုအပ်ချက်မှာ စား၊ ဝတ်၊ နေရေး ၃ချက်မကတော့ပဲ၊ ဖုန်း ကိုထည့်သွင်းရတော့မယ်ဖြစ်ပါတယ်။ ဖုန်းစရိတ်ကလည်း တစ်လစားစရိတ်လောက် ရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် တယ်လီဖုန်းလုပ်ငန်းဟာ အလွန်အမြတ်အစွန်းရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အောက်ကပုံမှာ ရထား MRT ပေါ်မှာ စီနင်းရင်း တယ်လီဖုန်းလေးတွေကိုယ်စီနဲ့ ငြိမ်နေတဲ့ စင်ကာပူ ၂၀၁၄ သဘာဝ ဓါတ်ပုံဖြစ်ပါတယ်။

● အိမ်အကူလုပ်ငန်း (အိမ်ဖေါ်) Domestic Worker
အိမ်ဖေါ်လုပ်ငန်းကို ဘယ်မှာလုပ်သလဲမေးရင် အိမ်မှာလုပ်တယ်လို့ ဖြေကြတယ်။ အများအားဖြင့် အိမ်မှုကိစ္စ၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုထိန်း လုပ်ငန်းများဖြစ်ပေမဲ့၊ သူဌေးများက ကားဆေး၊ ခွေးရေချိုး၊ ခွေးစာကြွေး၊ ဆိုင်ထိုင်၊ စာရင်းဇယားကူညီလုပ်ခြင်း စတဲ့အလုပ်များကို လုပ်ရပါတယ်။ လစာကတော့ အိမ်ရှင်ပေါ်နဲ့ မိမိရဲ့ အရည်အချင်းပေါ်မူတည်ပြီး ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၁၅၀၀ အထိ ရရှိပါတယ်။ အများအားဖြင့်တော့ အင်္ဂလိပ်စကား ကြွမ်းကျင်စကားပြောနိုင်တဲ့ သူဆိုရင် ဒေါ်လာ ၆၀၀လောက် လစာရရှိပြီး၊ တပတ် တစ်ရက် နားရက်ရပါတယ်။ အခန်းတစ်ခု ပေးရပါတယ်။ အိမ်ရှင်ယောင်္ကျားများက ပိုက်ဆံနဲ့မက်လုံးပေးပြီး မဟုတ်တာလုပ်ခြင်းမခံရအောင် အိမ်ဖေါ်များ၊ အိမ်ရှင်ယောင်္ကျားကို နှိပ်နယ်မပေးရလို့ စင်ကာပူအစိုးရက တိုက်တွန်းထားပါတယ်။

စင်ကာပူမှာ အိမ်ဖေါ်ပေါင်း ၈သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အိမ်ထောင်စု ၇၀%လောက်က အိမ်ဖေါ်ငှားကြပါတယ်။ အစိုးရက အိမ်ဖေါ်ခေါ်သူကို တစ်လ ဒေါ်လာ၃၀၀လောက် Levy အခွန်တောင်းပေမဲ့၊ အိမ်ဖေါ်အလုပ်ကတော့ ကောင်းနေဆဲဖြစ်ပါတယ်။ တချို့ မြန်မာ လည်ဝယ်သူများက အိမ်ဖေါ်ပါမစ်ကို တစ်နှစ်ကို ဒေါ်လာ ၃၀၀၀လောက်နဲ့ ရောင်းစားကြသူတွေလည်း ရှိပါတယ်။ အိမ်ဖော်ပါမစ်ကို ဝယ်ထားပြီး အချိန်ပိုင်း အိမ်သန့်ရှင်းရေးများ တစ်နာရီ ၇ ဒေါ်လာနဲ့ လုပ်ကြတယ်။ အဲဒီလို အိမ်ဖေါ်ပါမစ်ကို ဝယ်ခွင့်မရှိပေမဲ့ လုပ်စားနေသူအချို့ ရှိနေပါတယ်။

အများအားဖြင့် အိမ်ဖေါ်ဈေးကွက်မှာ ဖိလစ်ပိုင်များက အင်္ဂလိပ်ပြောနိုင်လို့ အများဆုံးနေရာယူထားပါတယ်။ ၅၀% ဈေးကွက်ယူထားပါတယ်။ ဖိလစ်ပိုင် အိမ်ဖေါ်က လစာလည်း ကောင်းပါတယ်။ ဒေါ်လာ ၅၀၀လောက်တော့ ရကြပါတယ်။ သူတို့က ခရစ်ယာန်နိုင်ငံဖြစ်လို့ ပိုပြီးဆိုရှယ်လုပ်နိုင်ပါတယ်။ ပေါင်းသင်းပြောဆိုတတ်ပါတယ်။  အင်ဒိုနီးရှားက ဒုတိယအများဆုံး အိမ်ဖေါ်များ ဖြစ်ပါတယ်။ မြန်မာ၊ သီရိလင်္ကာများကတော့ တတိယအဆင့်ပါပဲ။ ထိုင်း၊ မလေး၊ ဗီယက်နမ်များက အိမ်ဖေါ်အလုပ် မလုပ်ပါဘူး။ သူတို့နိုင်ငံတွင်းမှာ အမျိုးသမီးများအတွက် အိမ်ဖေါ်လုပ်တဲ့လစာကို ပြည်တွင်းမှာ ရနိုင်လို့ပါ။ ရတဲ့လစာနဲ့ စားဝတ်နေရေး အဆင်ပြေတော့ မိန်းကလေးများ မပျက်စီးပါဘူး။

စကားပုံအရ မိန်းကလေးများသည် ဆင်းရဲဒဏ်မခံနိုင်၊ ဆင်းရဲလွန်းလျှင် မိန်းမများ ပျက်စီးတတ်သည်။ ငွေချမ်းသာလွန်းပါက ယောင်္ကျားများ ပျက်စီးသည် ... ဆိုတဲ့ စကားပုံအတိုင်း၊ စင်ကာပူရောက် အိမ်ဖေါ်များဟာ စင်ကာပူမှာ အနိုမ့်ဆုံးအဆင့် လူတန်းစားဖြစ်လို့ တော်တော် ပျက်စီးပါတယ်။ တနင်္ဂနွေနေ့ဆို စင်ကာပူမြို့လည်ခေါင်မှာ  အိမ်ဖေါ်မနဲ့Work Permit အလုပ်သမားများစွာကို အကြည်ဆိုက်နေတာ တွေ့ရပါတယ်။ တချို့ ဝင်ငွေမကောင်းတဲ့ စင်ကာပူလူမျိုး သက်ကြီးလူများလည်း အိမ်ဖေါ်များကို တနင်္ဂနွေဇနီးသည်အဖြစ် လက်မထပ်ပဲပေါင်းသင်းနေထိုင်သလို၊ ဝင်ငွေကောင်းတဲ့ နိုင်ငံခြားအလုပ်လာလုပ်သူများလည်း ပေါ့ချောင်ကောင်းဆိုပြီး အိမ်ဖေါ်မများကို တနင်္ဂနွေရီးစားဖြစ်နေကြပါတယ်။ ခေတ်စနစ်၊ နိုင်ငံကလည်း ဒါမျိုးတွေကို ခွင့်ပြုတော့ မိန်းမများပျက်စီးတဲ့ အိမ်ဖေါ်လုပ်ငန်းဖြစ်ပါတယ်။

အခု မြန်မာအိမ်ဖေါ်ပေါင်း ၄သောင်းခန့် မှာ အများစုကတော့ အိမ်ရှင်၊ အိမ်ဖေါ် အဆင်ပြေကြပါတယ်။ ဦးအေးငြိမ်း မြန်မာဘာသာပြန်ထားတဲ့ အိမ်ဖေါ်ဥပဒေကို ဖတ်ကြည့်နိုင်ပါတယ်။

http://myanmarinsingapore.com/profiles/blogs/foreign-domestic-workers

အိမ်ဖေါ်များ အိမ်ရှင်မတရားလုပ်ခြင်းကို မြန်မာ၊ အင်ဒိုနီးရှား အမျိုးသမီးများ ခံစားရပါတယ်။ အင်္ဂလိပ်စကားနာမလည်၊ ခေတ်ပေါ် ရေခဲသေတ္တာ၊ အဝတ်လျော်စက်၊ အဲကွန်း၊ မီးပူ၊ မီးဖိုမြန်မာအိမ်ဖေါ်ပေါင်း ၄သောင်းခန့်တွင် ၁၀% အဆင်မပြေဖြစ်နေတောင်၊ မြန်မာအမျိုးသမီး ၄၀၀၀ ခန့် အိမ်ရှင်-အိမ်ဖေါ် ပြသနာဖြစ်နေပါတယ်။ တစ်ချို့ အိမ်ရှင်ဆိုးဆိုးနဲ့ နေထိုင်ရသူများ၊ နှိပ်စက်ခံရသူများ ရှိပေမဲ့ မဖြစ်စလောက် လူနည်းစုပါ။




အဆိုးဆုံးကတော့ လူပွဲစားလို့ခေါ်ရမဲ့ အေးဂျင်စီတွေပဲ ဖြစ်ပါတယ်။ ဥပမာ မြန်မာအမျိုးသမီးတစ်ဦး တစ်လ ဒေါ်လာ ၃၅၀နဲ့ လုပ်မယ်ဆိုရင်၊ အေးဂျင့်ဖိုး ၆လစာ တောင်းပါတယ်။ အေးဂျင့်ဖိုး ပိုက်ဆံမရှိလို့ အိမ်ဖေါ်လာလုပ်သူကို ၆လလုံးလုံး ပိုက်ဆံမပေးပဲ အေးဂျင့်စီ ကြေးငွေ ပြန်ဆပ်နေရပါတယ်။ အများစုသော အိမ်ဖေါ်များရဲ့ ပြသနာများဟာ အဲဒီ ရောက်ခါစ ၃လအတွင်းဖြစ်ပါတယ်။ အပြင်ထွက်ခွင့်၊ဖုန်းပြောခွင့် မပေးကြတာများတယ်။ အိမ်ဖေါ်က ထွက်ပြေးရင် အိမ်ရှင်က အာမခံတင်ထားတဲ့ ဒေါ်လာ၅ထောင် ရှုံးမှာကြောက်လို့ အိမ်ရှင်များက အိမ်ဖေါ်များကို ရောက်ခါမယုံတော့ အပြင်မထွက်ခိုင်းပါဘူး။ တစ်ချို့အိမ်ဖေါ်များ မိမိကိုယ် အဆုံးစီရင်မှုတွေ တွေ့ရပါတယ်။ အဲဒီ ရောက်ခါစ ၃လလောက် အခက်ခဲတွေ ကျော်လွန်သွားပြီးရင်တော့ အိမ်ဖေါ်များနဲ့ အိမ်ရှင်တို့ ပျော်စရာဖြစ်သွားပါပြီ။

တနင်္ဂနွေနေ့ဆို အိမ်ဖေါ်များ နားရက်ရလို့ လျှောက်လည်ကြပါတယ်။ မြန်မာအိမ်ဖေါ်အများစုကတော့ ထုံးစံအတိုင်း ပင်နီစူလာပလာစာမှာ ဆုံကြပါတယ်။ အရင် ၅နှစ်က မြန်မာများ ပင်နီစူလာ ရှော့ပင်စင်တာအတွင်း၊ အပြင်နားမှာပဲ နေကြပေမဲ့ အခု ၂ဆခွဲလောက် လူဦးရေများလာတော့ ဘေးနားက ရှော့ပင်စင်တာများ၊ ရထားဘူတာရုံ၊ စိန့်အင်ဒရူးဘုရားကျောင်းဝင်း မျက်ခင်းပြင်၊ စီးတီးဟော ခရစ်ကတ်ကွင်းပြင်ကနေ နောက်ဆုံး မာရီလင်ရေပန်းထွက်တဲ့ ပင်လယ်ကမ်းစပ် ပန်းခြံအထိ မြန်မာများစွာ ပျော်ပွဲစားထွက်၊ စကားပြော၊ အနားယူနေကြတာ တွေ့ရပါတယ်။

စည်းကမ်းနဲ့ပတ်သက်ပြီး ယခင်က မြန်မာများ ကွမ်းထွေး၊ ဆေးလိပ်တိုလွှင့်ပစ်၊ အရက်ဘီယာခွက်များ၊ အချိုရည်ခွက်၊ပုလင်း၊ အမှိုက်အကြွင်းကျန်များစွာ ပစ်ထားလို့ စည်းကမ်းမဲ့တဲ့ မြန်မာများလို့ နာမည်ကျော်ခဲ့ပါတယ်။ အခုအစိုးရအသစ်တက်ပြီး ၃နှစ်ကြာတဲ့အချိန်မှာ မြန်မာများ အလွန်စီးကမ်းရှိလာပါတယ်။ အမှိုက်မပစ်ပဲ၊ စိန့်အင်ဒရူးဘုရားကျောင်းမှာလည်း သန့်ရှင်းစွာ နေထိုင်၊ စခန်းချ၊ စားသောက်ကြပါတယ်။




စင်ကာပူရဲ့ အံ့မခန်းတိုးတက်ပုံကလည်း ၂၀၁၄မှာ ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဆင့်ကို ရောက်သွားပါပြီ။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI မှာလည်း ဒေါ်လာ ဘီလျှံပေါင်း ကဋေများစွာနဲ့ ကမ္ဘာအဆင့် ၁၅လောက်မှာ ရှိနေပါတယ်။ အရှေ့တောင်အာရှကို ရင်းနှီးမြှတ်နှံလိုသူ နိုင်ငံခြားသားများက စင်ကာပူဘဏ်တွေမှာ ယုံကြည်စွာ ငွေလာထည့်ထားခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀က တောခေါင်ခေါင် ဘတ်စကားတောင် မရှိတဲ့ Woodlands လို ကန်ပေါင်း (တောရွာ)များက အခုဆို ရှော့ပင်စင်တာကြီးများ၊ ရထားဘူတာ၊ အိမ်ယာစီမံကိန်းများနဲ့ လူပေါင်း သိန်းသန်းချီ နေထိုင်ကြပါပြီ။ ရှော့ပင်စင်တာကြီးများက အစားအသောက်တွေလည်း အမေရိကန်နိုင်ငံထက်ပင် ဈေးကြီးနေပြီဖြစ်ပါတယ်။ အလွန်တိုးတက်နေတဲ့ နောက်ဆုံးပေါ်ပစ္စည်းများစွာကို စင်ကာပူမှာ တွေ့နိုင်ပါပြီ။ နယူးယောက်၊ မက္ကဆီကို၊ ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်၊ စတဲ့ စားသောက်ဆိုင်များ၊ ဟိုတယ်၊ ဈေးဆိုင်များလည်း တရုပ်ကုလား ဆိုင်များလို များစွာ၊ စုံလင်စွာ ရှိနေကြပြီး၊ ကမ္ဘာနိုင်ငံအားလုံးနီးပါးက သင်္ဘောလိုင်းများ၊ ရေနံတင်သင်္ဘောများ၊ လေယဉ်ပျံခရီးစဉ်များစွာနဲ့ အရှေ့တောင်အာရှရဲ့ ဗဟိုဖြစ်နေပါတယ်။ ဟောင်ကောင်မြို့ဟာ  အလွန်အံ့မခန်းတိုးတက်လာတဲ့ တရုပ်ကိုမှီပြီး ဟောင်ကောင်အရမ်းတိုးတက်လာပါတယ်။ အရင်က ဟောင်ကောင်ထက် သာသွားမယ် မှန်းပေမဲ့ အနှစ်၂၀ကြာလဲ ဟောင်ကောင်ကို မမှီနိုင်သေးပါဘူး။ ဟောင်ကောင်က ငွေချမ်းသာရုံမက၊ နိုင်ငံရေး၊ စာပေ၊ ရုပ်ရှင်၊ သိပ္ပံပညာများမှာ စင်ကာပူထက် သာလွန်နေဆဲဖြစ်ပါတယ်။

● နိဂုံးသုံးသပ်ချက်
ဘာကြောင့် မြန်မာနိုင်ငံ အစိုးရအသစ် တက်လာပြီး စင်ကာပူကို လူတွေ တစ်ဖွဲဖွဲထွက်လာမှု ပိုမိုများပြားလာတာ မျက်ဝါးထင်ထင် တွေ့ရပါတယ်။ မြန်မာဆိုရင် ဘိန်းဘုရင်၊ စစ်အာဏာရှင်ဟောင်း၊ လက်ရှိအာဏာရဝန်ကြီးသားသမီးများ၊ စီးပွးရေး၊ ခရီနီများရဲ့ သားသမီးများစွာ ကျောင်းတက်၊ ဆေးကု၊ ကွန်ဒို၊ အိမ်ယာများ ဝယ်ပြီနေထိုင်ကြပါတယ်။ ဆင်းရဲသား သားသမီးများလည်း အိမ်ဖေါ်၊ အလုပ်သမား WP ဘဝနဲ့ စင်ကာပူမှာလာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ အဲ.. ပညာတတ်ဆိုတဲ့ ဘွဲ့ရ၊ ဒီပလိုမာ လူငယ်များစွာလည်း S-pass, EP, PR, Citizen, Dependent, Business pass တွေနဲ့အလုပ်လုပ်ကိုင်ကြပါတယ်။

ဒီတော့ လူဆိုး၊သူခိုးများကအစ လူကောင်း၊လူတော်များ၊ ဆင်းရဲမွဲတေသူများအဆုံး မြန်မာများစွာ စုပြုံ၊ ပြွတ်ကျပ်နေထိုင်တဲ့ စင်ကာပူ ၂၀၁၄ အခြေအနေ၊ တခန်းရပ်ဖြစ်ပါတယ်။

ရွင်လန်းချမ်းမြေ့ပါစေ။