အိဇ္ဇိုင်း ဘားမားများ
မောင်အောင်ထက်
မတ်လ ၂၄၊ ၂၀၁၄
အာရုဏ်ကျဉ်း ထွန်းအလင်းနဲ့အတူ လက်နဲ့ ကုသိုလ် မပြတ်လိုကြ ...။ ကိုယ့်ရေ ကိုယ့်မြေမဟုတ် တာမှာတောင် မြေခံ ရေခံ ဓလေ့ခံတွေ တူညီတဲ့အရပ်မှာ ကိုးကွယ်ရာ ဆည်းကပ်ရာတွေနဲ့မှ ပျော်မွေ့တဲ့ လူမျိုး..။
ထို့အတူ ရောက်လေရာအရပ်မှာ တို့ အိတ်ခ်ျဇိုင်း ဘားမားများ ကိုးကွယ်ရာ ယုံကြည်မှုတွေနဲ့အတူ ဒီဘ၀မျိုး ဒီမျှသာလို့များ ဆုတွေတောင်းကြနေလေရော့သလား ...။ ဒါမှမဟုတ် နိဗ္ဗာန်ကို ပဲ မျှော်ရည်နေကြလေ သလား ...။
လုပ်ခလစာကောင်းကောင်းရသူတွေလို့ ဆိုနိုင်သူတွေကို လက်ချိုးရေတွက်လို့ရတဲ့ သူတပါးတိုင်းပြည် ဒီအရပ်မှာ တနေ့ လေး ငါး ခြောက်ဆယ် တစ်ရာ၊ တစ်ရာကျော် (ဗမာငွေဖြင့် သုံးလေး ငါးထောင်ခန့်) နဲ့ ပျော်မွေ့နေရတဲ့ ဘ၀တွေက ဒု နဲ့ ဒေး။
တ၀မ်း တခါးလှဖို့အရေး လယ်ချိန်တန် လယ်၊ ကိုင်းချိန်တန် ကိုင်း သူ့တပါးနိုင်ငံ သူတပါးအရပ်မှာ သူ့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေမှာမှ အိတ်ခ်ျဇိုင်း ဘားမား တို့ပြည်သားတွေက အများသား ..။
သူတပါးမြေအပေါ် အနှိမ်ခံရမှန်းလည်းသိတယ်။ အညစ်ခံရမှန်းလည်းသိတယ်။ သို့ပေမယ့် ကိုယ့် တိုင်းပြည် က အရေးမလှလေတော့ ကိုယ့်ဒုက္ခ ကိုယ်သာသိကြသူတွေများသမို့ ဒေါနလို တောင် စွယ် တောင်တန်းကြီးကို ငေး ... အိမ်အပြန်ဖို့အရေးက ...လွမ်းစရာတော့ ကောင်းသား။
အထင်တွေကြီးကြပါလေတဲ့ နိုင်ငံခြားဆိုသောအရပ်မှာမှ အနဲနဲ့အများက တရားမ၀င်တဲ့ဘ၀၊ အနိမ့်ဆုံး လုပ်ခလစာနဲ့ အလုပ်သမားဖြစ်ရတဲ့ဘ၀။ အမျိုးမျိုးအစုံစုံကို ကြောက်နေရတဲ့ ဘ၀။
ဘယ်လိုပဲ ဖြစ်နေနေ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ ...။ တနေ့တာ လုပ်ငန်းခွင်ပြီးဆုံးလို့ အိမ်ပြန်ချိန်ရောက်ကြပြီ။
တနေ့လုံးပမ်းသမျှ ဘ၀အမောတွေကို မိသားစုနဲ့အတူ ဖြေသိမ့်ဖို့ အိမ်ကို ပြန်ကြပြီ ...။ အချိန်မလင့်ခင် အိမ်ပြန်လို့ မိသားစုနဲ့အတူ နွေးထွေးတဲ့ ဘ၀ကို တည်ဆောက်ကြပေလိမ့်ဦးမည်။
ဟိုး အနောက်စွန်းစွန်းက နေ၀န်းကြီးတောင် ဒေါန တောင်စွယ်အောက်မှာ မှေးလို့ ..။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မဟုတ်တဲ့အရပ်မှာ ဒေါနတောင်စွယ် နေ၀င်ချိန်ဟာ လွမ်းစရာ အကောင်းသား။
ဒီဒေါန တောင်စွယ် တောင်းတန်းကြီးရဲ့ တဖက်က ငါတို့ တိုင်းပြည်မှာရော ...ခုချိန်ဆို မိသား စုတွေ ပြန်ဆုံတွေ့နေကြပြီလား ...။ ကွဲကွာနေသူတွေ ပြန်ဆုံတွေ့နေကြပြီလား ...။ ဒေါနတောင် နေ၀င်ပုံကတော့ အိဇ္ဇိုင်း ဘားမားများအတွက်တော့ လွမ်းစရာ အကောင်းသား။
မှတ်ချက်။ ။ ဓာတ်ပုံများတွင် မည့်သည့်အမှတ်သင်္ကေတမှ ထည့်သွင်းထားခြင်းမရှိသော်လည်း စာရေးသူ၏ မူပိုင်ဖြစ်သည်နှင့်အတူ မိုးမခ၏ မူပိုင်ခွင့်ဓာတ်ပုံများ ဖြစ်သည်။









