လက်ထပ်တာနဲ့ ဘာသာရေး (ပေးစာ)
မောင်လူရေး၊ မတ် ၁၇၊ ၂၀၁၄
လက်ထပ်ထိမ်းမြားမှုအပေါ်မှာ ဘာသာရေးပုဂ္ဂိုလ်တွေက ဘာ့လို့များ ပါဝင်ပတ်သက်ချင်ရတာပါလိမ့်။
စဉ်းစားကြည့်တာာပါ။
လက်ထပ်ထိမ်းမြားခြင်းဟာ လူ့သားတာဝန်ချဲ့ထွင်မှုပါ။
ကိုယ့်မျိုးကိုယ်နွယ် မပျောက်ကွယ်ရေးမျှအတွက် မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာသာရေးပုဂ္ဂိုလ်တွေဟာ ဘာသာတည်တံ့ရေးအတွက်လို့များ သုံးသပ်ခဲ့ကြသလား။ သို့မဟုတ် လူသားဟာ ဘာသာရေးတာဝန်ကို ဆက်လက်ထမ်းပိုးသယ်ဆောင်ရမယ်၊ အဲဒါသည်ပင် ယင်းလူသားရဲ့တာဝန်ချဲ့ထွင်မှုထဲက အဓိကကျတဲ့အချက်တခုလို့များ သတ်မှတ်လိုက်ကြသလား။ လက်ထပ်ထိမ်းမြားမှုအပေါ်မှာ ဘာသာရေးပုဂ္ဂိုလ်တွေဟာ ပထမ ပတ်သက်လာခဲ့ကြတယ်။ နောက် စွပ်ဖက်လာခဲ့ကြတယ်။ အဲဒီနောက် လုယက်လာခဲ့ကြတယ်။ လူတွေကို ဘာသာရေးလုပ်သားအဖြစ် မြင်လိုက်တယ်နဲ့တူပါတယ်။
ဘာ့ကြောင့် ဘာသာရေးပုဂ္ဂိုလ်တွေဟာ ဒီလိုမျိုးပြုမှုလာကြတာလဲ။ စဉ်းစားကြည့်တာပါ။
ဘာသာရေးဟာ အကောင်းအဆိုးကို ပြညွန်တာဖြစ်တဲ့အတွက် လူတွေရဲ့ကောင်းကျိုးဆိုးကျိုးဟာ သူတို့ညွန်ပြမှုအောက်မှာဘဲ ရှိတယ်လို့များ ယူဆလာကြသလား။ ဒါမှမဟုတ် လူသားတွေရဲ့ အကောင်းအဆိုးကို ကွပ်ကဲသူလို့များ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်ကြသလား။
အဲဒီလိုတွေးလိုက်ပြီး လူသားတွေရဲ့ ဘဝနေမှုကို လိုက်လံညွန်ကြားရုံမကတော့ဘဲ လူသားဖြစ်စဉ်တခုလုံးကြီးကိုပါ သိမ်းပိုက်စီမံရမယ့်တာဝန်ရှိတယ်လို့ထိ သတ်မှတ်လိုက်ကြသလား။
ဆွေးနွေးပေးကြစေချင်တာပါ။ ဘာသာတိုင်းအတွက် ဘာသာဝင်အသီးသီးတိုင်းကပေါ့လေ။
မောင်လူရေး