ကျော်ဟုန်း - နွေဦး ပြယုဂ် သင်ခန်းစာ

နွေဦး ပြယုဂ် သင်ခန်းစာ
ကျော်ဟုန်း
ဧပြီ ၁၁၊ ၂၀၁၄



နွေဦးဟာ
သုံးရာသီ ဖြစ်ဖြစ်
လေးရာသီ ဖြစ်ဖြစ်
ဦးဆောင်ရာသီ။

နွေဦးဟာ
ပြကွက်စုံစုံ
ကြည့်တတ် မြင်တတ်မှ
အကျိုးရှိတဲ့ ရာသီ။

နွေဦးမှာ
ရွက်ခြောက်ကြွေ
ရွက်သစ်ဝေ။

နွေဦးမှာ
ပွင့်ဖူး၊ လွင့်လူး
တင့်ထူး၊ ရှဥ့်မြူး။

နွေဦးမှာ
နှင်းပျောက်၊ မြူပျောက်
မိုးခေါက်၊ မိုးလျှောက်။

နွေဦးကို
ပူလို့ ခြောက်လို့ 
ငြီးငွေ့ သူ ရှိ။

နွေဦးကို
လွင်လို့ တောက်လို့ 
ချစ်တဲ့သူ ရှိ။

နွေဦးရဲ့
ထူးခြားမှု၊
မတူ ကွဲပြားခြင်း
ပေါင်းစပ်အလှနဲ့ 
ဦးဆောင် အသွင်ထူး။

နွေဦးဟာ
သဘာဝကြီးရဲ့ ပြယုဂ်
ကမ္ဘာကြီးရဲ့ အလှသရုပ်
သစ္စာအလှ စစ်စစ်ကြီး။

နွေဦးလို
မပြယ်ခြင်းအလှ
လူနဲ့ လူ့ ဝန်းကျင်
သတ္တကမ္ဘာနဲ့ 
သတ္တ၀န်းကျင်
မတူကွဲပြားမှု ချစ်ခြင်း
သွေးနှောတတ်ရင်ဖြင့်
လောကီနိဗ္ဗာန်ရောက်ခြင်း။    ။