သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ မြန်မာမိသားစုများ ဆရာကြီးဦးဝင်းတင်အတွက် ရက်လည်ဆွမ်းအလှူဖြင့် ဂါရ၀ပြုကြ


သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ မြန်မာမိသားစုများ ဆရာကြီးဦးဝင်းတင်အတွက် ရက်လည်ဆွမ်းအလှူဖြင့် ဂါရ၀ပြုကြ
မိုးမခဓာတ်ပုံသတင်း၊ ဆစ်ဒနီ၊ ဧပြီ ၂၉၊ ၂၀၁၄


၂၀၁၄ခုနှစ်၊ ဧပြီ (၂၇)ရက်၊ တနင်္ဂနွေနေ့တွင် ဆစ်ဒနီမြို့၊ စိန့်မေရီအရပ်ရှိ အသောက ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွင် ဆရာတော် ဒေါက်တာ အရှင်ဓမ္မာစာရ ကို အမှူးထားပြီး ဆစ်ဒနီမြို့ရှိ မြန်မာမိသားစုများ စုဝေးကာ ကွယ်လွန်သူ NLD ပါတီ နာယကကြီးနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အား ရည်စူးသော ရက်လည် ဆွမ်းအလှူဖြင့်  ဂါရ၀ပြုအစီအစဉ်ကို ကျင်းပခဲ့ကြသည်။

အဆိုပါ ရက်လည်ဆွမ်းအလှူသို့ ဆရာကြီးဦးဝင်းတင်နှင့် နိုင်ငံရေးလက်တွဲဆောင်ရွက်ခဲ့ဘူးကြသော ၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်နှင့် ဒေါ်စန်းစန်း (ဆိပ်ကမ်း)၊ ဆရာကြီးနှင့် အင်းစိန် အကျဉ်းထောင်အတွင်း အဆောင်အတူတူနေခဲ့ကြဘူးသူ နိုင်ငံရေးအကျဉ်းသမားဟောင်းအချို့အပါအ၀င် ပရိသတ် ၁၇၀ ခန့်လာရောက် ဂါရ၀ပြု၊ ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ကြပြီး ဆရာကြီးအတွက် ရေစက်ချအမျှဝေကာ ကောင်းရာဘုံဘ၀ ရောက်ပါစေကြောင်း ဆုတောင်းခဲ့ကြသည်။

ရက်လည်ဆွမ်းအလှူသို့ လာရောက်ခဲ့ကြသည့် ဆစ်ဒနီမြန်မာမိသားစုများက ဆရာကြီးတည်ထောင်ခဲ့သည့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းသို့ အလှူငွေများလည်း ပေးအပ်လှူဒါန်းခဲ့ကြရာ သြစတြေးလျဒေါ်လာ ၃၅၀၀ ကျော် လက်ခံရရှိခဲ့ပြီး ဆက်လက်၍ ၀ိုင်းဝန်းလှူဒါန်းနေဆဲဖြစ်သည်။ အခမ်းအနားနှင့် ဆွမ်းအလှူအားလုံးမှာ စီစဉ်သူများ၏ သီးခြားစိုက်ထုတ်ခြင်းဖြစ်ပြီး  ဧည့်ပရိသတ်၏ အလှူအားလုံးမှာ ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ တိုက်ရိုက် ရောက်ရှိမည် ဖြစ်ပါသည်။