မိုးစက်ဝိုင်ကို ဘန်ကောက်အဲယားဝေးက သံတမန်ခန့်အပ်
ရန်နောင်(ဗိုလ်တထောင်)၊ ဧပြီ ၃၀၊ ၂၀၁၄
ဘန်ကောက်လေကြောင်းလိုင်းသည် ထူးခြားဆန်းပြားသောနေရာများသို့ ခရီးသွား ဝါသနာပါသည်ဆိုသော မိုးစက်ဝိုင် ( Miss Universe Myanmar 2013 ) ကို ဘန်ကောက်လေကြောင်းလိုင်း၏ ပထမဆုံး မြန်မာပြည် Brand Ambassador အဖြစ် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အခမ်းအနားဖြင့် ခန့်အပ်လိုက်သည်။
အခမ်းအနားမှူး အစီအစဉ်တင်ဆက်သူအဖြစ် ဆန်းထွဋ်မှဆောင်ရွက်ခဲ့သည်။ ဘန်ကောက်လေကြောင်းလိုင်း၏ ဒုတိယဥက္ကဌ မစ္စနာတီကာ က ဘန်ကောက်လေကြောင်းလိုင်း မြန်မာပြည်တိုးချဲ့ပျံသန်းမှုအစီအစဉ်နှင့် မိုးစက်ဝိုင်အား လေကြောင်းလိုင်းသံတမန် ခန့်အပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
မိုးစက်ဝိုင်ကိုယ်တိုင်က ဘန်ကောက်လေကြောင်းလိုင်း၏ ကြော်ငြာသီချင်းသီဆိုရင်း စင်မြင့်ပေါ်တက်လာခဲ့သည်ကို တွေ့ရသည်။ လေကြောင်းလိုင်းကြော်ငြာကို ဘန်ကောက်တွင် သွားရောက်ရိုက်ကူးခဲ့သော မိုးစက်ဝိုင်က “ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုရဲ့ သံတမန်အဖြစ်ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန်ကို ဝမ်းမြောက်မိပါတယ်၊ အရမ်းလည်းဂုဏ်ယူပါတယ် ။ သူတို့ရဲ့ ကမ်းလှမ်းမှုကို မိုးစက်အနေနဲ့ ခက်ခက်ခဲခဲတော့ မစဉ်းစားခဲ့ရပါဘူး ၊ဘာဖြစ်လို့လည်းဆိုတော့ မိုးစက်ကလည်းခရီးသွားရတာကို ကြိုက်တဲ့အပြင် ဘန်ကောက်လေကြောင်းလိုင်းက မြန်မာပြည်သူပြည်သားတွေအပေါ် အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ လေကြောင်းလိုင်းတခုဖြစ်နေတာလည်းပါပါတယ် ။ အဲဒါကြောင့် လေကြောင်းလိုင်းရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တာပါ”ဟု ပြောကြားခဲ့ပါသည် ။
ဒုတိယ ဥက္ကဌ မစ္စနာတီကာကလည်း ... “ မိုးစက်ဝိုင်ကို မြန်မာပြည်မှာ စတိုင်ကျလှပပြီး ဥာဏ်ရည် ဥာဏ်သွေးထက်မြက်တဲ့ Miss Universe Myanmar တစ်ယောက် ဖြစ်တဲ့အတွက် ရွေးချယ်ရခြင်းဖြစ်ပြီး၊ မြန်မာပြည်ကိုလည်း ကျွန်မကိုယ်တိုင် ချစ်တယ် ၊ ထူးခြားဆန်းပြားလှပတဲ့ နေရာတွေအများအပြားရှိတဲ့အတွက် မြန်မာပြည်ကို ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်" ဟု ရှင်းပြခဲ့ပါသည် ။