ကျော်ဟုန်း - လက်ဝဲရစ် သင်္ကေတအတွက် အခြေခံ ဖတ်စာ

လက်ဝဲရစ် သင်္ကေတအတွက် အခြေခံ ဖတ်စာ
ကျော်ဟုန်း
ဧပြီ ၅၊ ၂၀၁၄


မှတ်ထား ..
အမြဲတမ်း မှန်ကန်တဲ့ အရာဟာ
(ဘယ်အရာမှ အဆုံးမရှိဘူး)

ဒါဟာ ..
ပြောင်းလဲခြင်းရဲ့ အာနိသင်ဖြစ်တယ်၊
အိပ်မက်များရဲ့ အကောင်အထည်ဖော်မှုဖြစ်တယ်၊
သင်္ခါရရဲ့ ပြယုဂ် အမြုတေဖြစ်တယ်။

ငါတကော အတ္တတွေရဲ့
လက်ဝဲရစ် သင်္ကေတဟာ
အခိုက်တံ့နဲ့ တင်္ဒဂ။

မှတ်ထား ..
အမြဲတမ်း မှန်ကန်တဲ့ အရာဟာ
(ဘယ်အရာမှ အဆုံးမရှိဘူး)

အသက်ကို သေအောင် သတ်လို့ ရတယ်၊
ပြောင်းလဲခြင်းကို သေအောင် သတ်လို့မရဘူး။

လက်ယာရစ်များနဲ့ ရှေ့ ဆက်မြဲ သဘာဝ      
ဘယ် တန်ခိုးရှင်မှ မတားနိုင်
မင်းတို့က ဘာမို့လဲ။

မှတ်ထား ..
အမြဲတမ်း မှန်ကန်တဲ့ အရာဟာ
(ဘယ်အရာမှ အဆုံးမရှိဘူး)

ပြောင်းလဲခြင်းသာ မပြောင်းမလဲတည်
အစတွေ အထပ်ထပ်နဲ့ 
စကြမြဲ အယူအဆ
ထပ်တူမနှောနိုင်ရင်တောင်
ဆတူ မရောနိုင်ရင်တောင်
ကျိုးကြောင်းဆင်ခြင် ၀ိရောဓိမဖြစ်သင့်
ဝိဥာဉ်ဖြောင့်ဖြောင့် ကူးနိုင်ဖို့ 
လူမှန်ရင် လူပီသကြ။   ။