လက်ထိပ်ထဲက လက်နှစ်ဖက်
အောင်ကိုကိုလတ် (တမူး)
မေ ၁၀၊ ၂၀၁၄
အောင်ကိုကိုလတ် (တမူး)
မေ ၁၀၊ ၂၀၁၄
လက်တစ်ဖက်က ပစ်မချရလို့ပြောတော့
လက်တစ်ဖက်က ကွဲတတ်သည် လို့ပြန်ဖြေတယ်
လက်တစ်ဖက်က မီးဘေးရှောင်လို့ပြောတော့
လက်တစ်ဖက်က မလောင်ခင်တား လို့ပြန်ဖြေတယ်
လက်တစ်ဖက်က စိတ်ရှည်သည်းခံလို့ပြောတော့
လက်တစ်ဖက်က လမ်းကြောင်းမှန် လို့ပြန်ဖြေတယ်
လက်တစ်ဖက်က ဗလာမပါကံစမ်းမဲလို့ပြောတော့
လက်တစ်ဖက်က ကျေးဇူးတင်ပါသည် လို့ပြန်ဖြေတယ်
လက်တစ်ဖက်က နိုင်ငံရေးလို့ပြောတော့
လက်တစ်ဖက်က အကျဉ်းထောင် လို့ပြန်ဖြေတယ်
လက်တစ်ဖက်က စီးပွားရေးလို့ပြောတော့
လက်တစ်ဖက်က ခရိုနီလို့ပြန်ဖြေတယ်
လက်တစ်ဖက်က ငြိမ်းချမ်းရေး လို့ပြောတော့
လက်တစ်ဖက်က ဒုက္ခသည်စခန်း လို့ပြန်ဖြေတယ်
လက်တစ်ဖက်က ဒီမိုကရေစီလို့ပြောတော့
လက်တစ်ဖက်က တိုက်ပုံအင်္ကျီ လို့ပြန်ဖြေတယ်
လက်တစ်ဖက်က ၂၀၁၅ လို့ပြောတော့
လက်တစ်ဖက်က လက်ကလေးကိုလှုပ်ယမ်းပြလိုက်တယ်
`မင်းရောငါရော ဘ၀တူတွေပါကွာ´ တဲ့...။