ပုဒ်မ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်များ (မေ ၂၇ မှ ဇူလိုင် ၁၉ အထိ) ကောက်ခံမည်
ဆူးအယ်လ်လင်း၊ မေ ၃၀၊ ၂၀၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးတောင်းဆိုမှုကို မေလ၂၇ရက်က စ၍တစ်တိုင်းပြည်လုံးရှိပြည်သူ လူထုများထံမှ ကောက်ခံမည်ဖြစ်ကြောင်း၊ ၎င်းတို့ပူးတွဲကျင်းပသည့် ဟောပြောပွဲများတွင် ထည့်သွင်းပြောကြားခြဲ့ကပြီး စတင်နေပီဖြစ်ကြောင်းသိရသည်။
ပုဒ်မ၄၃၆ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်များကို ရပ်ကျေးအလိုက် မြို့နယ်အလိုက် ကောက်ခံနေခြင်းဖြစ်ပြီး အသက်၁၈နှစ်ကျော်ပြီးသူတိုင်း ဆန္ဒပြုလက်မှတ်ရေးထိုးနိုင်သည်။ စိတ်ပါဝင်စားသူပြည်သူများက တက်ကြွစွာ ပါဝင်ရေးထိုးပေးကြသလို ငြင်းပယ်ခံရသည်များလည်းရှိသည် ဟုလက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူတစ်ဦး ကဆိုသည်။
“တချို့ကလည်း ကြောက်တယ်။ “စုက တို့ စုကွ” လို့ပြောသူလည်းရှိတယ်။ “ကျနော်တို့က ၀န်ထမ်းမို့လို့ပါ” ဆိုတာမျိုး လည်းရှိတယ်။ အိမ်တစ်ရာမှာ ၇၀ လောက်က လက်ခံတယ်။” ဟု NLD၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။
ရပ်ကျေး (ရပ်ကွက်/ ကျေးရွာ) အလိုက် ကောက်ခံနေတာဖြစ်ပြီး အဆင်ပြေစွာလက်မှတ်ရေးထိုးနိုင်ရန် ရပ်ကွက်တစ်ခုတွင် အနည်းဆုံး လက်မှတ်ရေးထိုးဖို့နေရာ သုံးနေရာကနေ ငါးနေရာထိပြုလုပ်ပေးထားကြောင်း စစ်ကိုင်းတိုင်းမုံရွာခရိုင် သတင်းနှင့်ပြန်ကြားရေးမှူးတာဝန်ခံ ကိုအောင်ရဲကျော်ကဆိုသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲကို မေလ၂၇ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ဇူလိုင်လ၁၉ရက်နေ့ အထိ ကောက်ခံသွား မည်ဖြစ်သည်။
