ပုဒ်မ ၄၃၆ ကို ဒီလိုပြင်ချင်တယ်ဟု NLD က အသေးစိတ် ထုတ်ပြန်

ပုဒ်မ ၄၃၆ ကို ဒီလိုပြင်ချင်တယ်ဟု NLD က အသေးစိတ် ထုတ်ပြန်
မိုးမခအထောက်တော် ၀၀၂၊ မေ ၂၉၊ ၂၀၁၄



NLD၏ အပတ်စဉ် ဂျာနယ်ဖြစ်သော ဒီလှိုင်း၏ ဖေ့စ်ဘွတ်တွင် ထုတ်ပြန်ထားချက်အရ အောက်ပါအတိုင်း ၄၃၆ ကို ပြင်ဆင်လိုသည်ဟု ဆိုသည်။
အဖွဲ့ချုပ်မှ ပြင်ဆင်ရန်တင်ပြထားသောအချက်ပေါင်း(၁၆၈)ချက်၏ အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်တွင်ပေးထားသည့် လခ့်များမှတဆင့် ရယူနိုင်ပါပြီ ဟု ကြေငြာထားသည်။
http://goo.gl/wlPDMl
http://goo.gl/zzkKFk
http://goo.gl/MD4rSk



==================
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှပြင်ဆင်သင့်သည့်အချက်ပေါင်း(၁၆၈)ချက်အား မည်သို့ပြင်ဆင်လိုသည်။ မည်သည့်အတွက်ကြောင့်ပြင်ဆင်သင့်သည့်စသည့်မှတ်ချက်များ အပြည့်အစုံဖြင့်အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီထံ
ပေးပို့ခဲ့ပြီးဖြစ်ပါသည်။

ထို (၁၆၈)ချက် အနက်မှ အမြန်ဆုံးအရေးတကြီးပြင်ဆင်သင့်ပြီး ကျန်ပြင်ဆင်ရန်ကိစ္စများအတွက်ပါ အချုပ်သဘောသက်ရောက်နေသော အခန်း(၁၂) ပုဒ်မ(၄၃၆)ကို အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် ယခုအခါ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်ပူးပေါင်းကာ လူထုဟောပြောပွဲများကျင်းပခြင်း၊ လူထုလက်မှတ်ရေးဆန္ဒဖေါ်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုများ အကြောင်း စိတ်ပါဝင်စားစွာဖြင့် အသေးစိတ်သိရှိလိုသူများအတွက် အဖွဲ့ချုပ်နှင့်၈၈ မျိုးဆက်တို့ ဆောင်ရွက်နေသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အခန်း(၁၂) ပုဒ်မ(၄၃၆)
==============
(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုံးကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ(က)တွင် ဖေါ်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုံးကျော်
ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

အဖွဲ့ချုပ်က ပုဒ်မ ၄၃၆ ကို ဒီလိုပြင်ချင်တယ်။
========================
(က)ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်။
(ခ) ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရန်။

အဖွဲ့ချုပ်မှ ပြင်ဆင်ရန်တင်ပြထားသောအချက်ပေါင်း(၁၆၈)ချက်ကို အသေးစိတ်သိရှိလိုသူများအနေဖြင့် မိမိအမည်နှင့်အီးမေးလိပ်စာ ဖေါ်ပြ၍ တောင်းခံနိုင်ပါသည်။