ကျော်ဟုန်း - ကျုပ်တို့အမျိုးအတွက် ကျုပ်မှာ ငိုရပြီ

ကျုပ်တို့အမျိုးအတွက် ကျုပ်မှာ ငိုရပြီ
ကျော်ဟုန်း
ဇွန် ၃၀၊ ၂၀၁၄ 

ကိုယ့်နိုင်ငံထဲမှာ အလုပ်လုပ်ရင် တနေ့ လုပ်ခ တနပ်စာ တယောက်အတွက်ပဲလောက်ငှရတဲ့အဖြစ်မို့ လူငယ်၊ လူရွယ်တွေဟာ နိုင်ငံရပ်ခြားကို ထွက်အလုပ်လုပ်ကြတာ များလာခဲ့ရပါတယ်။   မြန်မာနိုင်ငံသားတွေရဲ့ ဘ၀က ပြောမကုန်အောင် ခက်ခဲလွန်းလှတာတွေ လူမှုမျက်နှာကွန်ရက် မှာ နေ့တိုင်းလိုလိုတွေ့ နေရမြဲပါ။  ခု - တွေ့ မြင်လိုက်ရတဲ့ သတင်းဓာတ်ပုံကြောင့်  စိတ်ထဲဖော်မပြနိုင်အောင် ၀မ်းနည်းရ၊ ကြေကွဲရ၊ ခံပြင်း မိရပါတယ်။

စင်္ကာပူက Bukit Timah Shopping Centre မှာ မြန်မာအိမ်ဖော်အကူတွေကို ကြေးတပ်ပြီး ကြော်ငြာရောင်းပွဲ၊ သရုပ်ပြပွဲတွေကို ပြုလုပ်သတင်း။ ဒီသတင်းကြောင့် “ သခင်မျိုးဟေ့ ..ဒို့ ဗမာ” အော်ခဲ့တဲ့ အတိတ်ကိုပဲ ပြန်တမ်းတ ငိုကြွေးရမလား၊ လူသားရင်းမြစ်တွေကို တရားရင်ဝင်ရောင်းစားနေတဲ့ စစ်အုပ်စုအရေခွံလဲ ကြံ့ဖွတ်အစိုးရကို အော်ဆဲရမလား ကျုပ် မဝေခွဲတတ်တော့ပါ။

စစ်အုပ်စုက ပြည်တွင်းမှာ ပြည်သူတွေအလုပ်မပေးနိုင်တော့ လမ်းစထွင်ခဲ့၊ထွက်ပေါက်ထွင်ခဲ့တာက အမျိုးသမီးအိမ်ဖော်လုပ်ငန်းတဲ့။သိပ်မကြာသေးခင်က ဟောင်ကောင်ကို အိမ်ဖော်တွေ စေလွှတ်တဲ့အထဲမှာ ဘွဲ့ ရ၊ ဘွဲ့ လွန်တွေတောင်ပါတယ်လို့   သတင်းကြားရမိတော့  အတော်ကို အံ့သြခဲ့ရပါတယ်။  ဘွဲ့ ရတဲ့ လူငယ်အမျိုးသမီးတွေတောင် အိမ်ဖော်လုပ်ဖို့ စိတ်ဝင်စားရတဲ့အထိ မြန်မာပြည်ဟာအလုပ်ရှားပါးနေပြီလားပေါ့။ နောက်ပြီး အစိုးရလုပ်နေတဲ့သူတွေကိုလဲ အံ့သြမိတာ။ ဟောင်ကောင်မှာ အိမ်ဖော်လုပ်နေကျ ဖိလစ်ပင်းအမျိုးသမီး တွေတောင် ဟောင်ကောင်တရုတ်တွေ မတရားခိုင်းစေတာ၊ မတရားပြုကျင့်တာ ပြဿနာများလွန်းအားကြီးလို့ ဖိလစ်ပင်းအစိုးရက သူ့လူ မျိုးကို အိမ်ဖော်မလွှတ်တော့တဲ့အချိန်မျိုးမှာ မြန်မာစစ်အုပ်စုအစိုးရက အိမ်ဖော်တင်ပို့ လို့ အံ့သြမိတာပါပဲ။

ခုလဲ စကာင်္ပူကို မြန်မာအေးဂျင့်နဲ့စကာင်္ပူအေးဂျင့်တွေပေါင်းပြီး အိမ်ဖော်လုပ်ငန်းတွင်ကျယ်နေကြောင်း သတင်းတပုဒ်မှာ ဖတ်လိုက် ရပါတယ်။ မြန်မာစစ်အုပ်စုအစိုးရက ၂၀၁၃ ထဲက ပြည်ပအိမ်ဖော်လုပ်ငန်းကို တရားဝင် လမ်းဖွင့်ပေးခဲ့တာလို့ သိရပါတယ်။ ၂၀၁၃ကနေ ၂၀၁၄ ခုချိန်အထိ မြန်မာအိမ်ဖော်လုပ်သား သုံးကောင်းကျော်၊ လေးသောင်းနီးပါး စင်္ကာပူနိုင်ငံမှာ ရှိနေပါတယ်တဲ့။ လူစည်ကားရာ ကုန်တိုက်တွေမှာ အိမ်အကူပွဲစားတွေက ကြော်ငြာကပ်ပြီး အိမ်ဖော်ရောင်းဝယ်ရေးလုပ်နေတာဟာ မနှစ်ကတည်းကလို့ သိရပါတယ်။ အဲဒီ လို လူလယ်ခေါင်မှာ အိမ်ဖော်ရောင်းစားပွဲလုပ်ခံရတဲ့အထဲမှာ မြန်မာအမျိုးသမီးတွေက ၄၀ ရာခိုင်နှုန်းပါသတဲ့။

ကျုပ်အမြင်အရတော့ မြန်မာပဲဖြစ်ဖြစ် ဘယ်နိုင်ငံသားအမျိုးသမီးတွေကိုပဲဖြစ်ဖြစ် ဒီလို လူလယ်ခေါင်မှာ ကုန်ပစ္စည်းရောင်းသလို V9 မှာ ဈေးနှုံးကပ်ပြီး ရောင်းဝယ်ဖောက်ကားနေတာဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ချိုးဖောက်ရာကျတယ်လို့ ပဲ မြင်မိပါတယ်။ ဒီနေရာမှာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့ အစည်းတွေက သက်ဆိုင်ပတ်သက်ရာ လူမျိုးတွေကို တညီတညွတ်ထဲကန့် ကွက်သင့်တယ် လို့  တောင်းဆိုချင်တယ်။ မသကာ သူတို့ လုပ်ချင်ရင် ရုံးခန်းဖွင့် ၊ ကြေညာပေါ့။  အိမ်ဖော်အလိုရှိသူတွေက ဆက်သွယ်လာရင် အလုပ် လုပ်မယ့် သူနဲ့ လူတွေ့ဆုံ ညှိနှိုင်းပေးပေါ့။ ခုဟာက စူပါမတ်ကက်တွေမှာ ကြော်ငြာတဲ့အပြင် လူတွေကိုလဲ ပါဖောင့်မင့်လုပ်ခိုင်း၊ ဈေးစကားပြော ရောင်းနေတာဟာ အတော်လွန်ပြီလို့ ထင်ပါတယ်။

မြန်မာစစ်အုပ်စုအစိုးရဟာ တခြားနိုင်ငံတွေ အစိုးရမျိုးနဲ့မတူပါဘူး။ မြန်မာသံရုံးဆိုတာကလဲ   စစ်အုပ်စုထဲက လူတွေပဲ ခန့် ထားတာမို့  အရေးကြုံလာရင် ပြည်ပရောက်မြန်မာတွေအဖို့  မြန်မာသံရုံးကို အားကိုးမရတာ ပတ်စပို့ သမားတွေ အားလုံးသိကြပါလိမ့်မယ်။ အခွန်ရဖို့ အတွက်ပဲသိပြီး ပတ်စပို့ သက်တမ်းလာတိုးချိန်မှာတောင် သံရုံးမှာ သံဝန်ထမ်းတွေရဲ့ အဟောက်ခံ၊ အခိုင်းခံရတာမျိုးကြုံရဖူးသူတွေရှိပါတယ်။ ကိုယ့်နိုင်ငံသားတယောက် နိုင်ငံခြားမှာ အခက်အခဲကြုံလာရင် ကွင်းဆင်းလိုက်ဖြေရှင်းပေးတာမျိုးကမကြားဖူးသလောက်ပါပဲ။

လူသားရင်းမြစ်တန်ဖိုးလဲမသိ၊ မျိုးဂုဏ်ထိန်းရမှန်းလဲမသိတဲ့ ဒီအစိုးရကြောင့် ဒီလိုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ရတာလို့ ပဲ ကျုပ်ပြတ်ပြတ်သားသားပြောချင်မိတယ်။ သူတို့ ကတော့ ပြောမှာပေါ့။ ဘယ်သူက အတင်းအကျပ် အိမ်ဖော်လုပ်ခိုင်းလို့ လဲပေါ့။  ဒါပေမဲ့စဉ်းစားရမှာ မြန်မာအမျိုးသမီးတွေဟာ ဖိလစ်ပင်း၊ အင်ဒိုအမျိုးသမီးတွေလောက် နိုင်ငံခြားအတွေ့ အကြုံ မရှိသေးပါဘူး။ ဖိလစ်ပင်း၊အင်ဒိုအမျိုးသမီးတွေလောက်လဲ ရဲတင်းပွင့်လင်းတဲ့စရိုက်မျိုး မရှိရဲရှာပါဘူး။ မပြောမဖြစ်လို့ ပြောရတာပါ။ ဖိလစ်ပင်းတွေ၊ အင်ဒိုတွေကို စော်ကားတာမဟုတ် ပါဘူး။ ဖိလစ်ပင်းတွေ၊အင်ဒိုတွေက လိင်ကိစ္စဆိုတာ ထမင်းစားရေသောက်ပါ။ မြန်မာအမျိုးသမီးတွေက ဒီလိင်ကိစ္စကို အရေးထားတဲ့သူတွေပါ။ အိမ်ဖော်ခိုင်းဖူးတဲ့ မလေး၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဆော်ဒီနိုင်ငံသားတွေက  အများအားဖြင့်အိမ်ဖော်ကို စော်ကားမော်ကားလုပ်တာ လက်ယဉ်နေကြတဲ့သူတွေ။ လိင်ကိစ္စမပါတဲ့ သန့် ရှင်းတဲ့အိမ်ရှင်နဲ့ကြုံရင်တောင် ညဥ့် ၁၂နာရီ ၁ ချက်တီးအထိ အိမ်အလုပ်က မပြတ်ခိုင်းစေတတ်ကြတာ များပါတယ်။  မနက်လဲ စောစောထ၊ ညအိပ်ချိန်နောက်ကျ။  ဒီလို ကျင်လည်နေရတာပါ။ အိမ်မှုလုပ်ငန်းအပြင် ကလေး ထိန်းရပါသေးတယ်။ တချို့ လာဘ်မြင်တဲ့အိမ်ရှင်တွေဆို သူတို့ မှာ ဈေးဆိုင်ရှိရင်လဲ ဆိုင်အလုပ်ပါ ခိုင်းစေတတ်ကြသေးတာပါ။ ဒီလို အောက်ခြေသိမ်းအချက်အလက်တွေမသိဘဲ မြန်မာအမျိုးသမီးလေးတွေကို ဘာအာမခံချက်၊ ဘာကာကွယ်မှု ဥပဒေမှမပေးနိုင်ဘဲ စစ်အစိုးရက အိမ်ဖော်လုပ်ငန်းခွင့်ပြုပေးခြင်းဟာ မှားတယ်လို့ ပြောချင်တယ်။

မြန်မာအေးဂျင့်တွေလဲ ငွေရဖို့ တခုပဲ ဇောင်းပေးတတ်တာများပါတယ်။ တချို့ က အိမ်ဖော်လုပ်ဖို့ တောင် ငွေကြေးမတတ်နိုင်ကြလို့ အေးဂျင့်တွေကို ၀န်ဆောင်ပေးခအဖြစ် ရှစ်လစာလောက် အရင်ဖြတ်တောက်မှုခံရတယ်လို့ လဲ ကြားရပါတယ်။ ဒီတော့ ဒီရှစ်လအတွင်း အိမ်ဖော်လုပ်သူမှာ အိမ်ရှင်နဲ့အဆင်မပြေရင်လဲ သီးခံ၊ အိမ်ရှင်က မတရားလုပ်ရင်လဲခံပေါ့။ ဒါ့ပြင် တနေ့  ၁၂  နာရီ၊ ၁၆နာရီအထိ အလုပ်ချိန်များတာတွေကြုံရရင်လဲ ဘယ်အေးဂျင့်မှ အကူအညီမပေးသလို အစိုးရကိုယ်တိုင်ကလဲ မကူညီပါဘူး။

ခုကိစ္စက အိမ်ဖော်တွေကို လူလယ်ခေါင် ဈေးရောင်းသလို လုပ်ခံရတာကို တားမြစ် အရေးယူပေးဖို့ မြန်မာစစ်အုပ်စုအစိုးရကို တိုက်တွန်းချင်တာပါ။ အစိုးရပိုင်းဆိုင်ရာကလူတွေက အလုပ်ကို မလုပ်ခင်ကတည်းက ကောင်းကျိုးဆိုးပြစ်ကို ကြိုတင်တွက်ဆမှုအားနည်း
လွန်းလှလို့  ခုလို မဖွယ်မရာကိစ္စတွေကြုံရတာပဲလို့ ဆိုချင်ပါတယ်။ အမျိုးသားရေးအရကြည့်ရင် အလွန်ရှက်ဖွယ်လိလိပါပဲ။ စင်္ကာပူက အခုလို မြန်မာအမျိုးသမီးအိမ်ဖော်တွေကို ကုန်တိုက်ကြီးတွေမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ကိစ္စဟာ မြန်မာအစိုးရက သိ မသိမသေခြာ။  အယ်ဂျာဇီးယားသတင်းဌာနကလဲ ဖော်ပြခဲ့ပြီးပြီလို့ သိရပါတယ်။ အဲ့ဒီကတဆင့် နောက်ဘယ်နိုင်ငံက သတင်းဌာနတွေ ဆီ ပျံ့နှံ့ လေဦးမယ် မသိ။ ကျုပ်လူမျိုးအတွက် ကျုပ်မှာ ရှက်လွန်းလို့  မျက်ရည်ကျမိရတဲ့အထိ နာကျင်ခံစားနေရပါတယ်။

မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးလုပ်ဆောင်နေတဲ့သူတွေကို ဒီကိစ္စ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အစိုးရကို တင်ပြ ဆွေးနွေးစေချင်ပါတယ်။ အစိုးရကိုယ်တိုင်ကလဲ စင်္ကာပူအစိုးရကတဆင့် ကန့် ကွက်ပေးဖို့ ၊ဈေးခေါ်လုပ်ဆောင်နေသူတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့တရားစွဲပေးဖို့  တိုက်တွန်းချင်ပါတယ်။

ဘယ်နှယ့်ဗျာ။ သခင်မျိုးဟေ့ ဒို့ ဗမာ အော်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့ ကျွန်ဘ၀တုန်းကလောက်တောင် မြန်မာတွေ အဆင့်အတန်းမရှိဖြစ်နေကြပြီလား။

လူကို ဈေးခေါ်ပြီးရောင်းခံရတဲ့ ခေတ်သစ်ကျွန်လူမျိုးဖြစ်နေကြပြီလား။

ကျုပ်ဖြင့် ကျုပ်တို့ အမျိုးအတွက် ငိုရပြီ။  ။