ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)- နိုင်ငံကိုချစ်ရင် အမှိုက်ကောက်ပါ


နိုင်ငံကိုချစ်ရင် အမှိုက်ကောက်ပါ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇူလိုင် ၆၊ ၂၀၁၄
  

ကျွန်တော်တို့လူသားတွေ နေထိုင်ကြတဲ့ မိခင်ကမ္ဘာကြီးသည် ပျက်သုဉ်းနေသည်ကို ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား ???

 

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ တနင်္ဂနွေနေ့မှ စတင်၍ ၄၂ ရပ်ကွက်ကြီးအား “အမှိုက်ကင်းစင်ဇုံ စံပြရပ်ကွက်” အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါ သည်။ အပတ်စဉ် တနင်္ဂနွေနေ့ နံနက် (၇းဝဝ) နာရီအချိန်ဆိုရင် အသင်းရုံးချုပ်၌ အသင်းသား/သူများ၊ ပရဟိတလူငယ်မောင်/မယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးအတွက် စိတ်အားထက်သန်ကြသူများ ရောက်ရှိလို့နေကြပါပြီ။ ကမ္ဘာမြေကို ထိန်းသိမ်းဖို့အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် အမှိုက်ကောက်ခြင်း၊ ပေါင်း မြက်များရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်နိုင်ရန် သတ်မှတ်အမှိုက်ပုံးများ စီစဉ်ဆောင်ရွက် သတ်မှတ်နေရာများတွင် ထားရှိပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိပြီး ပြည်သူလူထုအများတို့နှင့်အတူ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် နိုင်ငံဂုဏ်ဆောင် အလှမယ်များဖြစ်သော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ မော်ဒယ် ထွန်းကိုကို တို့အပြင် "သုခအလင်းပညာဒါန"မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ များနှင့် “မြို့မ” လူမှုကူညီရေးအသင်း (မှော်ဘီ)၊ “မိတ်ဆွေကောင်း” နာရေးကူညီမှုအသင်း (တ/ဒဂုံ)၊ “ပုညကာရီ” နာရေးကူညီမှုအသင်း(မင်္ဂလာဒုံ)၊ နာရေးကူညီမှုအသင်း(ဒလ)၊ “မွန်မြတ်သူ” လူမှုကူညီရေး အသင်း (မရမ်းကုန်း)၊ “အာဃုသုခ” နာရေးကူညီမှုအသင်း (ရွှေပြည်သာ)၊ (၃၉) လူငယ်များအဖွဲ့ (မ/ဒဂုံ)၊ “မာဃလုလင်” လူမှုကူညီရေးအသင်း (မ/ဒဂုံ)၊ ထ/၁၆ ရပ်ကွက် ပရဟိတနာရေးကူညီမှုအသင်း (ရွှေပြည် သာ)၊ “ဗြဟ္မဝိဟာရ” အသင်း(အင်းစိန်) တို့ပါ တတ်ကြွစွာဖြင့် လိုက်ပါ၍ စုပေါင်းကုသိုလ်ပြုခဲ့ကြသည်။ ထိုသို့အမှိုက်ကောက် မြက်ရှင်းရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြန်သည်။ မြက်ရိတ်စက်ဖြင့် မြက် များရှင်းလင်းစဉ် အသင်းသားများ ကိုအောင်မျိုးဦး သည် မျက်လုံးအား ကျောက်ခဲစစင်၍ ထိမှန်ပြီး အရေးပေါ် ဆေးကုသခဲ့ရသလို လုံခြုံရေးဝန်ထမ်း ကိုစည်သူလင်း သည်လည်း ညာခြေသလုံး၌ စည်းကမ်း မဲ့စွာ စွန့်ပစ်ထားသော သံချောင်းစထိမှန်၍ ခြေသလုံးတွင်းသို့ စိုက်ဝင်ခဲ့၍ အရေးပေါ် ခွဲစိတ်ကုသမှုအား ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ အခက်အခဲများကြားမှ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအား အများပြည်သူ ကျန်းမာရေးအတွက် ဆက်လက်၍ ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ပေးဆပ်နေကြသည်။
 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး၊ မိမိတို့ မိသားစုနှင့် ပတ်ဝန်းကျင် ကျန်းမာရေးတို့အတွက် အန္တရာယ်ရှိ အမှိုက်များအား စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းမှ ရှောင်ရှား ကြစေလိုပါသည်။ မိမိတို့နိုင်ငံ၊ မိမိတို့မြို့တော်၊ မိမိတို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပခြင်းအတွက် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးကြသော လူမှုရေးအဖွဲ့အစည်းများ၊ မြို့နယ်စည်ပင်သာယာအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း အမှိုက်တွေကို “သူတို့” ရှင်းလိမ့်မယ်လို့ ပြောရမယ့်အချိန် မဟုတ်တော့ပါဘူး။ “သူတို့” ဆိုတာ မရှိပါဘူး။ “ငါတို့” ပဲရှိပါတယ်။ မိမိတို့ရင်ထဲမှ မိမိတို့ နိုင်ငံနှင့်လူမျိုးအား အမှန်တကယ် ချစ်မြတ်နိုးကြောင်း ပြသကြပါစို့ဟု တပ်လှန့် နှိုးဆော်လိုက်ရပါတော့သည်။