ထွန်းဝင်းငြိမ်း - မိုင်တိုင် ၅၂
စက်တင်ဘာ ၁၆၊ ၂၀၁၄ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်)
ပစ်လိုက်တဲ့ ဖဲတချပ်ပါ။
မသေချာမှုတွေသာ
သေချာနေတဲ့ မနက်ဖြန်မှာ
နေထွက်ပေမယ့်
အဖြေမထွက်ဘူး။
ကမ္ဘာကြီးကတော့
ရွာကြီးတရွာဆိုလား။
တမိသားစုလုံး စားဖို့
တမိသားစုလုံး အလုပ်ရှာ
ကမ္ဘာရွာကြီးပေါ့။
အိုင်တီခေတ်ဆိုတော့
အိုင်ဖုန်း၊ အိုင်ပက်
အိုင်တက်ဘလက်တွေ
ပလူပျံနေပေမယ့်
ငါတို့ ကျားကန်နေရတာ
ချွေးတွေ၊ သွေးတွေပါပဲ။
တဦးချင်းဝင်ငွေက
ဇင်ဘာဘွေထက် နိမ့်ပေမယ့်
ကျောတချစာက
ဝါရှင်တန်ထက် ဈေးကြီးတယ်။
ရာသီစက်ဝန်းတိုင်းရဲ့
ဝမ်းတထွာထဲမှာ
ဇနက္ကလက်သစ်တွေလည်း
ခြေပစ်လက်ပစ်ပေါ့။
မေခလာမရှိတဲ့ သမုဒ္ဒရာမှာ
ကျောက်ဖျာလည်း မရှိ
ဖုတ်သွင်းရထားလည်း မရှိ
ဗပန္တုကဗ္ဗလာလည်း မသိတော့
အမိ တ ရ တိုင်း
ခလုတ်ထိပြီးသားလေ။
အိမ်မက်တွေ
အရေထူချင် ထူပါစေတော့
တွေးပြီး မပူချင်တော့ဘူး။
တူ နဲ့ ပေ နဲ့
သင့်မြတ်ရေးမှာ
ပေတွေ မိုင်းဆက် ပြောင်းမှ
နောက်ကြောင်း မပြန်မှာလား။
အဲဒီ ငါးစာတွေ
ပျားနေအောင်
ချထားလိုက်ကြတာ
ခေတ်တခေတ်လုံး
မျှားတံတွေ ဖြစ်လို့။
ထွန်းဝင်းငြိမ်း
(၁၅.၉.၂၀၁၄)