အောင်ထက် - အတွေးတစ

အောင်ထက် - အတွေးတစ
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၄

ဒီနေ့ အမှတ်မထင်ပဲ ... ခရုလေးတွေ လိုက်ရိုက်ရင်းမှ ..ရိုက်ဖြစ်သွားလိုက်တာ။ ရိုက်ရင်း ရိုက်ရင်း လူက close up တွေ အရိုက်များတာကို ပိုသတိထားမိလာတာကြောင့် macro ဘက်ကို ပိုစိတ်ဝင်စားလာသလားလို့တောင် သံသဖြစ်မိတယ်။ တကယ်တော့လည်း မဟုတ်ဘူးထင်တယ်။ ကျနော့်စိတ်ထင် ကျနော်က အရောင်တွေကို မက်တာ ...။ အရောင်တွေကို ခုံမင်တာလို့ပဲ ထင်တယ်။

ဒီပုံကို ကိုယ့်ဘာသာ ပြန်ကြည့်မိတော့ လွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်ဝန်းကျင်က အဖြစ်ကလေးကို သတိရမိတယ်။ ကျနော်တို့ ရုံးမှာ ဗော်လန်တီယာစာလာသင်ပေးတဲ့ အဖြူမလေး တယောက်ပါ။ သူ့နာမည်က ဟော်လီထင်တယ်။ ဆရာမဆိုပေမယ့် ခပ်ငယ်ငယ် ဆယ်ကျော်သက်လေးပေါ့ ..။ ကျနော်တို့ထက်တောင် ငယ်မယ်ထင်တယ်။ ချောတော့ ကာလသားကိုကိုတွေချည်းနေတဲ့ ကျနော်တို့ရုံးမှာ ကြိုက်ချင်ချင်များကလည်း ပေါမှပေါပေါ့။ ဆိုလိုချင်တာ အဲ့ဒါမဟုတ်ပါဘူး။

ကျန်သူများတော့ မသိဘူး ...ကျနော်တော့ သူ့ဆီတခုရလိုက်တယ်ဗျ။ (တမျိုးမမြင်စေချင်ပါ .. ကျန်သူများ သိပါက ၀ိုင်းအထောင်းခံရမှ ကျိမ်းသေတယ်) ..။ ရတယ်ဆိုတာ ဒီလိုပါ ..။ သူ့ဆီက အိုင်ဒီယာပါ ...။ သူဓာတ်ပုံရိုက်တာကို မြင်မိတဲ့ကျနော့်ကို ပြောပြသွားတာ ... လူ့မျက်လုံးနဲ့ မမြင်နိုင်တဲ့အရာတွေဆီမှာ စိတ်ဝင်စားစရာတွေက အပြည့်ပဲတဲ့ ...။ ကျနော့်စိတ်ထဲ သူပြောတဲ့ သူ့အတွေး သူ့မြင်ကွင်းကို စိတ်ထဲစွဲနေခဲ့ပါတယ်။

ဒီကနေ့ ရိုက်ဖြစ်လိုက်တဲ့ ပုံရိပ်ကလေးကို ပြန်ကြည့်မိတော့ သူပြောခဲ့တာအမှန်ပဲလို့ စိတ်ထဲထင်လိုက်မိသလို .. ဒီပုံလေးက ကိုယ့်ကို အတွေးစရယ် ..ဆက်ပွားစရာ ပညာတွေရယ်ကို ရလိုက်မိလို့ ကိုယ့်ကိုယ်လည်း ကျေနပ်မိပါတယ်။
ဒီကနေ့ကြောင့် လူတိုင်း သတိမမူမိတဲ့အရာမှာ အတော်လှတဲ့ လျှို့ဝှက်ချက်တွေရှိတယ်ဆို မြင်လိုက်ရတာပဲ ...။ နောက်တခုက ကျားကုပ်ကျားခဲ ရပ်တည်နေရတဲ့ဘ၀မှာ ကိုယ့်ရပ်တည်ချက် စိတ်သဏ္ဍာန်ကို တစွန်းတစသိလိုက်ရလို့ ပိုကျေနပါတယ်။

ကျနော်က အရောင်တွေကို မက်တာ ..အရောင်တွေကို ခုံမင်တာ ...။ ဒါ့ကြောင့် အရောင်တွေ သဲသဲကွဲကွဲသိချင်တာ .. မလင်းတလင်း အရောင်အကြောင်းကို သိချင်တယ်။ မှုန်ဝါးဝါးအရောင်းတွေ အကြောင်းကိုသိချင်တယ်။ လင်းလက်တောက်ပနေတဲ့ အရောင်အကြောင်းကိုသိချင်တယ် ...။ ဒါကပဲ ကျနော့်ရည်ရွယ်ချက် ဖြစ်ပုံရတယ် ....။