လင်းထိန် - မြို့ရွာအိုးအိမ်တွေ
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄
လမ်းမကြီးတွေရဲ့ဘေးဘယ်ညာ
မျက်နှာစာတန်းရှည်ရဲ့နောက်ဘက်တွေမှာ
များမြောင် ရှုပ်ထွေး
လမ်းမြှောင် လမ်းသွယ်လေးတွေနဲ့
အိုးအိမ်လေးတွေ အစုစု အပုံပုံရှိနေတာ
အပြွတ်လိုက် အခိုင်လိုက်ပါ၊
သူတို့တွေ ဘေးပြန့်ကားတဲ့အခါ
ကွင်းပြင်လယ်ပြင်တွေပေါ်
စိမ့်ကွက်လာတာ၊
ဒေါင်လိုက် ပြန့်တဲ့အခါ
ထိုးထောင် မိုးမတ်လို့
မြင့်တက်တာ၊
အညွန့်တလူလူနဲ့ သူတို့ဟာ
တောင်တွေပေါ်လည်း တက်ကြတာ၊
ကမ်းခြေရိုးတန်းတွေနားလည်း
သွယ်တန်းသွားကြပြီး
မြေပြန့်တွေမှာ
စုဝေးကြလို့ပါ၊
လမ်းမကြီးတွေ လမ်းကလေးတွေက
သူတို့ရဲ့
အကိုင်းအခက်တွေလိုပါ။